Home » Domestic News » Burma, Wa & China

Burma, Wa & China

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊ ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း အပါအ၀င် တရုတ်၏ မဟာဗျူဟာ လမ်းကြောင်းများကြောင့်
မြန်မာနိုင်ငံ၏ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာဖြစ်လာ

Burma Wa China

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ‘၀’ တပ်သားများကို တာဝန်ပေးရန် အဆိုတစ်ရပ်အား တရုတ်အာဏာပိုင်များက မြန်မာအစိုးရ တာဝန်ရှိသူများအား အဆိုပြုသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ် သတင်းရင်းမြစ်များထံမှ ရရှိခဲ့သော ထိုသတင်းအတွက် သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။ တရုတ်အာဏာပိုင်များ၏ အဆိုပြုချက်ကို မြန်မာအစိုးရ တာဝန်ရှိသူများက ငြင်းပယ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံ၏ ခါးလယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ အလားအလာမှာ တည်ငြိမ်မှုရှိပြီဟု မဆိုနိုင်ပေ။ ဒေသခံများ ကန့်ကွက်နေသည့် ကြားမှပင် အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုပိုက်လိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ မကျေနပ်မှုများမှာ အားကောင်းနေဆဲဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင်လည်း ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြုပြီး စစ်အင်အားတိုးချဲ့ရာမှ တိုက်ပွဲများဖြစ်ပွားနေသည်။

တရုတ်အကျိုးစီးပွားကို တိုက်ရိုက်အထောက်အကူပြုမည့် ရေနံပိုက်လိုင်းနှင့် ပတ်သက်ပြီး မတည်မငြိမ်ဖြစ်မှုကို တရုတ်အာဏာပိုင်များက မလိုလားချေ။ ထို့ကြောင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုရှိသော ‘၀’ သွေးစည်းညီညွတ်ရေးပါတီမှ ‘၀’ တပ်သားများကို ပိုက်လိုင်းလုံခြုံရေးအတွက် အသုံးပြုရန် စဉ်းစားခဲ့ပုံရသည်။ အပေးအယူအနေဖြင့် မြန်မာအစိုးရက လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ‘၀’ တို့ ပါဝင်လက်မှတ်ရေးထိုးစေမည်ဟူသော အာမခံချက်တစ်ရပ်အား တရုတ်အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု စစ်ရေးအကဲခတ် သတင်းရင်းမြစ်များက ပြောကြားသည်။

တည်ငြိမ်မှု မရှိသေးသော်လည်း ရေနံပိုက်လိုင်း တစ်ခုတည်းဖြင့် တရုတ်တို့ ကျေနပ်နေမည် မဟုတ်ပေ။ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းသည် တရုတ်တို့၏ မဟာဗျူဟာ စီမံကိန်းအနက် ရှေ့ပြေးတစ်ခုသာ ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်ရေးကိုကြိုးစားမည် ဖြစ်သည်။ ထို့အတွက် နှစ်ဖက်အစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်တို့၏ သြဇာခံဘ၀ ရောက်နေသော ‘၀’ ဒေသက အနာဂတ်အတွက် ရတက်မအေးစရာ ဖြစ်နေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံးဖြစ်သော ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို တရုတ်က ထောက်ပံ့ကူညီမှုများ ပေးထားသည်။ ထောက်ပံ့ကူညီမှု မရှိကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုနေသော်လည်း ထွက်ပေါ်နေသည့် အချက်အလက်များက မှန်ကန်မှုကို ရည်ညွှန်းနေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အာဏာပိုင် အချို့နှင့် ‘၀’ ခေါင်းဆောင်များ ကူမင်း၌ တွေ့ဆုံခဲ့ခြင်း ရှိသည့်နည်းတူ ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သော ‘၀’ သွေးစည်းညီညွတ်ရေးပါတီ ပေါလစ်ဗျူရို အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံဖွား ခေါင်းဆောင်များကို ရာထူးမှ အနားပေးလိုက်ကာ တရုတ်ပြည်ဖွား ခေါင်းဆောင်များကို အစားထိုး တာဝန်ပေးလိုက်သည်။

