3G နှင့် 4G LTE

3G နှင့် 4G LTE စနစ်များ ပါဝင်သော မိုဘိုင်းလ်ဖုန်း ငါးသန်း MPT ထပ်မံတိုးချဲ့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက 3G နှင့် 4G LTE စနစ်များပါဝင်သော မိုဘိုင်းလ် ဖုန်းလိုင်း ငါးသန်းတိုးချဲ့ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းလ် ဆက်သွယ်ရေးဌာနမှ ဦးနိုင်ဝင်းထွန်း က The Voice သို့ ပြောကြားသည်။

မိုဘိုင်းလ် ဆက်သွယ်ရေးဌာနက GSM၊ HSPA + နှင့် LTE Advance စနစ်များပါဝင်သော မိုဘိုင်းလ်ဖုန်းလိုင်း ငါးသန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တပ်ဆင်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားသည်။
“လိုင်းတိုးချဲ့တဲ့ လုပ်ငန်းတွေက ဒီဘဏ္ဍာနှစ်ထဲမှာ စမယ်။ နောက်လာမယ့် ဘဏ္ဍာနှစ်မှာ ပြီးမယ်လို့တော့ မှန်းထားတယ်” ဟု ၄င်းကဆိုသည်။

တိုးချဲ့မည့် ဖုန်းလိုင်း ငါးသန်းတွင် GSM(900 MHz) ၂၀ ရာခိုင်နှုန်း၊ HSPA+(900 MHZ/ 2100 MHz) ၇၅ ရာခိုင်နှုန်းနှင့် LTE Advance ၁၅ ရာခိုင်နှုန်းစီ ပါဝင်မည်ဖြစ်သည်။ 4G စနစ်တစ်ခုဖြစ်သည့် LTE Advance ကိုမူ အများပြည်သူ အသုံးပြုရန်အတွက် မဟုတ်ပဲ အာဆီယံ အစည်းအဝေးများတွင် အသုံးပြုရန်သာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။

“Public ကို LTE အသုံးပြုဖို့အတွက် တိကျတဲ့ ညွှန်ကြားချက် မရသေးပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံးကို LTE စနစ်ပေးဖို့ဆိုတာ ကျွန်တော်တို့မှာရှိတဲ့ Infrastructure နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လက်ရှိမှာ 2G နဲ့ 3G က အဓိက ဦးစားပေးပါ” ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ဆိုသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို လိုင်စင်ချထား ပေးခဲ့ပြီးနောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တရုတ် ကုမ္ပဏီများဖြစ်သည့် Huawei၊ ZTE၊ ASB အစရှိသောကုမ္ပဏီများ၏ ဆက်သွယ်ရေးပစ္စည်း များဖြင့် တည်ဆောက်ထားသည့် မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ကို အလျင်အမြန် တိုးချဲ့ရန် ပြင်ဆင်နေကြောင်း ဆက်သွယ်ရေးလုပ်ငန်း ထံမှ စုံစမ်း သိရှိရသည်။

“လိုင်းတိုးချဲ့တာက ကောင်းပေမယ့် တိုးချဲ့နေတုန်း အချိန်တွေမှာ ခေါ်မရပြုမရနဲ့ ဖုန်းဆက်ရ အဆင်မပြေ ဖြစ်နေတာမျိုး မဖြစ်အောင် လုပ်သင့်တယ်” ဟု ကွန်ပျူတာ ပညာရှင် ကိုရဲဝင့်အောင်က မှတ်ချက်ပေးသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်း ငါးသိန်း ရောင်းချပေးရန် ရည်ရွယ်ထားပြီး ၂၀၁၆ ခုနှစ်တွင် တိုင်းပြည်လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

https://www.facebook.com/thevoiceweekly

Leave a comment