Start here

Burma: U Win Tin’s Poem

ဆရာကြီးဦးဝင်းတင်ကိုယ်တိုင် ရေးထားတဲ့ ဒီကဗျာကိုခံစားမိရင် သတင်းစာဆရာကြီးဦးဝင်းတင်ရဲ့ ဘဝပုံရိပ်တွေကို မသိခဲ့ရင်တောင် စစ်အစိုးရဲ့ ဒီမိုကရေစီတိုက်ပွဲဝင်လူသားတစ်ယောက်ပေါ် ထောင်သွင်းအကျဉ်းချ နှိပ်စက် ယုတ်မာမှုကို သံမဏိစိတ်ဓာတ်နဲ့ တွန်းလှန်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခိုင်မာတဲ့ယုံကြည်ချက် နှလုံးသားကို ခံစားနိုင်မယ်လို့ ယုံကြည်မိပါတယ်
—————————————–
ကျားရဲ
နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေး
သီချင်းကလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ဝေးရော
စကားလေးမှမပြောရ
အဟောသိကံ သံသရာ
ငါ့ကမ္ဘာ္ဘ္ဘ ပိစိကွေး
အခန်းကျဉ်းကလေးပတ်လျှောက်လိုက်
သံတံခါးဝရပ်လိုက်
တမတ်တပ်တပ် တစ်နေကုန်
မနေ့ကလည်းတစ်နေကုန်
ဒီနေ့လည်း တစ်နေကုန်ပြန်
နက်ဖြန်လည်းကုန်ဦးမယ်
ကုန် ကုန် ကုန်
ကုန်ချင်သလောက်ကုန်စမ်း
တစ်ရက်ကုန်မလား
တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား
တစ်ခေတ်ကုန်မလား
အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်
အမှန်တရား တို့ဘက်မှာရှိတယ်
ပြည်သူအများတို့ဘက်မှာရှိတယ်
ကာလယန္တရားတို့ဘက်မှာရှိတယ်
ရှင်တော်ဘုရားတို့ဘက်မှာရှိတယ်
သိကြရဲ့လား…ဟား ဟား ဟား ဟား
တိရစ္တာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နံ့
ကျားညွှန့်တုံးတွေထင်နေလား
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ရယ်ချင်စရာ
မှတ်ထားဟေ့
အဝါပေါ်မှာအနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်းကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့။
ကျားရဲဟာ ကျားရဲ
ငါလည်း ဒီလိုပဲကွ ဟေ့။
———————————-
်သတင်းစာဆရာကြီး ဦးဝင်းတင်

Copy and repost from NaungNaung Phoenix https://www.facebook.com/naungnaung.phoenix/posts/701407213254675?fref=nf

UWT+DASSK

Myo Yan Naung Thein’s Poem for U Win Tin

ကျတော် အခု သံတောင်ကြီးမြို့ မှာရာက်နေပါတယ်၊ ဘဘ ရဲ့ ဈာပနမှာ ကျတော် မရှိနေနိုင်ပါဘူး ။ ဘဘ က ကျွန်တော် ကို လမ်းညွန် ဆုံးမနေလေ့ ရှိတဲ့ ကျေးဖူးရှင်ပါ ။ ဘဘ ကို လွမ်းကြောင်းချစ်ကြောင်းတွေ Facebook ပေါ်မှာမရေးချင်ပါဘူး ။ မရေးဖူး ပါ ဘူး ။ ဒါပေမယ့် အခု ရင်ထဲမှာ ဆိုနင့်နေပါတယ် ။ အိပ်လို့ လည်းမရပါဘူး ။ ဘဘ ဆီသွားပြီးဆွေးနွေးစကားပြောေ န ချိန်တွေကို သတိရနေမိပါတယ် ။

ဘဘ အတွက် စာချိုးလေးတစ်ပုဒ် တွေးမိလို့ ရေးလိုက်ပါတယ် ။ဒါပေမယ့် ကျတော် ကဗျာဆရာမဟုတ်ပါဘူး ။

၂၃.၄.၂၀၁၃ ဘဘ ကို ဂါဝရပြုခြင်း

အသက်ကြီးခဲ့တယ်၊ မအိုခဲ့ဘူး ။
ခေတ်ပြောင်းသွားတယ် ၊ မဟောင်းခဲ့ဘူး ။
ဆွဲ နှုတ်ခဲ့တယ်၊ မပြုတ်ခဲ့ဘူး ။

လွှင့်သွားတယ် ၊ မကြွေဘူး ။
ဆုံးသွားတယ် ၊ မကုန်ဘူး ။
ကြာသွားမယ် ၊ မမေ့ဘူး ။

ထွက်သွားတယ် ၊ မြင်ရဆဲ ။
ဝေးသွားပြီ ၊ မြင်ရဆဲ ။
ပျောက် သွားပြီ ၊ မြင်ရဆဲ ။
မှောင်သွားပြီ ၊ မြင်ရဆဲ ။

မျိုးရန်နောင်သိန်း
၂၃၊၄၊၂၀၁၄ ( မနက် – ၃ နာရီ ၆ မိနစ် )

U Win Tin+2

https://www.facebook.com/myoyannaung.thein.9

ဘဘ ဦးဝင်းတင်ကောင်းရာသုဂတိ လားပါစေ

Banner

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ဒီကနေ့ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန် ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။

