ပုဒ်မ ၄၃၆ ကိုဘယ်လိုပြင်မလဲ

နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ စံနှုန်းရှု့ထောင့်များနှင့် သုံးသပ်ဆုံးဖြတ်၍မရသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း (သို့မဟုတ်) ပုဒ်မ ၄၃၆ ကိုဘယ်လိုပြင်မလဲ
ဆောင်းပါးရှင်- မျိုးရန်နောင်သိန်း
mynt+2
အခုတစ်လော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန်အတွက် ပြည်သူတွေကြားမှာ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ပုဒ်မ ၄၃၆ တွင် ပုဒ်မခွဲ (က) နှင့် (ခ) ရှိပါတယ်။ပုဒ်မခွဲ ၄၃၆ (ခ) အရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မတစ်ချို့ကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ် စုစုပေါင်းရဲ့ ၇၅% ကျော်မှ ထောက်ခံသဘောတူမှရပါမယ်။ ပုဒ်မ၄၃၆ (က) အရ တပ်မတော်နှင့်သက်ဆိုင်သောအခန်းကဏ္ဍများ အရင်စစ်အစိုးရက အရေးကြီးတယ်လို့ ယူဆထားတဲ့ ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၅% ကျော်ကပြင်ဆင်ဖို့ သဘောတူပြီးလျှင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး အတည်ပြုပေးရမှာပါ။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ခက်ခဲရန်ပြုလုပ်ထားတယ် ပုဒ်မ၄၃၆ကို အရင်ပြင်ရမယ်လို့ ပြောဆိုဆွေးနွေးလာကြခြင်ဖြစ်ပါတယ်။ အဲဒီလိုမျိုးဆွေးနွေးလာကြတာကလဲ သဘာဝကြပါတယ်။ ပြည်ထောင် စုလွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်က ၇၅% သာရှိပြီး တပ်မတော်သားကိုယ်စာလှယ် က ၂၅% ပါဝင်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကိုကိုယ်စားပြုထားတဲ့ ပြည်သူ့ကိုယ်စားလှယ်၁၀၀%က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အကြောင်းအရာတစ်ခုခုကို ပြင်ဆင်ချင်ရင်တောင် တပ်မတော်သား ကိုယ်စားလှယ်တွေက သဘောမတူလျှင်ပြင်မရပါဘူး။ အဲဒီတပ်မတော်သားကိုယ်စားလှယ်တွေအားလုံးကို ကာကွယ်ရေးဦးစီးချုပ်က သူ့စိတ်တိုင်ကျရွေးချယ်ခန့်ထားတာပါ။ သူစိတ်တိုင်ကျ ထုတ်ချင်တဲ့သူကို ထုတ် ထဲချင်တဲ့သူကိုထဲလုပ်နေတာပါ။ ဒါကြောင့်မို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်ရှိနေတာပါ။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်က သဘောတူမှရမှာပါ။ ဒါကြောင့်လဲပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်မှာ အခွင့်အာဏာအများကြီးရှိနေတယ်လို့ ထောက်ပြနေကြခြင်းဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ ကြိုးစားလာ ကြတာပါ။ ဒီနေရာမှာအဲဒီလို ပြင်ဆင်ဖို့အတွက် ဘယ်အချက်ကိုကိန်းသေထား၍ ဘယ်အချက်ကို ပြင်ဆင်မလဲ ဆိုတဲ့အချက်ပေါ်လာပါတယ်။ ဆိုလိုတာက တပ်မတော်သား၂၅% ကိုကိန်းသေထားပြီး ၇၅% အထက် ဆိုတဲ့ အချက်ကို ပြင်ဆင်မှာလား။ ၇၅% အထက်ကို ကိန်းသေထားပြီး တပ်မတော်သား၂၅% အရေအတွက်ကိုလျော့ ချမှာလား၊ ဒါမှမဟုတ် အဲနှစ်ချက်စလုံးကိုပြင်ဆက်မှာလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ ဒီရက်ပိုင်အတွင်း အဓိကပြောဆိုဆွေးနွေးဒါကိုကြားရတာက ၇၅%အထက်ဆိုဒါကို လျော့ချဖို့ လိုလားနေကြကြောင်းတွေ့ရပါ တယ်။ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဖွဲ့စည်းပုံ ပြင်ဖို့လိုအပ်တဲ့ ထောက်ခံမှု ၇၅%ကို ၃၈% အထိလျော့ချပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာလဲ လိုအပ်တဲ့ ပြည်သူလူထုထောက်ခံမှု ထက်ဝက်ကျော်ကို ၃၇% အထိလျော့ချဖို့ အဆိုတင်သွင်းမယ်လို့ တွေ့လိုက်ရပါ တယ်။ထို့အပြင် ၂၀၁၄ ခုနှစ် ဖော်ဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှု့ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က “ ၄၃၆ ဘယ်လိုပြင်ဖို့ဆိုတာ အခုမှ ဆွေးနွေးရ မယ်၊အထူးသဖြင့် ၄၃၆ (က)ကော ပြင်ဆင်ဖို့ ခက်တယ်လေ၊ ဒါကလည်း နိုင်ငံတကာကလည်း ပြောတာပဲ၊ ပြင်ဖို့အခက်ဆုံးဆိုတာကို။ ပြင်ဖို့ခက်တာဆိုတာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းပုံကို ခိုင်မာအောင် လုပ်ထားတဲ့သဘောပဲ၊ ဒါပေမဲ့ ဘယ်လောက်ပြင်ဖို့ခက်ခက် ပြည်သူလူထုအပေါ်မှာမူတည်တယ်၊ ပြည်သူ့ဆန္ဒ ပေါ်မှာ မူတည်ဆောင်ရွက်ရမယ်။ ၄၃၆ (က) ခက်နေလို့ မလုပ်တော့ဘူးလားဆိုတော့ လုပ်ကိုလုပ်ရမှာပေါ့။ ၄၃၆ (ခ) ဆိုလည်း လုပ်ကိုလုပ်ရမှာ” လို့ ပြောကြားခဲ့တာကို ၂၀.၂.၂၀၁၄ နေ့ထုတ် Daily Eleven သတင်းစာ မှာ ဖော်ပြထားတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဘယ်လိုပြင်မလဲဆိုတာ မပြောပါဘူး။ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အတွက် မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဆန္ဒဖော်ထုတ်ပွဲတွေပြုလုပ်နေတာလည်း တွေ့ရှိရပါတယ်။ ပုဒ်မ ၄၃၆ ကို ပြင်မယ်လို့ ပြောလိုက်ရင် ကျွန်တော်ခေါင်းထဲ ပြေးမြင်လာတာက ၇၅% ကျော်ဆိုတဲ့ အချက်ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရင် ၇၅% ကျော် လိုအပ်နေခြင်းက သဘာဝကျပါသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြင်ဆင်ရန်ခက်ခဲတာ သဘာဝကျပါသလား။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းထားပုံပါ။ အဲ့ဒီနိုင်ငံကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမယ်၊ပြည်ထောင်စုလား၊တစ်ပြည်ထောင်လား၊ပြည်ထောင်စုထဲမှာပြည်နယ်ဘယ်နှစ်ခုပါမလဲ။အုပ်ချုပ်ရေး၊ဥပဒေပြု ရေး၊တရားစီရင်ရေး အဖွဲ့တွေ့ကို ဘယ်လိုမျိုးဖွဲ့စည်းမလဲ။အပြန်အလှန် ဘယ်လိုထိန်းကျောင်းမလဲ။ နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုဘယ်လိုကာကွယ်ပေးထားမလဲ။လူနည်းစုတွေကိုဘယ်လိုကာကွယ်ပေးမလအစ ရှိတာတွေကို အားလုံးပြည့်စုံအောင် ထည့်သွင်းရေးဆွဲထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံပါ။ အဲ့ဒီနိုင်ငံ ဖွဲ့စည်းမှု့ရဲ့ အသက်သွေးကြောပါ။အဲ့ဒီနိုင်ငံမှာ ပြဌာန်းမဲ့ ဥပဒေအားလုံး အခြေခံရမဲ့ စည်းမျဉ်း၊ဒါမှမဟုတ် အမြင့်ဆုံး ဥပဒေပါ။ ဒါကြောင့်မို.လို့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အလွယ်တကူ ပြင်ဆင်လို့ရအောင် ပြုလုပ်ထားလေ့မရှိပါဘူး။ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအားလုံးနီးပါးရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာပြင်ရခက်လေ့ရှိပါတယ်။
အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြည့်မယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ (Amendment) အဆိုကို (Senate နှင့် House of Representatives) လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ လွှတ်တော်တစ်ရပ်ချင်းဆီက ကိုယ်စားလှယ်သုံးပုံနှစ်ပုံက ပြင်ဆင်ရေးအဆိုကို တင်သွင်းရပါတယ်။ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုအတွင်းမှာ ပါဝင်တဲ့ ပြည်နယ်စုစုပေါင်း ၅၀ ရဲ့သုံးပုံနှစ်ပုံသောပြည်နယ် ပြည်နယ် ၃၄ ပြည်နယ်ရဲ့ လွှတ်တော်တွေရဲ့တောင်းဆိုချက်နှင့် ပြည်ထောင်စုလွှတ်တော်က အမျိုးသားညီလာခံ (National Convention) ကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆွေးနွေးရပါတယ်။ဒါဟာ အဆိုတင်သွင်းတဲ့ အဆင့်ပါ။အဲ့ဒီအဆိုကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အားလုံးရဲ့ လေးပုံသုံးပုံ (၃၈ ပြည်နယ်) တွေရဲ့ လွှတ်တော်တွေ ကအတည်ပြုပေးရင် အတည်ဖြစ်ပါတယ်။ဒါမှမဟုတ် ပြည်နယ်တွေအားလုံးရဲ့ လေးပုံသုံးပုံ (ပြည်နယ် ၅၀ ထဲက ၃၈ ပြည်နယ်) မှာ ညီလာခံကျင်းပပြီး အတည်ပြုပေးလို့ရပါတယ်။
ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရတာမလွယ်ပါဘူး ၊အလွန်ခက်ပါ တယ်။ဒါဟာ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ကမ္ဘာနိုင်ငံအားလုံးနီးပါးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ခက်ခဲပါတယ်။နိုင်ငံတိုင်းရဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလာရင် အနည်းဆုံး Absolute majority (two-third majority) လိုလေ့ရှိပါတယ်၊ Super majority (three-fourth majority)လိုလေ့ရှိပါတယ်။ လူထုဆန္ဒခံယူပွဲပြုလုပ်ပီး အတည်ပြုချက်ယူသင့်တဲ့အခါ ယူရလေ့ရှိပါတယ်။
Australia နှင့် Ireland နိုင်ငံတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပြည်ထောင်စုလွှတ်တော်က အရင်ဆုံးဖြတ်ရပါတယ်။ နောက်ပြီး လူထုဆန္ဒခံယူပွဲကျင်းပပြီးအတည်ပြု ပေးရ ပါတယ်။ လူထုဆန္ဒခံယူပွဲမှာ Australia ပြည်ထောင်စုအတွင်းမှာ ပါဝင်ကြတဲ့ ပြည်နယ်တစ်ဝက်ကျော်မှာ နေထိုင်ကြတဲ့မဲဆန္ဒရှင်ပြည်သူတစ်ဝက်ကျော်ကထောက်ခံမှ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ Switzerland နိုင်ငံမှာဆိုရင် လည်း အလားတူပုံစဲမျိုး ကျင့်သုံးပါတယ်။