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေး

ပုံစံချင်း ထပ်တူကျရန် မဖြစ်နိုင်သော်လည်း လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးက မြန်မာ-တရုတ် ‘၀’ အရေး ဖြစ်ပေါ်စေနိုင်သည်ဟူသော စိုးရိမ်မှုများကို ထွက်ပေါ်စေခဲ့သည်။

ယူကရိန်းနိုင်ငံ လွတ်လပ်ရေး မရမီအချိန်က ခရိုင်းမီးယားဒေသသည် ရုရှားအပိုင်ထဲတွင် ရှိနေသည်။ ၁၉၉၁ ခုနှစ် ယူကရိန်းလွတ်လပ်ရေး ရပြီးချိန်တွင် ခရိုင်းမီးယားသည် ယူကရိန်းအပိုင် ဖြစ်လာသည်။ သို့သော် ပင်လယ်နက်ထဲမှ ရုရှားရေတပ်ကို ခရိုင်းမီးယားဒေသ၌ ဆက်လက်တပ်စွဲရန် ယူကရိန်းက ခွင့်ပြုခဲ့သည်။ ယူကရိန်းနှင့် ရုရှားအကြား ‘ညီအစ်ကို’ ဆက်ဆံရေး ပြေပြစ်နေချိန်တွင် ခရိုင်းမီးယားဒေသသည် မီးစတစ်ခု မဖြစ်ခဲ့ပေ။

သို့သော် ရုရှားထောက်ခံထားသည့် သမ္မတဗစ်တာယာနုကို လူထုတော်လှန်းရေးဖြင့် ဖြုတ်ချလိုက်သည်။ ထိုသို့ဖြစ်စေရန် အမေရိကန် စီအိုင်အေကွန်ရက်က စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။ ရုရှား၏ တုံ့ပြန်ချက်က ခရိုင်းမီးယားဒေသကို သိမ်းယူလိုက်ခြင်းဖြစ်သည်။ ရုရှားဘာသာစကား အသုံးပြုသူ အများဆုံးနေထိုင်သည့် ခရိုင်းမီးယားဒေသတွင် ရုရှားနှင့် ပြန်လည်ပူးပေါင်းရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် ပြင်ဆင်နေသည်။

မြန်မာ-တရုတ် ‘၀’ အရေး

‘၀’ ဒေသ၏ အခြေအနေသည် ခရိုင်းမီးယားဒေသ အခြေအနေနှင့် ထပ်တူမကျပေ။ သို့သော် ‘၀’ ဒေသတွင် တရုတ်ဘာသာစကား ပြောသူများသာ နေထိုင်ကြသည်။ တရုတ်အများစုဖြစ်ပြီး တရုတ်ငွေကြေးသာ သုံးစွဲသည်။ အချို့သော ကိစ္စရပ်များတွင် တရုတ်အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့်သာ ‘၀’ ခေါင်းဆောင်များက လှုပ်ရှားကြသည်။ တရုတ်၏ အကူအညီကို အပြည့်အ၀ ယူထားသည်။ မြန်မာ-တရုတ် ဆက်ဆံရေးသည် ‘ဆွေမျိုးပေါက်ဖော်’ ဆက်ဆံရေးဖြစ်သည်။ ဆက်ဆံရေး ပြေလည်နေချိန်၌ ‘၀’ ဒေသအရေးသည် တည်ငြိမ်နေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ‘၀’ တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဖြစ်ရန် လိုလားနေသည်။ တောင်းဆိုမှုများလည်း ပြုလုပ်နေသည်။

“ရုရှားက ခရိုင်းမီးယားကို လိုချင်သလိုသလို တရုတ်ကလည်း ‘၀’ ကိုလိုချင်တာပဲ” ဟု နိုင်ငံရေး သုံးသပ်ချက်များ ရေးသားနေသည့် စာရေးဆရာထက်မြက်က ပြောကြားသည်။

“၀ဒေသကို ယူကရိန်းအခြေအနေနဲ့ နှိုင်းယှဉ်ဖို့ကတော့ ရှုပ်ထွေးနေပါသေးတယ်။ ဒါပေမဲ့ ‘၀’ ဒေသကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ လွှမ်းမိုးမှုနဲ့ သြဇာပိုမိုရရှိစေပါတယ်” ဟု အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ Tom Fawthrop ကဆိုသည်။