ဘဘဦးဝင်းတင် ကိုဆုံးပါး ခြင်း ဟာ မြန်မာ တပြည်လုံး အတွက် ကြီးမား သော ဆုံးရှုံး မူပါ ။ရင်ထဲမှာလုံးဝမကောင်းပါ ။

ဘဘ ဦးဝင်းတင် ရဲ့ ၂၀၁၁ က BDC ကိုအားပေး စကား video ကို ဘဘ အမှတ်တရ ပြန်ရှယ် လိုက်ပါတယ်။ ဘဘရဲ့ လူငယ်တွေအပေါ် ယုံကြည်မူ အားကိုးမူ တွေဟာ စံပြု စရာပါ။

ဘဘ ဦးဝင်းတင်ကောင်းရာသုဂတိ လားပါစေ။

U Win Tin: Burma’s Unwavering Hero

Burma Democratic Concern (BDC) is very saddened to learn that U Win Tin has passed away today in Burma. It is the great loss for Burma, for democratization and for all the citizens of Burma.

He is a symbol of courage, a beacon of bravery and an unwavering hero for new generations to come working for betterment of Burma.

Burma Democratic Concern (BDC) sends our deepest condolences to the U Win Tin’s families, NLD and people of Burma. Our thoughts are with all the bereaved families, relatives and friends.

Burma Democratic Concern (BDC)

ဘဘပြောစကား by Myo Yan Naung Thein

၂၀၁၀၊၂၀၁၁ ၊၂၀၁၂ ခုနှစ်တွေမှာဘဘဦးဝင်းတင်ဆီ ကျွန်တော်တစ်ပတ်တစ်ခါလောက်သွား ပြီးသြဝါဒခံယူပါတယ်။ ဘဘပြောခဲ့တဲ့ စကားတွေထဲကကျွန်တော်မှတ်မှတ်ရရ စကားတစ်ချို့ရှိပါတယ် …….

“ကျွန်တော်ကတော့လက်ရှိအပြောင်းအလဲကိုမယုံသေးဘူးဗျ၊၊သူတို့တွေကယုံရတာမဟုတ်ဘူးဒါကျွန်တော့်အတွေ့အ ကြုံအရပဲ ၊၊ မစု(ဒေါ်အောင်ဆန်းစုကြည်)ကပညာတတ်လူငယ်တွေကိုလိုချင်တယ်ပြောတယ်။ ကျွန်တော်ကတော့ပညာတတ်လူငယ်တွေ ကိုအားကိုးပါတယ်ပညာတတ်လူငယ်တွေကနိုင်ငံ့အတွက်အရေးကြီးပါတယ်၊၊ ဒါပေမယ့်အခုလိုအခြေနေမျိုးမှာအရေးအကြောင်းကျရင်စွန့်လွှတ်ရဲတဲ့၊ ကိုယ် ကျိုးစွန့်ဝံ့တဲ့လူငယ်တွေကိုပိုပြီးလိုချင်တယ် ။ “

(စကားလုံးအတိအကျဟုတ်ချင်မှဟုတ်မှာပါ ၊ ၂၀၁၁ခုနှစ်နှစ်လယ်မှာဘဘကျွန်တော့ကိုပြောခဲ့တာပါ )

မျိုးရန်နောင်သိန်း

U Win Tin+2

https://www.facebook.com/myoyannaung.thein.9?fref=photo

U Win Tin: Burma’s Unwavering Hero

Burma Democratic Concern (BDC) is very saddened to learn that U Win Tin has passed away today in Burma. It is the great loss for Burma, for democratization and for all the citizens of Burma.

He is a symbol of courage, a beacon of bravery and an unwavering hero for new generations to come working for betterment of Burma.

Burma Democratic Concern (BDC) sends our deepest condolences to the U Win Tin’s families, NLD and people of Burma. Our thoughts are with all the bereaved families, relatives and friends.

Burma Democratic Concern (BDC)

U Win Tin+1

U Win Tin+1

U Win Tin+1

ပုဒ်မ ၁၀၉ (ခ) နှင့် ပုဒ်မ ၁၄၁ (ခ) ကို အသုံးပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အခွင့်အလမ်း

ဒီနေထုတ် D Wave ဂျာနယ်ပါ ကျွန်တော့်ဆောင်းပါးပါ။အားလုံးဖတ်ရှုနိုင်ရန် မျှဝေလိုက်ပါတယ်။ (Myo Yan Naung Thein)

Myo Yan Naung Thein

Myo Yan Naung Thein

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (ခ) နှင့် ပုဒ်မ ၁၄၁ (ခ) ကို အသုံးပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အခွင့်အလမ်း