အီတလီ (Italy) နိုင်ငံမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ် သုံးပုံနှစ်ပုံ (absolute majority) က ထောက်ခံရင်အဲ့ဒီ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေကြမ်းကအတည်ဖြစ်ပါတယ်။အကယ်၍ အဲဒီဥပဒေကြမ်း ကိုပြည်ထောင်စု လွှတ်တော်ရဲ့ လွှတ်တော်နှစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ် ၅၀% ကျော်က ထောက်ခံထားပြီး အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းကို အတည်ပြုထားခဲ့ရင် လူထုဆန္ဒခံယူပွဲကျင်းပပြီး ပြန်လည်သုံသပ်ပေးဖို့ တောင်းဆိုခွင့်ရှိပါတယ်။ အီတလီ (Italy) နိုင်ငံသား ငါးသိန်း သို့မဟုတ် ပြည်ထောင်စုလွှတ်တော် တစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ် ငါးပုံတစ်ပုံ သို့မဟုတ် အီတလီပြည်ထောင်စုအတွင်းမှာရှိတဲ့ ပြည်နယ် ၂၀ ထဲကပြည်နယ် ၅ ခုရဲ့ လွှတ်တော် တွေက အတည်ပြုပြီး ၃လ အတွင်းပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ တောင်းဆိုလို့ရပါတယ်။အဲ့ဒီအခါမှာ ပြည်သူ့ ဆန္ဒခံပြီး ဆုံးဖြတ်ခံယူရပါတယ်။
တောင်အာဖရိကနိုင်ငံကိုလေ့လာကြည့်ပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်ပြည်ထောင်စု လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို ပြည်ထောင်စုပြည်သူ့လွှတ်တော် (National Assembly)ကိုတင်သွင်းရပါတယ်။ ပြည်ထောင်စုပြည်သူ့လွှတ်တော်(National Assembly)ကိုမတင်သွင်းမီ ရက် ၃၀ ကြိုတင်ပြီး အဲ့ဒီပြည်ထောင်စုပြည်သူ့(National Assembly)လွှတ်တော်ကိုတင်ပြမဲ့ ဥပဒေ ကြမ်းကို ပြည်သူတွေလေ့လာပြီး ဝေဖန်ချက်ပေးနိုင်ရန် ပြည်သူတွေကိုတင်ပြရပါတယ်။ဒါ့အပြင် ပြည်နယ်လွှတ် တော်တွေရဲ့ အတည်ပြုချက်ရယူဖို့ တင်ပြရပါတယ်။ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းဟာ ပြည်ထောင်စုအမျိုးသားလွှတ်တော် (National Council of Provinces) ရဲ့ အဆုံးအဖြတ်ကို ရယူရလောက် အောင် အရေးကြီးတဲ့ ဥပဒေကြမ်းမဟုတ်ခဲ့ရင် အဲ့ဒီဥပဒေကြမ်းကို ပြည်ထောင်စုအမျိုးသားလွှတ်တော်ကို ဆွေးနွေးဖို့ တင်ပြရပါတယ်။တောင်အာဖရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု ပြည်သူ့လွှတ်တော်(Nationa Assembly)စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ (Absolute Majority) ရဲ့ ထောက်ခံဆန္ဒမဲနဲ့ အတည်ပြုရပါတယ်။အကယ်၍ အဲ့ဒီဥပဒေကြမ်းဟာ ပြည်ထောင်စုအမျိုးသားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်တဲ့ ဥပဒေကြမ်းမျိုးဖြစ်ခဲ့လျှင် ပြည်ထောင်စုအမျိုးသားလွှတ်တော်(National Council of Provinces) ရဲ့ သုံးပုံနှစ်ပုံ(ပြည်နယ် ၉ ပြည်နယ်ထဲက အနည်းဆုံး ၆ ပြည်နယ်) ရဲ့ သဘောတူညီချက်ကိုရယူရပါတယ်။ အကယ်၍ အဲ့ဒီပြင်ဆင်ရေး ဥပဒေကြမ်းဟာ တောင်အာဖရိကနိုင်ငံရဲ့ ပြည်နယ်တစ်ခုခုနဲ့ တိုက်ရိုက်ပတ်သတ် နေခဲ့လျှင် အဲ့ဒီပြည်နယ်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရပါတယ်။တောင်အာဖရိကနိုင်ငံ အခြေခံဥပဒေရဲ့ အခြေခံနှုန်းစံတွေပါတဲ့ အချက်တွေကို ပြင်ဆင်ချင်ရင်တော့ ပိုမိုခက်ခဲပါတယ်။ပြည်ထောင်စုပြည်သူ့လွှတ်တော် (National Assembly)ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅%(Super Majority)ရဲ့ ထောက်ခံမှု့လိုအပ်သလို ပြည်ထောင်စုအမျိုးသားလွှတ်တော် (National Council of provinces)ရဲ့ ပြည်နယ် ၉ ခုထဲက ပြည်နယ် ၆ ပြည်နယ်ရဲ့ အတည်ပြုချက်ရယူရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအများစုမှာ နိုင်ငံရဲ့အခြေခံဖွဲ့စည်းမှုပုံသဏ္ဍန်တွေ ဒီမိုကရေစီစံချိန်စံညွန်း တွေ နိုင်ငံသားအခွင့်အရေးဆိုင်ရာတွေ၊ ပြည်နယ်အခွင့်အရေးဆိုင်ရာတွေစတဲ့ အရေးကြီးတဲ့ နိုင်ငံသားများကိုကာကွယ်ပေးတဲ့အချက်တွေကိုပြင်ဆင်ရ အလွန်ခက်ခဲအောင်ပြုလုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ ပုဒ်မတွေကို Entrench Clause သို့မဟုတ် Eternity Clause လို့ခေါ်လေ့ရှိပါတယ်။ (Entrench Clause က ပြင်ရအလွန်ခက်အောင် လုပ်ထားတာပါ Eternity Clause ဆိုရင် ပြင်လို့မရအောင်ကို လုပ်ထားတာပါ)။ ဥပမာအားဖြင့် ဂျာမနီနိုင်ငံကို လေ့လာ ကြည့်ရအောင်ပါ။
ဂျာမနီနိုင်ငံရဲ့ ပုဒ်မ ၇၉ စာပိုဒ် (၃)ဟာ Enternity Clause ပဲဖြစ်ပါတယ်။ ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံရဲ့ ဒီမိုကရေစီအခြေခံမူတွေကို လုံးဝပြင်ဆင်ပြောင်းလဲခွင့်မရှိပါ ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
အဲ့ဒီအခြေခံမူတွေကတော့
-နိုင်ငံအာဏာပိုင်များ၏တာဝန်- လူသားတစ်ဦး၏ ဂုဏ်သိက္ခာကိုထိခိုက်ချိုးဖောက်ညှိုးနွမ်းအောင် မပြုလုပ်ရပါ။ လူသားဂုဏ်သိက္ခာကို လေးစားကာကွယ်ခြင်းသည် နိုင်ငံတကာအာဏာပိုင်များ၏ အဓိကတာဝန်ဖြစ်သည်။
-လူ့အခွင့်အရေးကို အသိအမှတ်ပြုလေးစားခြင်း- ဂျာမနီနိုင်ငံ ပြည်သူ/သားများသည် လူ့အခွင့်အရေးကို ကမ္ဘာ့လူ့အဖွဲ့အစည်းတိုင်း၏အခြေခံအဖြစ်၊ငြိမ်းချမ်းရေး၏ အခြေခံအဖြစ်၊တရားမျှတမှု၏ အခြေခံအဖြစ် အသိ အမှတ်ပြုလေးစားရမည်။
-တိုက်ရိုက်အသက်သွင်းရမည့်ဥပဒေ- အဆိုပါလူ့အခွင့်အရေးများသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး၊တရားစီ ရင်ရေးမှ တိုက်ရိုက်အသက်သွင်းရမည့် ဥပဒေများဖြစ်အောင် ချည်နှောင်ထားသည့် အခြေခံအခွင့်အရေးများ ဖြစ်သည်။
-သမ္မတနိုင်ငံ
-ဖက်ဒရယ်ပြည်ထောင်စု
-သာတူညီမျှမှုကိုအာမခံသောနိုင်ငံ- social state
-ပြည်သူများ၏အချုပ်အခြာအာဏာ- နိုင်ငံအာဏာပိုင်များ၏ လုပ်ပိုင်ခွင့် အာဏာအားလုံးသည် ပြည်သူ့အပိုင် ဖြစ်ပြီး ပြည်သူ့ကိုယ်စားဆောင်ရွက်ခြင်းဖြစ်သည်။
-ဒီမိုကရေစီနိုင်ငံ- ပြည်ထောင်စု၊ ပြည်နယ်၏အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့များအားလုံးကို ပြည်သူများ၏ရွေးချယ်တင်မြောက်မှု၊ မဲဆန္ဒအရသာဖြစ်ရမည်။
-တရားဥပဒေစိုးမိုးရေး Rule of Law- ဥပဒေပြုရေးအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဥပဒေပြုရမည်။
ဂျာမဏီနိုင်ငံဖွဲ့ စည်းပုံအခြေခံဥပဒေအရအထက်ပါအချက်တွေဟာလုံးဝပြင်ဆင်လို့ မရတဲ့အချက်တွေပါ။

တိုင်းရင်းသားလူမျိုးများ နှင့် ဒီမိုကရေစီ အင်အားစုများစုပေါင်း ဖွဲ့စည်းခဲ့သော “ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်းရေးဆွဲရေးနှင့်ညှိနှိုင်းမှုကော်မတီ” (Federal Constitution Drafting and Coordinating Committee- FCDCC ) မှ ပြုစုရေးသားတင်ပြခဲ့သော- ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းအခန်းကိုလေ့လာကြည့်ပါ။
အခန်း(၁၄)
ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ခြင်း
(Amendment of Constitution)
ပုဒ်မ (၂၀၃) ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပိုင်ခွင့်
(က) အတိအကျပြဌာန်းသတ်မှတ်သော ဥပဒေဖြင့်ဖြစ်စေ၊ ပြဌာန်းချက်ကိုဖြည့်စွက်ခြင်းဖြင့်ဖြစ်စေ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်နိုင်ခွင့်ရှိစေရမည်။
(ခ) အောက်ဖော်ပြပါပြဌာန်းချက်များအား ပြင်ဆင်ရန်ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာ ဖြင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှသာလျှင် ပြင်ဆင်ခွင့်ရှိစေရမည်။
(၁) ပုဒ်မ (၁)တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ အမည်နှင့်သက်ဆိုင်သည့်ကိစ္စ၊
(၂) ပုဒ်မ (၂)တွင် ပြဌာန်းထားသည့် ပြည်နယ်များ၏ နိုင်ငံရေးအာဏာနှင့် သက်ဆိုင်သည့်ကိစ္စ၊
(၃) ပုဒ်မ (၅) တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကိစ္စ၊
(၄) ပုဒ်မ (၈) တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ နယ်နိမိတ်နှင့်သက်ဆိုင်သည့်ကိစ္စ၊
(၅) ပုဒ်မ (၉) တွင် ပြဌာန်းထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲခြင်းကိစ္စ၊
(၆) ပုဒ်မ (၄၈)တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကိစ္စ၊
(၇) ပုဒ်မ (၆၀)တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းမှုကိစ္စ၊
(၈) ပုဒ်မ (၁၂၁)(က)တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမှုကိစ္စ၊
(ဂ) အထက်ပါ ပုဒ်မခွဲ (ခ)တွင် အတိအကျသတ်မှတ်ပြဌာန်းထားသော ပြဌာန်းချက်များနှင့် အကြုံးမ၀င်သော ပြဌာန်းချက်များကို ပြင်ဆင်ရန်ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်ခွင့်ရှိစေရမည်။
ပုဒ်မ (၂၀၄) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအတည်ဖြစ်ခြင်း
ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းဖြင့် အတည်ဖြစ်စေရမည်။
(၁) လွှတ်တော်တစ်ရပ်ရပ်တွင် ကိုယ်စားလှယ်ဦးရေအနည်းဆုံး သုံးပုံတစ်ပုံ ထောက်ခံမှုဖြင့် အမျိုးသားလွှတ် တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ပြည်နယ်များသည် အမျိုးသားလွှတ်တော်က တစ်ဆင့် သော်လည်းကောင်း၊ ပြည်သူလူထုသည် သက်ဆိုင်ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် သော်လည်းကောင်းပြင်ဆင်ချက် ဥပဒေကြမ်းကို စတင်အဆိုပြုတင်သွင်းနိုင်သည်။