အခြားတစ်ဖက်တွင်လည်း တရုတ်၏ မဟာဗျူဟာ ပုံစံသစ်က မြန်မာနိုင်ငံကို ဗဟိုပြုနေသည်။

တရုတ်၏ ပုလဲသွယ် မဟာဗျူဟာ

တရုတ်တို့သည် ၎င်းတို့၏ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အခင်းအကျင်းအတွက် မဟာဗျူဟာတစ်ရပ်ကို ၂၀၀၀ ပြည့်နျစ်ကပင် ရှာဖွေခဲ့သည်။ အကျိုးဆက်အားဖြင့် အခြားဒေသများအပေါ် လွှမ်းမိုးမှုရှိရန် အပါအ၀င် စွမ်းအင်လုံခြုံရေးအတွက် အဓိကထား ဆောင်ရွက်မည့် ပုလဲသွယ် မဟာဗျူဟာ (String of Pearl’s Strategy) ကို ချမှတ်ခဲ့သည်။

ထိုမဟာဗျူဟာကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံက အဓိကကျသော နေရာတွင် ရှိနေခဲ့သည်။ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်မှု မရနိုင်သေးသည့် တရုတ်တို့က မြန်မာနိုင်ငံ ကုန်းတွင်းကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာလိုသည်။ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းကို ဖြတ်သန်းနိုင်ပါက တောင်တရုတ်ပင်လယ်မှတစ်ဆင့် မလက္ကာရေလက်ကြားကိုဖြတ်ပြီး အာဖရိကအထိ ခြေဆန့်မည့် တရုတ်ကုန်စည် သယ်ယူပို့ဆောင်ရေးကို ခရီးတိုစေမည်ဖြစ်သည်။

အနာဂတ် စွမ်းအင်လုံခြုံရေးကို အမေရိကန်က ထိန်းချုပ်မှုမပြုနိုင်ရန် ရည်မှန်းသော ပုလဲသွယ် မဟာဗျူဟာသည် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ရန်ဖြစ်သည်။ မဟာဗျုဟာအရ တရုတ်နိုင်ငံမှ ပါရှန်းပင်လယ်ကွေ့အထိ ရေပိုင်နက်အားလုံးကို တရုတ်က လွှမ်းမိုးရန် ရည်ရွယ်သည်။ ပုလဲသွယ် မဟာဗျူဟာအရ ပါကစ္စတန်၊ သိရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် အဓိကဆိပ်ကမ်းများကို တရုတ်က တည်ဆောက်မည်ဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံအတွက် ရေကြောင်းနှင့် ကုန်းတွင်းထွက်ပေါက်အတွက် အရေးပါသော ဗဟိုချက် ဖြစ်လာသည်။

ကျောက်ဖြူသည် ပုလဲသွယ် မဟာဗျူဟာတွင် အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များမှ ရေနံသဘာဝဓာတ်ငွေ့ကို သင်္ဘောဖြင့် သယ်ယူနိုင်ပါသည်။ သို့သော် မြန်မာကုန်းတွင်းကိုဖြတ်ပြီး ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်လုပ်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် အမြန်ရထားလမ်း စီမံကိန်း ဖောက်လုပ်ရန် ပြင်ဆင်ခဲ့သည်။ ထိုစီမံကိန်းက ပုလဲသွယ်ဗျူဟာအတွက် အကြိုခြေလှမ်းများ ဖြစ်လာသည်။

ထို့ပြင် ပုလဲသွယ် မဟာဗျူဟာအရ မြန်မာ့ရေပိုင်နက် အတွင်းရှိ ကိုကိုးကျွန်းသည် တရုတ်ရေတပ်အတွက် မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာပြီး ဇာဒက်ကြီးကျွန်းမှာလည်း တရုတ်ရေတပ် အခြေစိုက်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာသည်။