ဆောင်းပါးရှင် – မျိုးရန်နောင်သိန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ပုဒ်မ (၁၂) ပုဒ်မ ၄၃၆ (က)နှင့် (ခ)ကို အရင်ပြင်ဆင်ရမည်ဟုပြောဆိုဆွေးနွေးလာကြတာတွေ ဆန္ဒထုတ်ဖော် တာတွေ မြန်မာပြည်နေရာအနှံ့မှာတွေ့လာရပါတယ်။ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါ ဘူး။ပုဒ်မခွဲ (၂) ခုစလုံးမှာ ၇၅% နှင့်အထက်ရှိသော ကိုယ်စားလှယ်များက ထောက်ခံမဲဆန္ဒလိုအပ်တဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်မပါဘဲ ပြင်ဆင်လို့မရနိုင်ပါဘူး။ဒါကြောင့်မို့ တပ်မတော် သားကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အတော်ကိုအရေးပါတာကို တွေ့ရပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒမပါဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရပါဘူး။
တပ်မတော်သားကိုယ်စားလှယ်တွေထဲမှာ သဘောထားပျော့ပြောင်းတဲ့ သူတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီ သဘောထားပျော့ပြောင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကိုရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်လို့ရပါပြီ။ဒါပေမဲ့ အခုဖြစ်နေတာက ကာကွယ်ရေးဦးစီချုပ်က တပ်မတော်သားကိုယ်စားလှယ်တွေကို အရွှေ့အပြောင်းကို သူက စိတ်တိုင်းချယ်လှယ်နေတာပါ။ဒါကြောင့်မို့လို့ တပ်မတော်သားကိုယ်စားလှယ် (၁)ယောက်ယောက်က သဘောထားပျော့ပြောင်းတာကိုတွေ့ရရင် ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုနေရာမှာ ချက်ချင်းဖယ်လိုက်ပါတယ်။ဒါကြောင့်မို့ အဲ့ဒီလိုကာကွယ်ရေးဦးစီးချုပ်က စိတ်တိုင်းကျခန့်ချင်တိုင်းခန့် ဖြုတ်ချင်တိုင်းဖြုတ်နေတာကို ဥပဒေနှင့် ကန့်သတ်တားဆီးနိုင်ရင် သဘောထားပျော့ပြောင်းတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဥပဒေနှင့် ကာကွယ်ပေးနိုင်ရင် လွှတ်တော်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကိုပဲစောင့်ပြီး လက်ညှိုးထောင်ခေါင်းညိတ်၊ ခေါင်းခါလုပ်နေရတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လွှတ်တော်ထဲမှာ မဲပေးလာနိုင်မှာဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေ ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရမှာ နှစ်ပိုင်းရှိပါတယ်။တစ်ပိုင်းက တပ်မတော်သားကိုယ်စားလှယ် တွေကို တပ်မတော်ကာကွယ်ရေးဦးစီချုပ်က လွှတ်တော်ထဲကနေ ထုတ်ချင်သလိုထုတ်ပြစ်လို့မရအောင် ကာကွယ်ပေးရပါမယ်။နောက်ပြီး တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အတွင်းမှာ သူ့ရဲ့ ဆောင်ရွက်မှုအတွက် တပ်မတော်အတွင်း ရာထူးးတိုးမြှင့်မှုကို ဆိုင်းငံ့ခြင်း၊ မိသားစုနှင့် ဝေးရာသို့ပြောင်းရွှေ့ခံ ရခြင်း အစရှိတဲ့ သွံယ်ဝိုက်နှိပ်ကွက်ခံရမှုတွေ မရှိအောင်ကာကွယ်ပေးရပါမယ်။အကယ်၍ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကို သူ့ရဲ့လွှတ်တော်တွင်း လုပ်ဆောင်မှုကြောင့် အရေးယူခံရတယ်လို့ ခိုင်လုံတဲ့ အကြောင်း ပြချက်ရှိရင် အရေးယူတဲ့တပ်မတော်မှ တာဝန်ရှိသူကို အရပ်ဖက်တရားဥပဒေအရ အရေးယူဖို့နှင့် လွှတ်တော်အတွင်း မိမိယုံကြည်ရာ ပြောဆိုလုပ်ဆောင်မှုကြောင့် သွယ်ဝိုက်အရေးယူခံရတဲ့ တပ်မတော်သားကို အဲ့ဒီလို သွယ်ဝိုက်အရေးယူခံရခြင်းမျိုးကနေ လွတ်ကင်းအောင်ပြုလုပ်ပေးရပါမယ်။

အဲ့ဒီလိုပြုလုပ်ပေးရာမှာ အဓိကအခက်အခဲကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၉၃)အရ မြန်မာနိုင်ငံမှာ တရားရေးမဏ္ဍိုင် သုံးခုရှိပါတယ်။(က)ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဦးစီးသည့် အရပ်ဖက် တရားရုံးများ၊ (ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊ (ဂ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး တို့ဖြစ်ပါ တယ်။ပုဒ်မ (၂၉၄) အရ အရပ်ဖက်ဆိုင်ရာတရားရုံးတွေဟာ စစ်ဘက်ဆိုင်ရာတရားရုံးရဲ့ စီရင်ပိုင်ခွင့် အာဏာတွေကို ၀င်ရောက်စွက်ဖက်လို့မရပါဘူး။ပုဒ်မ (၃၁၉)အရ တပ်မတော်သားကို စစ်ဘက်ဆိုင်ရာ တရားရုံးတွေကပဲ စီရင်ခွင့်ရှိပါတယ်။ပုဒ်မ (၃၄၃) (ခ)အရ စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်မို့ အသီးသီးဆိုထားတဲ့အတွက် တပ်မတော်သား တွေကို လိုသလိုစိတ်တိုင်းရ စီရင်ခွင့်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာပဲရှိနေပါတယ်။ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဏာရှင်ဖြစ်နေပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅% ရယူထားပြီး အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို ခန့်ချင်သလိုခန့့် ဖြုတ်ချင်သလိုဖြုတ်လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ မဲဆန္ဒပေးခွင့်ရှိသူ သန်း (၃၀)ကျော် ရှိပါတယ်။မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ သမ္မတဟာ အဲ့ဒီမဲဆန္ဒရှင် သန်း (၃၀)ကျော်က ရွေးချယ်လိုက်တဲ့ သမ္မတပါ။အဲ့ဒီသမ္မတမှာ အုပ်ချုပ်ရေးအာဏာ အပြည့်အ၀မရှိပါဘူး။ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်စစ်ဗိုလ်ချုပ်တွေကိုသာ ခန့်အပ်ခွင့်ရှိတဲ့အပြင်၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးကလဲ အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုဂ္ဂိုပ်တွေက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ ၀င်ရောက်နေရာယူထားပါတယ်။ဒါ့အပြင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအားလုံးဟာ ပြည်ထဲရေးဝန်ကြီးလက်အောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်းတွေပါ။