(၂) ပြင်ဆင်ချက်ဥပဒေကြမ်းကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၊ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ နှင့် အခြားလွှတ်တော်တရပ်သို့ အကြောင်းကြားအသိပေးရမည်။
(၃) ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် ပြင်ဆင်ရန်အဆို ပြုချက်ကို လက်ခံရရှိပြီးနောက် ၄င်းတို့၏ သဘောထားများကို (၄၅)ရက်အတွင်း ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ ပြည်လည်ပေးပို့ရမည်။
(၄) ပုဒ်မ (၂၀၃) ပုဒ်မခွဲ (ခ) ပါပြဌာန်းချက်များအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော် တစ်ရပ်စီတွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံ၏ ထောက်ခံမှုမရရှိလျှင် ပြည်နယ်လွှတ်တော်များသို့ ဆက်လက်ပေးပို့ရမည်။ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံမှုရရှိပါက လူထုဆန္ဒခံယူပွဲကို ကျင်းပရမည်။လူထုဆန္ဒခံယူပွဲတွင် ပြည်သူလူထုထောက်ခံဆန္ဒမဲ ထက်ဝက်ကျော်ရရှိပါက ဥပဒေကြမ်းသည်အတည်ဖြစ်စေရမည်။
(၅) ပုဒ်မ (၂၀၃) ပုဒ်မခွဲ (ဂ) ပါပြဌာန်းချက်များအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော် တရပ်စီတွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံထောက်ခံမှုရှိလျှင် ပြည်နယ်လွှတ်တော်များသို့ ဆက်လက်ပေးပို့ပြီး ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံမှုကိုရရှိပါက ဥပဒေကြမ်းသည် အတည်ဖြစ်စေရမည်။
(၆) အထက်ပါ အပိုဒ်ခွဲ (၄) နှင့် (၅) အရ အတည်ပြုပြီးသော ဥပဒေကြမ်းကို ပုဒ်မ (၁၁၄) အပိုဒ်ခွဲ (ဋ) ပါအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။
အထက်ပါဖော်ပြခဲ့တဲ့ FCDCC က ရေးသားတင်ပြခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အရလည်း အဲ့ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွယ်တ ကူပြင်ဆင်လို့မရအောင် ပြုလုပ် ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး ကျွန်တော်အခုလို အကိုးအကား အထောက်အထားတွေနဲ့ တင်ပြနေရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဟာ အဲ့ဒီနိုင်ငံရဲ့ အမြင့်ဆုံးဥပဒေ အသက်သွေးကြောဖြစ်လို့ ပြင်ဆင်ရခက်ရမယ်၊ အလွယ်တကူပြင်ဆင်လို့မရနိုင်အောင်လုပ်ရမယ်ဆိုတာကို သက်သေထူပြောဆိုလိုခြင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကတော့တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မတူဘဲ အထူးစဉ်းစားရမှာပါ။ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ပြီး စစ်အာဏာရှင်အစိုးရက စစ်တပ်ရဲ့ လွမ်းမိုးအုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ပြုလုပ်ထား တဲ့ အခြေခံဥပဒေဖြစ်လို့ပါ၊ ဖြစ်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးပေါင်းစုံ လူတန်းစား အလွှာပေါင်းစုံ ပါဝင်ရေးဆွဲထားတဲ့ ဒီမိုကရေစီစံချိန်စံညွှန်း ဖက်ဒရယ်ပြည်ထောင်စုစံချိန်စံညွှန်းတွေနဲ့ပြည့်စုံတဲ့အခြေခံဥပဒေတစ်ခုနဲ့အစားထိုးရမှာပါ။ အဲ့ဒီလို အစားထိုးလို့ မရ နိုင်သေးခင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်ရပါမယ်။အဲ့ဒီလိုပြင်ဖို့ ပုဒ်မ ၄၃၆ ကိုစပြင်ရပါမယ်။
ပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ကျွန်တော်ဒီိဆောင်းပါး အစမှာ ဆွေးနွေးခဲ့သလို ၇၅% ကျော်ဆိုတဲ့အချက်ကိုပြင်မလား၊တပ်မတော်သား ၂၅% ကိုလျော့ချမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေတွေရဲ့ သဘာဝအတိုင်းဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ၇၅% ထောက်ခံသဘောတူဖို့လိုပါတယ်။ဒါကြောင့်မို့နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေတွေရဲ့စံချိန်စံညွှန်းအရကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အနှောင့်အယှက်အဟန့်အတားဖြစ်နေတဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅%ကိုပယ်ဖျက်ပေးရမှာပါ။ ဒါမှမဟုတ် လုးံဝပါဝင်လို့မရအောင် ကန့်သတ်တားဆီးရမှာပါ။ ၇၅% နှင့် အထက်ဆိုတာလည်းပဲ အလွန်ကိုများပါတယ်။နိုင်ငံတကာအခြေခံဥပဒေရဲ့စံနှုန်းအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက သဘောတူရင်ရပါပြီ။အလွန်အရေး ကြီးတဲ့ ကဏ္ဍတွေမှာ ၇၅% သဘောတူရင်ရပါပြီ။အလွန့်အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ ပြည်နယ် လွှတ်တော်တွေရဲ့ သဘောတူညီမှုတွေ လူထုဆန္ဒခံယူပွဲကျင်းပပြီး ပြည်သူလူထုအများစုသဘောတူညီမှု လိုအပ်ပါတယ်။ ဒါက စံနှုန်းအခြေပြုဆွေးနွေးနေခြင်းပါ။
မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးနဲ့အများဆုံး ပြင်ဆင်နိုင်လေကောင်းလေပါပဲ။ ဒါကြောင့် ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ပြောသလို ၇၅% ရဲ့တစ်ဝက် ၃၈% က ထောက်ခံရင် ပြင်ဆင်လို့ရရမယ်ဆိုတဲ့ အ။ချက်ဟာ နှစ်သက်စရာပါ။ ဒီထက်ပိုပြီးတော့ မြန်မာနိုင်ငံကို တိုးတတ်စေချင်တယ်၊ ဖွံဖြိုးစေချင်တယ်၊ ပြည်သူတွေရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀% ၊ ၅% ၊ ၁% သာလိုအပ်တယ်လို့ ပြင်ဆင်ဆုံးဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။
ပြည်သူတွေရေးဆွဲထားတဲ့ ပြည်သူ့အကျိုးစီးကိုကာကွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရခက်အောင် ပြုလုပ်ရပါတယ်။အာဏာရှင်တွေရေးဆွဲထားတဲ့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ပြည်သူ့အန္တရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးကိုတော့ အမြန်ဆုံးနဲ့အလွယ်ဆုံး ပြင်ဆင်နိုင်လေကောင်းလေပါပဲ။

မျိုးရန်နောင်သိန်း
၂၄.၂.၂၀၁၄ ( မနက် ၁၂း၁၉ )

Leave a comment