အမြန်ရထားလမ်းနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲမှု

လက်ရှိအချိန်မှာပင် ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ်နိုင်ငံ၏ လေ့လာချက်များကို မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ပြန်လည်စိစစ် ဆွေးနွေးနေသည်ဟု ဆိုသည်။ ရထားလမ်းအတွက် ကုန်ကျမည့် စရိတ်များကို တရုတ်က ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ နှစ် ၅၀ BOT စီမံကိန်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင်းကို ဖြတ်သန်းဖောက်လုပ်မည့် တရုတ်ပိုင် စီမံကိန်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အမြန်ရထားလမ်း စီမံကိန်းအတွက် အစပျိုးခြင်းဖြစ်သည်။ ရထားလမ်းစီမံကိန်း စတင်သည်နှင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှာ စီမံကိန်း၏ ဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်။

“ဒီရထားလမ်းကို တရုတ်နိုင်ငံက အဓိကထား အသုံးပြုမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ပြီးတော့ တရုတ်ကုမ္ပဏီတွေကနေ ကျောက်ဖြူမှာ ဆောက်လုပ်နေတဲ့ စီးပွားရေးဇုန်အပေါ် လွှမ်းမိုးလာနိုင်ပါတယ်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ပြောကြားသည်။

ထိုထက်ပိုဆိုးသည်မှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်လာမည့် အန္တရာယ် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌ တရုတ်စီမံကိန်းများ အခိုင်အမာ အခြေချထားပြီးဖြစ်သည်။ ထို့နည်းတူ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်လူမျိုးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ စိမ့်ဝင်မှုများမှာလည်း မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးကိုပင် ကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်း စီမံကိန်း စတင်လိုက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံ၏ အရှေ့ဘက်တံခါး မရှိတော့ဘဲ ပြည်ထောင်စု တည်တံ့မှုအတွက် စိုးရိမ်စရာ ဖြစ်လာတော့မည် ဖြစ်ပါသည်။

“အနောက်ဘက်တံခါး လုံခြုံရေးလို့ အကြီးအကျယ် ၀ါဒဖြန့်နေတဲ့ အချိန်မှာ အရှေ့ဘက်မှာ တံခါးတောင်မရှိတဲ့ အဖြစ်မျိုး ရောက်သွားမယ့် စီမံကိန်း ဖြစ်ပါတယ်။ နှစ် ၅၀ BOT ကို တရုတ်ငွေနဲ့ဆောက်တဲ့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်ရာရောက်ပါတယ်။ အသေအချာ လေ့လာသုံးသပ်ပြီးတဲ့အခါ ဒီစီမံကိန်းကို လက်ခံခဲ့သူ၊ အကောင်အထည်ဖော်တဲ့ သူတွေဟာ မြန်မာနိုင်ငံသားမှ ဟုတ်ရဲ့လားလို့တောင် သံသယရှိပါတယ်။ မျိုးချစ်စိတ် တစ်စက်မှမရှိတဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ၀ိုင်းကန့်ကွက်ကြရမယ်” ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

“ကျောက်ဖြူ-ကူမင်း ရထားလမ်းပဲဖြစ်ဖြစ် ယေဘုယျအားဖြင့်ပြောရင် တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတွေ အားလုံးကို ဒီအချိန်မှာ အတော်စဉ်းစားဖို့ ကောင်းပါတယ်။ တိုင်းပြည်မှာ အမျိုးသားရေး ခံစားမှုနဲ့ စိုးရိမ်စိတ်တွေ အပြည့်ရှိနေချိန်မှာ မစဉ်းစားလို့မရပါဘူး။ လမ်းဖောက်တာ ကောင်းတာပဲလို့ တွေးပေးချင်ပေမယ့် အခုချိန်မှာ ပြဿနာတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အကောင်းမြင်ပေးလို့ မရဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ခဲ့တယ် ဆိုပေမယ့် သူတို့ရည်ရွယ်ချက်ကို ပြန်ကြည့်တဲ့အခါ အဓိပ္ပာယ်က စီးပွားရေးအမြင်ထက် မဟာဗျူဟာအရ လုပ်တာဖြစ်နေတယ်။ အခုချိန် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အမျိုးသားရေး ခံစားချက်နဲ့ စိုးရိမ်စိတ်တွေ ရှိနေတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားသင့်တယ်ပဲ မြင်ပါတယ်” ဟု စာရေးဆရာ သန်းစိုးနိုင်က ပြောကြားသည်။