ဒါ့အပြင် နိုင်ငံသားမဲဆန္ဒရှင် သန်း (၃၀)ကျော်က လွှတ်တော်ကိုယ်စားလှယ် ၇၅% ကိုသာ ရွေးချယ်ခွင့် ရှိပါတယ်။ကာကွယ်ရေးဦးစီးချုပ်က (မဲဆန္ဒရှင်တစ်ဦး၊နိုင်ငံသားတစ်ဦး) တည်းက နိုင်ငံအတွင်းမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ကိုယ်စားလှယ် ၂၅% ကို ခန့်ချင်သလို ခန့်ပြီး ဖြုတ်ချင်သလိုဖြုတ်နေတာ လူတစ်ဦးတည်းက မဲဆန္ဒပေးခွင့်ရှိသူဆယ်သန်းရဲ့ လုပ်ပိုင်ခွင့်ကို ရရှိထားပါတယ်။မဲဆန္ဒပေးခွင့်ရှိသူ ဆယ်သန်းရဲ့ လုပ်ပိုင်ခွင့်ကို မဲဆန္ဒရှင်တစ်ဦးထဲက ရရှိထားတာထက် ပိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင်နိုင်ငံသား သန်း ၃၀ ကျော်က ကိုယ်ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ခန့်ချင်တိုင်းခန့် ဖြုတ်ချင်တိုင်းဖြုတ်လို့ မရပါဘူး။ဒါဟာ ကာကွယ်ရေးဦးစီးချုပ် ဟာအာဏာအလွန်အကျွံရရှိနေတာပါ။

ကျွန်တော်ဒီဆောင်းပါးအစမှာ ရေးသားခဲ့တာကို ပြန်ဆက်ပါ့မယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရပါမယ်၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ချို့ရဲ့ သဘောတူညီမှုလိုပါတယ်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲက သဘောထားပျော့ပြောင်း သူတွေရဲ့ သဘောတူညီချက်ရအောင် စည်းရုံးယူရပါမယ်။အဲ့ဒီသဘောထားပျော့ပြောင်းတဲ့ ပြုပြင်ပြောင်းလဲ လိုတဲ့တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ပေးဖို့ ဥပဒေပြဌာန်းပေးဖို့လိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေး အခန်း(၄) ပုဒ်မ ၁၀၉ (ခ)မှာ အောက်ပါအတိုင်းဖော်ပြထားပါတယ်။
၁၀၉။ ပြည့်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) ————————————————————————————
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင့်သည့် ၁၁၀ ဦးထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။
ပုဒ်မ (၁၄၁/ခ) မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
၁၄၁။ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က————————————————————————————-
(ခ) သက်ဆိုင်ရာပြည်ထောင်စုနယ်မြေများ အပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့်တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊

အဲံဒီပုဒ်မ (၂)ခုမှာ တူညီတာက “ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော” ဖြစ်ပါတယ်။ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်သား ကိုယ်စားလှယ်များခန့်အပ်ခြင်း၊ တာဝန်မှ ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းဖို့ လိုပါတယ်။အဲ့ဒီလို နည်းနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေထဲက သဘောထားပျော့ပြောင်းတဲ့ ပြုပြင်ပြောင်းလဲသမားတွေကို ကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒီ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက သာ ရဲရဲဝံ့ဝံ့မဲပေးနိုင်ရင် ပုဒ်မ ၄၃၆ မှာလိုအပ်တဲ့ ကိုယ်စားလှယ် ၇၅%နှင့် အထက်ဆိုတာ ပြည့်မှနိုင်ပါလိမ့် မယ်။အဲ့ဒီလိုနည်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀၉/ခ) နှင့် ပုဒ်မ (၁၄၁/ခ) အသုံးပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ရန် ကြိုးစားသင့်ပါကြောင်း။

PNCR

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ် တာလဲ၊ (Part 4)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ် တာလဲ၊ ပုဒ်မ ၄၃၆ ကို ဘာကြောင့် ချက်ချင်းပြင်ဆင်ဖျက်သိမ်းဖို့ လိုအပ် တာလဲ။ အပိုင်း (၄)

By Myo Yan Naung Thein

ပင်လုံစာချုပ် စာပိုဒ်(၅) ကို လေ့လာကြည့်ပါ “အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင် ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားနေရ သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆိုတစ်စုံတစ်ရာ လက်လွတ်စေရန်အလိုပါ ကောင်စီကပြု လုပ်ခြင်း မရှိစေရ။တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်း ခွင့်ရာခိုင်နှုန်း အပြည့်ရှိစေရမည်ဟူသော “မူ” ကိုသဘောတူညီကြသည်။” ဟူ၍ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အလေးထားကြောင်းသိသာပါတယ်။

အင်္ဂလိပ်အစိုးရက မြန်မာပြည်ကိုသိမ်းပိုက်ရာမှာ မြန်မာဘုရင်ပိုက်နက်ထဲ၌ ရှမ်း၊ ကချင်၊ ချင်း လူမျိုး နယ်များပါလာသည်ကို မသတ်မှတ်ခဲ့ပါ။ထို့ကြောင့် မြန်မာဘုရင်ပိုင်ဆိုင်သော နယ်မြေများကို “Burma Act” ဖြင့် အုပ်ချုပ်ပါတယ်။ရှမ်းပြည်နယ်အတွက် (Federated Shan States Act)၊ ကချင်လူမျိုးများအတွက် (Kachin Hills Tribes Regulation) နှင့် ချင်းလူမျိုးတွေကို (Chin Hills Regulation) ဖြင့် အုပ်ချုပ်ပါတယ်။ဒါကြောင့်မို့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတစ်လျောက်စလုံးမှာ မြန်မာပြည် (သို့) ဗမာပြည်လို့ပြောလိုက်ရင် ဗမာပြည်မ (Proper Burma)ကို ဆိုလိုတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာပြည်ကြားဖြတ်အစိုးရဟာ မြန်မာပြည်မ (သို့) ဗမာပြည်မ ကိုပဲကိုယ်စားပြုတဲ့ သဘောဖြစ်ပါတယ်။အဲ့ဒီမြန်မာပြည်မထဲမှာ ဗမာ၊ မွန်၊ ရခိုင်၊ ကရင် တိုင်းရင်းသား နယ်မြေတွေပါဝင်ပါတယ်။မြန်မာပြည်ကို သိမ်းပိုက်ပြီး ကရင်တိုင်းရင်းသားတွေကို ဗြိတိသျှ အုပ်ချုပ်ရေးအရ သီးခြားခွဲ၍အုပ်ချုပ်ထားတာပါ။မြန်မာဘုရင်ရဲ့ လက်အောက်ခံအဖြစ် ဗမာ၊ မွန်၊ ရခိုင် တိုင်းရင်းသားတွေလို သဘောမထားဘဲ သီးခြားလွတ်လပ်တဲ့ လူမျိုးအဖြစ် သီးခြားဥပဒေနှင့်အုပ်ချုပ်ခဲ့တာပါ။ ဒါကို သွေးခွဲအုပ်ချုပ်ရေးလို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဥပဒေအကြောင်းအရတော့ ကရင်တိုင်းရင်းသားတွေဟာ မြန်မာပြည်မနှင့် မဆိုင်ပါဘူး၊ ဒါပေမဲ့ ၁၉၃၇ မှာ ၁၉၃၅ Burma Act ကို တရားဝင် ပြဌာန်းပြီး ဗမာပြည်ကိုအိန္ဒယပြည်မှ ခွဲထုတ်ကာ သီးခြားဘုရင်ခံလက်အောက်တွင် စတင်အုပ်ချုပ်သည့်အချိန် မှာ ကရင်ပညာတတ်တစ်ချို့က ၁၉၃၅ Burma Act အရ ဖွဲ့စည်းမည့် ဗြိတိသျှအစိုးရရဲ့ အတိုင်ပင်ခံကောင်စီမှာ ကရင်တိုင်းရင်းသားလူမျိုးများ အမတ်နေရာရယူပြီး ကရင်တိုင်းရင်းသားများအရေးကို ပိုမိုဆောင်ရွက်ရန် အခွင့်အရေးပိုမိုရယူမည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် ၁၉၃၅ Burma Act ထဲတွင် ကရင်လူမျိုးများပါဝင်လာစေ ရေးကို ကြိုးပမ်းရာမှ ဗမာပြည်မအုပ်ချုပ်ရေးယန္တရားထဲတွင် ကရင်တိုင်းရင်းသားများ ပိုမိုပါဝင်လာရခြင်း ဖြစ်ပါတယ်။ဒါ့အပြင် ကရင်ခေါင်းဆောင် စောဘဦးကြီးက ၁၉၃၅ Burma Act အရပြုလုပ်မည့် ၁၉၄၆ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ကရင်လူမျိုးများပါဝင်ခြင်းမပြုဘဲ သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ကရင်တိုင်းရင်းသားများရွေးကောက်ပွဲဝင်ပြီး ကြားဖြတ်အစိုးရအဖွဲ့တွင် ၀န်ကြီးနေရာရယူ ကြပါတယ်။ ဒါကြောင့်မို့ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးတဲ့အခါမှာ ကြားဖြတ်အစိုးရအကြီးအကဲ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာ၊ မွန်၊ ရခိုင်၊ ကရင် တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး မြန်မာပြည်မ ခေါင်းဆောင် ကိုယ်စားလှယ်အဖြစ်လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

ကရင်နီပြည် (ယခုကယားပြည်နယ်) အရေးကတော့ထူးခြားပါတယ်။ပြည်ထောင်စုတည်ထောင်ဖို့ ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ကရင်ပြည် မပါပါဘူး။ကရင်၊ ဗမာ၊ မွန်၊ ရခိုင် တိုင်းရင်းသားတွေကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးကြပါတယ်။ တကယ့် ပင်လုံစာချုပ် လိုရင်းက Proper Burma လို့ခေါ်တဲ့ ပြည်မအာဏာပိုင် ကြားဖြတ်အစိုးရအဖွဲ့နှင့် ကချင်ပြည်၊ ချင်းပြည်၊ ပဒေသရာဇ် ရှမ်းပြည်အာဏာပိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးတာပါ။

တကယ်တမ်းကျတော့ ပင်လုံစာချုပ်ဟာ အနှစ်သာရပိုင်းအရ တိုင်းရင်းသားတွေ ပေါင်းစည်းရေး စာချုပ်ဆိုပေမဲ့ ဥပဒေသဘောအရ နယ်မြေတွေပေါင်းစည်းရေးစာချုပ်ပါ။ မြန်မာပြည်မ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်တို့ ပေါင်းစည်းရေးစာချုပ်ပါ။ အဲ့ဒီပင်လုံစာချုပ်မှာ ကရင်နီပြည် (ယခုကယားပြည်နယ်) မပါဝင်ပါဘူး။ အကြောင်းကတော့ မြန်မာပြည် အင်္ဂလိပ် လက်အောက်ရောက်ခဲ့စဉ် တစ်လျောက်လုံးမှာ ကရင်နီပြည် (ကယားပြည်နယ်) က လွတ်လပ်တဲ့ဒေသဖြစ်နေခဲ့လို့ပါ။ လွတ်လပ်တဲ့ပြည်ဖြစ်တဲ့အတွက် မြန်မာပြည်မ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်တို့ပေါင်းစည်းပြီး အတူတကွ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းမှု့မှာ လွတ်လပ်တဲ့ ကရင်နီပြည် အနေဖြစ် ပါရန်မလိုသည့် သဘောပင်ဖြစ်ပါတယ်။

၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ အိန္ဒိဘုရင်ခံချုပ်နှင့် မင်းတုန်းမင်းရားကြီးတို့ ချုပ်ဆိုသော စာချုပ်အရ အနောက်ပိုင်း ကရင်နီပြည် (ကန္တရ၀တီ၊ ဘောလခဲ၊ ကြက်ယ်ဖိုးကြီးအမည်ရှိ စော်ဘွားနယ် (၃) နယ် ကို လွတ်လပ်၍ သီးခြားဖြစ်သာဒေသအဖြစ် သတ်မှတ်ရန် သဘောတူညီခဲ့ကြပါတယ်။အိန္ဒိယဘုရင်ခံချုပ် ကိုယ်စား Sir Douglass Forsyth က လက်မှတ်ရေးထိုးပြီး မင်းတုန်းမင်းဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ်က ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်တွင် ကရင်နီပြည် (ကယားပြည်နယ်) က မပါဝင်ခဲ့တာပါ။၁၉၄၇ ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ကန္တာရ၀တီ စော်ဘွားကြီး၏ သားစ၀်ဝဏ္စမှ မြန်မာပြည်နှင့် ပူးပေါင်းလိုသည်။ထိုသို့ပူးပေါင်းရာတွင် ရှမ်းပြည်ကဲ့သို့ အဆင့် အတန်းအနေအထားရလိုသည်ကို ဆွေးနွေးညှိနှိုင်းရာ သဘောတူညီမှုရတဲ့အတွက် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာတွင် မြန်မာ (ဗမာ) ပြည်မ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ ချင်းဝိဒေတိုင်း (ချင်းပြည်) တို့ ပူးပေါင်းပြီး ပြည်ထောင်စုအဖြစ် လွတ်လပ်ရေးရယူခံခြင်းဖြစ်ပါတယ်။ (မှတ်ချက် ။ ။နိုင်ငံတော်တရား သူကြီးချုပ် အငြိမ်းစားဦးမြင့်သိန်းရေးသားသော ၁၄.၆.၁၉၉၂ နေ့စွဲပါစာတမ်းကို ကိုးကားပါသည်။)

ဒါကြောင့် ကရင်နီပြည်ကို ပြည်ထောင်စုပြည်နယ်တစ်ခုအဖြစ်နှင့် ပြည်ထောင်စုအတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်စဉ်မှာ လွတ်လပ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောလျင်စွာ ရေးဆွဲနေရခြင်းနှင့် အချိန်လုံလောက်ခြင်းတို့အကြောင်းဖြင့် ကရင်နီနယ်စောဖျာများနှင့် ကရင်နီပြည်သူလူထုကို သေသေချာချာ ဆွေးနွေးမှုမပြုခဲ့ပါ။

ကျွန်တော်ဒီအကြောင်းတွေ အသေးစိတ်တင်ပြနေရတာက ပြည်ထောင်စုကြီးပေါ်ထွန်းလာရခြင်း အခြေခံနောက်ကြောင်းသမိုင်းကို သိရှိနားလည်ရန်အတွက်ပါ။အဲ့ဒီလိုသိရှိနားလည်မှလည်း တိုင်းရင်းသား လူနည်းစုတွေရဲ့ ခံစားချက်၊ ရပ်တည်ချက် တွေကိုနားလည်မှာပါ။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကတည်းက တိုင်းရင်းသားလူနည်းစုတွေ စိုးရိမ်နေတာက၊ သူတို့အာမခံချက်တောင်းဆိုခဲ့တာက သူတို့ရဲ့ကိုယ်ပိုင်အုပ် ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးနေပါတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်ပွဲဝင်နေတာ၊ ပြည်တွင်း ငြိမ်းချမ်းရေးမရှိသေးတာကလည်း တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ်မှာ အာမခံထားတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရလို့ပါ။ ဒါကြောင့်မို့ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲရပါမယ်။ အဲ့ဒီအတွက် ပုဒ်မ ၄၃၆ ကို ချက်ချင်းပြင်ဆင် ဖျက်သိမ်းဖို့လိုပါတယ်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ သူမကွယ်လွန်မီ ၁ လအလိုမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အခြေခံမှု ၄ ရပ်ကို တိုင်းပြုပြည်ပြုလွှတ်တော် ပထမဆုံးညီလာခံမှာ အဆိုတင်သွင်းပြီး ညီလာခံရဲ့ တညီတညွတ်တည်း သဘောတူညီချက်ကို ရယူခဲ့ပါတယ်။ အဲ့ဒီအခြေခံမူတွေကတော့

(၁)လွတ်လပ်သောနိုင်ငံဖြစ်ရမည် (၂) အချုပ်အခြာအာဏာပိုင်ရမည် (၃) ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ရမည် (၄)ပြည်ထောင်စု နိုင်ငံဖြစ်ရမည် တို့ဖြစ်ပါတယ်။ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် လမ်းညွှန်ချက် (၇) ချက်ကို အဆိုတင်သွင်းပြီး ညီလာခံရဲ့ အတည်ပြုချက်ရယူခဲ့ပါ တယ်။အဲ့ဒီ လမ်းညွှန်ချက် (၇)ချက်ကတော့

(၁)နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော် ဟု ခေါ်တွင်စေသောလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည်။ထို့အပြင်-

(၂)ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။ထို့အပြင်-

(၃)အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတဗမာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ်များ နှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေ ရမည်။ထို့အပြင်-

(၄)ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ ၌လည်ကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေး ဥပဒေ သက်ရောက်မှုတို့တွင် ဆူကြုံ၊ နိမ့်မြင့်မရှိ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှလွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ယုံကြည်ပိုင်ခွင့်၊ သဘောတရား ကိုးကွယ်ပိုင်ခွင့်၊ ၀တ်ပြုခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမှုဆောင်ရွက်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။ထို့အပြင်-

(၅)ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သောကာကွယ်ချက်များ ထည့်သွင့်ပြဌာန်း ထားရှိစေရမည်။ထို့အပြင်-

(၆)လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတဗမာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရားတမ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။ထို့အပြင်-

(၇)ရာဇ၀င်တွင်ထင်ရှားခဲ့သော ဤဗမာနိုင်ငံတော်သည် ကမ္ဘာတွင်မိမိ၏ဂုဏ်ကျက်သရေနှင့် လျော်စွာ ရသင့်ရထိုက်သော အဆင့်အတန်းတို့ရောက်ရှိစေရမည့်ပြင်၊ လူသတ္တ၀ါတို့၏ တိုးတတ်ရေးနှင့် ကောင်းကျိုး ချမ်းသာပြည့်ဝရေးတို့ကို တာဝန်အလျောက်စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင် အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဌာန်ဖြင့် စောင့်ထိန်းသောအံ့၊ စသည်တို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် ဖဆပလဥက္ကဌ အစိုးရအဖွဲ့အစည်းအကြီးအကဲဖြစ်လာ သော ဦးနုသည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၂) လအတွင်း အပြီးကူးဆွဲစေခဲ့တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် အခြေခံမူ (၄)ချက် လမ်းညွှန်ချက် (၇)ချက်နှင့် သွေဖယ်ကာ ပြည်ထောင်စု စစ်စစ်ပုံစံ မဟုတ်တော့ဘဲ ဗမာပြည်မကသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေးရေးအာဏာအများစုကို ချုပ်ကိုင် ထားသည့် တစ်ပြည်ထောင်မက ပြည်ထောင်စုမကျ ပုံစံဖြစ်ခဲ့ရပါတယ်။

ထိုသို့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များရှိသည်ကို ပြန်လည်ပြုပြင် ပြင်ဆင် ရေးဆွဲရန်အတွက် ရှမ်းပြည်နယ်မှ ဦးဆောင်ကာ ပြည်ထောင်စုမူ (၅) ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီ ပြည်ထောင်စုမူ (၅)ချက်ကိုတော့ ရှမ်းမူ (၅)ချက်၊ ဖယ်ဒရယ်မူ (၅) ချက်လို့လည်း သိကြပါတယ်။ အဲ့ဒီအခြေခံမူ (၅) ချက်ကတော့

(၁)ဗမာပြည်နယ်ဖွဲ့စည်းရေး၊

(၂)ပြည်ထောင်စုပါလီမန်လွှတ်တော် နှစ်ရပ်အား အာဏာတူပေးရေး၊

(၃)လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) သို့ ပြည်နယ်တိုင်းမှ အရေအတွက်ညီမျှသော ကိုယ်စားလှယ် စေလွှတ်ရေး၊

(၄)ဗဟိုပြည်ထောင်စုအား အောက်ပါဌာနများ လွှဲအပ်ပေးပြီး၊ ကျန်ရှိသောအာဏာများနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရန်၊

(က)နိုင်ငံခြားဆက်သွယ်ရေး၊

(ခ)ပြည်ထောင်စုကာကွယ်ရေး၊

(ဂ)ပြည်ထောင်စုဘဏ္ဍာရေး၊

(ဃ)ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး၊

(င)စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး၊

(စ)မီးရထား၊ လေကြောင်းနှင့် ရေကြောင်းဆက်သွယ်ရေး၊

(ဆ)ပြည်ထောင်စုတရားစီရင်ရေး၊

(ဇ)ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး၊

(၅)ပြည်ထောင်စုဘဏ္ဍာတော် မျှတစွာခွဲဝေရေး၊

အဲ့ဒီမူ (၅)ချက်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီ (ရှမ်းပြည်)ရဲ့ အဆိုပြုဆုံးဖြတ်ချက်များ ဖြစ်တဲ့အတွက် ရှမ်းမူ (၅)ချက်လို့ အသိများပေမဲ့ ရှမ်းလူမျိုးများသာမက ကချင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကပါ ထောက်ခံကြတဲ့အတွက် ဦးနုခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံးခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်၊ ၁၉၆၂ ခု မတ်လ (၁) ရက်နေ့မှာ ဒုတိယအကြိမ် နှီးနှောဖလှယ်ပွဲကျင်းပခဲ့ပါတယ်။အဲ့ဒီလို တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးကို အလျင်အမြန်ရယူဖို့ အတွက် ကတိုက်ကရိုက်ရေးဆွဲခဲ့ရတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပိုမို ဒီမိုကရေစီနည်းကျအောင် တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရည်တူရှိတဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်လာအောင် ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ပဲ ဖြစ်ပါတယ်။၁၉၆၂ မတ်လ (၁) ရက်နေ့ ဒုတိယနေ့ နှီးနှောဖလှယ်ပွဲမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကော်မတီ ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ကြ ပါတယ်။ဒါပေမဲ့ နောက်တစ်နေ့ ၁၉၆၂ မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပြီး စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ၀န်ကြီးချုပ်ဦးနုအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ မိမိစိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ဗိုလ်ချုပ်နေ၀င်းရဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပေဒဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေးမှာ ပြိုလဲသွားခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်ဟာ အာဏာထပ်သိမ်းခဲ့ပါတယ်။၁၉၉၀ ခုနှစ် မေလမှာ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ နိုင်ငံတော်အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး။၁၉၉၃ မှာ အမျိုးသားညီလာခံ စတင်ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရေးဆွဲပါတယ်။၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်နေစဉ်မှာ အတည်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။၂၀၁၀ နိုဝင်ဘာ (၁၃) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး သမ္မတအသစ် ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးကာ အမျိုးသားရင်ကြားစေ့ရေဖြစ်စဉ်နှင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို နိဒါန်းပျိုးခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင် ပြီးအပြတ်အသတ်အနိုင်ရကာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် စတင်ဖြစ်ထွန်းလာပါတယ်။

ဒီနေရာမှာ ကျွန်တော်အဓိက ထောက်ပြဆွေးနွေးလိုတာက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းစစ်အာဏာ သိမ်းပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ်ပြဌာန်းခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့သလို ဖွံဖြိုးတိုးတတ်မှုလည်း မရှိခဲ့ပါဘူး။ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ ရေးဆွဲအတည်ပြုခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ပြည်ထောင်စုရေး တိုင်းရင်းသားရေးပြသာနာတွေ ပြေလည်သွားခဲ့ခြင်း မရှိသေးပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စတင်ရေးဆွဲစဉ်ကတည်းက ဒီမိုကရေစီ ပုံစံမကျပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီအတိုင်း ဆက်လက်ထားမယ်ဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးအရ ပိုပြီးချွတ်ချုံကျဖို့ပဲ ရှိပါတယ်။ဒါကို လက်ရှိတပ်မတော် ခေါင်းဆောင်ဟောင်းနှင့် ခေါင်းဆောင် သစ်တွေထဲက သဘောထားပျော့ပြောင်းသူတွေလည်းသိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံချိန်စံညွှန်းတွေနှင့် ပြည့်မှီအောင် ဒီမိုကရေစီစစ်စစ် ဖြစ်အောင် ပြုပြင်ပြောင်းလဲ ယူရပါမယ်။ဖြစ်နိုင်ရင် တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအင်အားစုပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီးပြုလုပ်ပြီး အားလုံးအကျေအလည် ညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ဒါပေမဲ့ အဲ့ဒီလို မပြုလုပ်နိုင်သေးခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တတ်နိုင်သလောက် များများနှင့်မြန်မြန် ပြင်ဆင်ပြောင်းလဲရပါမယ်။အဲ့ဒီအတွက် ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။

မျိုးရန်နောင်သိန်း

၈.၃.၂၀၁၄ (ညနေ ၆း၂၀)

ဆက်လက်ရေးသားဖော်ပြပါမည်။

mynt+2

PNCR

Follow

Get every new post delivered to your Inbox.

Join 2,427 other followers