“ရထားလမ်းစီမံကိန်းဟာ စီးပွားရေးအရ လက်ခံနိုင်ပေမယ့် တရုတ်မှာ ဒီထက်မကတဲ့ ရည်ရွယ်ချက်တွေ ရှိလာနိုင်ပါတယ်” ဟု စာရေးဆရာထက်မြက်က ပြောကြားသည်။

မြန်မာ-တရုတ် ဆက်ဆံရေး သမိုင်းကြောင်းအရ တရုတ်နိုင်ငံသည် မြန်မာပြည်တွင်းရေးကို ၀င်မစွက်ဟူသည့်မူ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကျူးကျော်ဝင်ရောက်ခဲ့သည့် သမိုင်းများ ရှိခဲ့ဖူးသည်။ ထိုဝင်ရောက်မှုများမှာ ကူမင်တန်များကို တိုက်ခိုက်ရန် အကြောင်းပြချက်ဖြင့် ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ်ဝင်ရောက်ခဲ့ဖူးပြီး ၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းအပြီး ၁၉၆၈ နှစ်ဆန်းပိုင်း၌ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်များနှင့်အတူ ၀င်ရောက်ခဲ့ခြင်းများ ရှိခဲ့သည်။

“တရုတ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံနဲ့မဆို လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အမျိုးသားစီးပွားရေး၊ အမျိုးသားကျန်းမာရေး၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားလုံခြုံရေး အမြင်တွေနဲ့ ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

လာအို ဥပမာ

မြန်မာနိုင်ငံအတွင်း တရုတ်၏ လွှမ်းမိုးမှု ရှိနေသည်မှာ ဆယ်စုနှစ်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံ၌သာ မကဘဲ အရှေ့တောင်အာရှဒေသ နိုင်ငံများအပေါ်တွင် စစ်ရေးအရ လွှမ်းမိုးမှု ကျယ်ပြန့်ခြင်းမှာ ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်းကပင် အစပြုခဲ့သည်။

ထိုအချိန်မှာပင် မြန်မာနှင့် လာအိုနိုင်ငံတို့၏ အချုပ်အခြာအာဏာအပေါ် တရုတ်၏ လွှမ်းမိုးမှုအား စိုးရိမ်စိတ်များနှင့်အတူ မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းတိုင်းသည် တစ်ဖက်စောင်းနင်းဖြစ်ပြီး တရားမျှတမှု မရှိသော စာချုပ်များ ဖြစ်နေခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တရုတ်အစိုးရ အဓိကထား လုပ်ကိုင်နေသော စီမံကိန်းကြီး ငါးခုရှိနေသည်။ ထိုစီမံကိန်းများမှာ လက်ပံတောင်းတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းစီမံကိန်းနှင့် တကောင်းနီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတို့ဖြစ်သည်။

ထိုစီမံကိန်းများအနက် မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ယာယီရပ်ဆိုင်းထားသည်။ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းမှာ ပြီးစီးခဲ့ပြီး လက်ပံတောင်းတောင် စီမံကိန်းမှာ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေနဲ့ ရေအားလျှပ်စစ် ဆောက်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကနေ လွှမ်းမိုးလာနေပါတယ်။ ဒီလိုမျိုး အငြင်းပွားစရာ စီမံကိန်းတွေက တရုတ်နိုင်ငံအတွက် အကျိုးကျေးဇူး အများကြီးဖြစ်ထွန်းစေတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ ဒီလိုမျိုး သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ရေကာတာ စီမံကိန်းတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေဆီကနေ ကောင်းကျိုးထက်စာရင် ဘယ်လိုဆိုးကျိုးတွေ ပိုရနေသလဲ။ ရရှိတဲ့ အကျိုးကျေးဇူးက တရုတ်အတွက် ပိုများပါတယ်” ဟု သတင်းစာဆရာ Tom Fawthrop ကပြောကြားသည်။

“တရုတ်ကို အားကိုးမှုရှိနေရင်တော့ တရုတ်က အသုံးချမှာပဲ။ ဗိုက်နာရင် ဆရာကြိုက်တယ် ဆိုသလိုပေါ့။ ဆရာမကြိုက်ဖို့ဆိုရင် ကျွန်တော်တို့ဘက်က ဗိုက်မနာအောင် လုပ်ဖို့ပဲရှိတယ်” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“သူတို့ကြားမှာ ဘာတွေအပေးအယူ လုပ်ထားလဲ ကျွန်တော်တို့ မသိရဘူး။ လက်လှမ်းမမီနိုင်တာတွေ ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က နောက်ဆုံးမှ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတိုင်းကိုတော့ အမျိုးသား အကျိုးစီးပွားကနေ ကြည့်ရမှာပဲ။ အမျိုးသားလုံခြုံရေး ရှုထောင့်ကကြည့်ဖို့ အစိုးရမှာ တာဝန်ရှိတယ်” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးရှုထောင့်မှ စဉ်းစားသူများက ခွင့်မပြုသင့်ကြောင်း ပြောကြားထားသည်။

သာမန်အားဖြင့် စီးပွားရေးရှုထောင့်မှကြည့်ပြီး ခွင့်ပြုလိုက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက် ပြဿနာများမှာ မှန်းဆရန် ခက်ခဲသည်အထိ ကျယ်ပြန့်သွားမည်ဖြစ်သည်။

“ရခိုင်ပဋိပက္ခ၊ ပြည်တွင်းမွတ်စလင် အဓိကရုဏ်းတွေကြားထဲမှာ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းပြီးသွားတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွေကြားထဲမှာ ဒီရထားလမ်းကြီး ပြီးသွားလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဘက်ပေါင်းစုံက အနေအထားကို တွက်ဆထားရမယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ-တရုတ် ဆက်ဆံရေး ရက်စဉ်သမိုင်း

၁၉၄၉ ခုနှစ်
အောက်တိုဘာ ၁ – မော်စီတုံး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်။
ဒီဇင်ဘာ ၁၈ – တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာအသိအမှတ်ပြု။ မြန်မာနိုင်ငံသည် တရုတ်ကွန်မြူနစ် အစိုးရကို အသိအမှတ်ပြုသည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်ခဲ့။

၁၉၅၀ ပြည့်နှစ်
ဇန်န၀ါရီမှ မတ် – ယူနန်မှ ကူမင်တန်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် မြန်မာနိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၌ အခြေစိုက်စခန်းတစ်ခု ထူထောင်။
ဇွန် ၈ – တရုတ်နှင့် မြန်မာသံအမတ်ကြီးအဆင့် သံအဆက်အသွယ်ပြုလုပ်။ မြန်မာနိုင်ငံသည် ပေကျင်းနှင့် သံအဆက်အသွယ်ပြုလုပ်သော ၁၆ ခုမြောက်နိုင်ငံဖြစ်လာ။

၁၉၅၁ ခုနှစ်
အောက်တိုဘာ ၂၀ – မြန်မာ-တရုတ် မိတ်ဆွေဖြစ်အသင်းကို ရန်ကုန်မြို့၌ ထူထောင်။ ၁၉၅၂ ခုနှစ် မေ ၁၁ ရက်တွင် ပေကျင်း၌ ထူထောင်ခဲ့။

၁၉၅၃ ခုနှစ်
မတ်- အကြောင်းမဲ့ ကျူးကျော်မှုပြုလုပ်သည် တရုတ်အမျိုးသားအစိုးရအား မြန်မာစွပ်စွဲ။

၁၉၅၄ ခုနှစ်
ဧပြီ ၂၂ – တရုတ်နှင့်မြန်မာ ပထမဆုံး စီးပွားကုန်သွယ်မှုစာချုပ် ချုပ်ဆို။
ဇွန် ၂၈ မှ ၂၉ – တရုတ်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်။ ပူးတွဲကြေညာချက်တွင် ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို’ ထောက်ခံပြောဆိုပြီး တရုတ်-မြန်မာ ဆက်ဆံရေးအတွက် လမ်းညွှန်အဖြစ်

Read More ====> http://news-eleven.com/politic/%E1%82%90%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8-%E1%80%9A%E1%80%B0%E1%80%80%E1%80%9B%E1%8

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: