Home » Myo Yan Naung Thein » ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ် တာလဲ၊ အပိုင်း (၃)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ် တာလဲ၊ အပိုင်း (၃)

ဒီ အပတ်ထုတ်ပြည်သူ့ ခောတ်ဂျာနယ်မှာပါတဲ့ကျနော့် ဆောင်းပါး ပါ။ အားလုံးဖတ်နိုင်ရန်ဝေမျှပေးလိုက်ပါတယ်။

By မျိုးရန်နောင်သိန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ် တာလဲ၊ ပုဒ်မ ၄၃၆ ကို ဘာကြောင့် ချက်ချင်းပြင်ဆင်ဖျက်သိမ်းဖို့ လိုအပ် တာလဲ။ အပိုင်း (၃)

PNCR

အခုအချိန်ထိ ကျွန်တော်တင်ပြနေတဲ့ ရှုထောင့်က ပြည်ထောင်စုစစ်စစ် မှုဆိုတဲ့ ရှုထောင့်ဖြစ်ပါတယ်။ဒီမိုကရေစီစံချိန်စံညွှန်းနှင့် ကိုက်ညီမညီ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး စတဲ့ ရှုထောင့်တွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မသုံးသပ်ပြရသေးပါ ဘူး။နောက်ပိုင်းမှာ အဲ့ဒီရှုထောင့်တွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်ဆက်လက်သုံးသပ် တင်ပြသွားပါမယ်။ အခုဆက် ပြီး ပြည်ထောင်စုစစ် စစ်မှုဆိုတဲ့ ရှုထောင့်ကို ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ မူပေါ်ကနေဆွေးနွေးပါ မယ်။
ပြည်ထောင်စုတစ်ခုကို တည်ဆောက်နေတဲ့အခါ ပြည်ထောင်စုလို့ ခေါ်ဆိုထားတဲ့အတိုင်း “ပြည်ထောင်စု” တွေ “စု” ထားတာပါ။ အဲ့ဒီမှာ အရေးအကြီးဆုံးက ပြည်ထောင်အချင်းချင်းတန်းတူညီတူရှိမှုနှင့်ပြည်ထောင်တိုင်း မှာကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှုပါပဲ။ ပြည်ထောင်တစ်ခုက တစ်ခြားပြည်ထောင်တွေ ကို လွမ်းမိုးထားပြီ ၊ထိန်းချုပ်ထားပြီ ဆိုရင် ပြည်ထောင်စုဖွဲ့စည်းမှု့ မဟုတ်တော့ပါဘူး၊ ကိုလိုနီပြုသိမ်းပိုက်မှု့ပါ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဗမာတိုင်းရင်းသားလူများစုတွေနှင့်တိုင်းရင်းသားလူနည်းစုတွေအကြား ပြည်ထောင်စု အဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စီမံခန့်ခွဲရေးမှာ တန်းတူ ရည်တူ မရှိကြောင်းတင်ပြပြီးပါပြီ။ ဒါဆို တိုင်ရင်းသားလူနည်းစုတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကောရှိရဲ့လား။
ဒီမေးခွန်းဟာအလွန်ကို အရေးကြီးတဲ့မေးခွန်းပါ။ပြည်ထောင်စုလို့ ကျွန်တော်တို့ခေါ်နေတာကို Union , United လို့ဘာသာပြန်လို့ ရနိုင်ပေမယ့် ပြည်ထောင်စုကို အင်္ဂလိပ်ဘာသာနှင့် ဖလှယ်လို့အရဆုံးကတော့ Federation ပါပဲ။ Foedus “သဘောတူစာချုပ်အားဖြင့် ယုံကြည်စွာ ပေါင်းစည်းခြင်း” လို့ ဘာသာပြန်လို့ရမည့် ဖက်ဒရယ်မူဟာ ပြည်ထောင်စု စစ်စစ်မူပါပဲ။
ပြည်ထောင်စုစစ်စစ်မူမှာ ပြည်ထောင် (သို့မဟုတ်) ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အလွန်ကိုအရေးကြီးပါတယ်။တန်းတူညီတူရှိတဲ့ပြည်ထောင်တွေ(သို့မဟုတ်)ပြည်နယ် တွှေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ပြည်ထောင်စု မှာ ပြည်နယ်တစ်ခုရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျန်တဲ့ပြည်နယ်တစ်ခုက အနှောင့်အယှက်ပေးလို့မရပါဘူး၊ ၀င်ရောက်စွက်ဖက်လို့မရပါဘူး။ဒါမှမဟုတ် ပြည်နယ် (သို့) ပြည်ထောင်တွေပေါင်းထားတဲ့ ပြည်ထောင်စုအစိုးရနှင့် ဥပဒေပြုအဖွဲ့တွေက ပြည်နယ်အစိုးရနှင့် ဥပဒေပြုအာဏာကို လွမ်းမိုးလို့ မရပါဘူး။ဒါဟာ ပြည်ထောင်စုစစ်စစ်မူ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် ပြည်နယ် တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်လုံးဝမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြည်ထောင်စုသမ္မတက ပြည်နယ်အုပ်ချုပ်ရေး အစိုးရအဖွဲ့ အကြီးအကဲ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ပါတယ်။တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း လုံခြုံ ရေးဆိုင်ရာ နယ်စပ်ရေးရာ ဆိုင်ရာ ၀န်ကြီးတွေခန့်အပ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်(သို့) တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့အကြီးအကဲ သမ္မတကခန့်အပ်တဲ့အတွက် ပြည်နယ်၊ တိုင်းဒေသ ကြီး အုပ်ချုပ်ရေးအစိုးရအဖွဲ့ဟာ ပြည်ထောင်စုသမ္မတလက်အောက်ခံ ဖြစ်သွားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဟာ ပြည်ထောင်စုသမ္မတကိုသာ တာဝန်ခံပြီး သမ္မတ အမိန့်အရသာဆောင်ရွက်တဲ့အတွက် အုပ်ချုပ်ရေးအရ ဗဟိုမှ တိုက်ရိုက်ထိန်းချုပ်ထားတဲ့ တစ်ပြည်ထောင်စနစ်ဖြစ်နေပါတယ်။ ပြည်နယ်အစိုးရကိုပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူကတိုက်ရိုက် မရွေးချယ် ရတဲ့အတွက် ပြည်နယ်အစိုးရဟာ သူ့ပြည်နယ်အတွင်းမှာ ရှိတဲ့ပြည်သူကို တာဝန်မခံရပါဘူး။ပြည်နယ်လွှတ်တော်ကနေတစ်ဆင့် ရွေးချယ်တင်မြောက်ခြင်းမဟုတ်တဲ့အတွက် ပြည်နယ်လွှတ်တော်ကိုလည်း တာဝန်ခံစရာ လုံးဝမလို ဘူး။ဒါကြောင့်မို့ ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အုပ်ချုပ်ရေးအာဏာ ပိုင်စိုးခွင့် ဆုံးရှုံးနေပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေပါတယ်။
ပြည်နယ်လွှတ်တော်ကို လေ့လာကြည့်ရင်လည်း ပြည်နယ်လွှတ်တော်ဟာ ပြည်နယ်ရေးရာကိစ္စတွေမှာဘာဥပဒေပြဌာန်းခွင့်မှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြည်နယ်လွှတ်တော်မှာတင်ပြပြီး ပြည်နယ်အတွင်း ဆုံးဖြတ်ရမည့်ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေး နေကြတာတွေလည်း တွေရပါတယ်။တကယ်တမ်းမှာတော့ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွေဟာ အမည်ခံလွှတ်တော်တွေပါ။ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးမှာလည်း ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေပါတယ်။
ပြည်နယ်တရားစီရင်းရေး ယန္တရားက တော့လုံးဝရှင်းပါတယ်။ ပြည်ထောင်စုတရားစီရင်ရေး ယန္တ၇ားအောက်မှာရှိနေပါတယ်။ပြည်နယ်တွေမှာ၊တိုင်းဒေသကြီးတွေမှာ ကိုယ်ပိုင်တရား စီရင်ရေးစနစ် မရှိပါဘူး။ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါဘူး။တရားစီရင်ရေးကို ပြည်ထောင်စုဗဟိုတရားရုံးက ချုပ်ကိုင်ထားတဲ့အတွက်ပြည်ထောင်စုတရားစီရင်ရေးစနစ်မဟုတ်ပါဘူး။ တစ်ပြည်ထောင်တရားစီရင် ရေးစနစ်ပါ။ပြည်နယ်တွေဟာတရားစီရင်ရေးမဏ္ဍိုင်ရှုထောင့်ကကြည့်ရင်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် လုံးဝမရှိပါဘူး။ဒီလို ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်လုံးဝမရှိတဲ့အတွက် တိုင်းရင်းသား လူနည်းစုတွေဟာ လုံးဝကျေနပ်မှာမဟုတ်ပါဘူး။ဒါဆို အခုဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခလည်း ပြီးဆုံးမှာမဟုတ်ပါဘူး။
လက်ရှိနိုင်ငံရေး ပဋိပက္ခတွေကို လေ့လာကြည့်ရင် အခုလိုတွေ့ရမှာဖြစ်ပါ တယ်။တိုင်းရင်းသားလူနည်းစုများ၏ တိုင်းရင်းသားဗမာလူများစုများအပေါ် မယုံကြည်မှု၊ အရပ်ဖက်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများ၊ ပြည်သူ လူထုအားလုံးကတပ်မတော်အပေါ် အယုံအကြည်မရှိမှု၊နိုင်ငံတော်အာဏာကိုတပ်မတော်မှချုပ်ကိုင်ထားမှု့အား လုံးဝလက်မခံနိုင်မှု့ စသည်တို့ဖြစ်ပါတယ်။ တပ်မတော်ကလည်း အစဉ်အဆက်အာဏာကိုင်ဆွဲလာတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် နိုင်ငံရေးအာဏာကို လက်မလွတ်လိုပါဘူး။ နိုင်ငံရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံနှင့် ဆက်လက်ရယူဖို့ကြိုးစားလာပါတယ်။ ဒါကိုပြည်သူတစ်ရပ်လုံးက မလိုလားပါဘူး။ခြုံငုံပြောရရင် ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ပြသာနာတွေဟာအမျိုးသားရင်ကြားစေ့ရေး (သို့မဟုတ်) အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးပြသာနာ။အထိမိဆုံးပြောရရင် နိုင်ငံရေး ပြသာနာဖြစ်ပါတယ်။အခုဖွဲ.စည်းပုံအခြေခံပုံစံနှင့်ဆက်လက်ဖြေရှင်းနေရတဲ့အတွက၊်ပြသနာအားလုံးရဲ.အစဟာ ၁၉၄၇ဖွဲ.စည်းပုံအခြေခံဥပဒေဖြစ်နေတဲ့အတွက် ဖွဲ.စည်းပုံအခြေခံဥပဒေဆိုင်ရာပြသနာလို ပြောလို့ ရပါတယ်။
နိုင်ငံရေးဆိုင်ရာအကြပ်အတည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကိစ္စ တွေအားလုံးကို သမိုင်းကြောင်းယှဉ်ထိုးပြီး စဉ်းစားမှ ရပါမယ်။သမိုင်းကြောင်းကိုပြန်လှန်ရရင်တော့ အရှည်ကြီးပါပဲ။ဒါပေမဲ့ နောက်ဆုံးခြေရာကောက်ရမည့် သမိုင်းကြောင်းကတော့ “ပင်လုံစာချုပ်”ပါ။ “ပင်လုံစာချုပ်” နှင့် နောက်ဆက်တွဲ ပင်လုံကတိက၀တ်တွေအပေါ် အခြေခံ ပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။
ပင်လုံစာချုပ်ရဲ့ နိဒါန်းကိုကြည့်ပါ “မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင် ကော်မတီမှ ၀န်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များ တတ်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့်အစည်းအဝေးတွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ချင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကိုပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တတ်ရောက်သူ အဖွဲ့ဝင်တို့ကယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်း သဘောတူညီကြသည်။” လို့ အစချီထားပါတယ်။
အဲ့ဒီ ပင်လုံစာချုပ်နိဒါန်းကို လေ့လာကြည့်ရင်ထင်ရှားတဲ့အချက်က ရှမ်း၊ ကချင်၊ ချင်း လူမျိုးတွေဟာ ကြားဖြတ်မြန်မာပြည်အစိုးရနှင့် ပူးပေါင်းပြီး လွတ်လပ်ရေးယူနိုင်သလို မြန်မာပြည်နှင့် မပူးပေါင်းပဲ သီးခြားလွတ်လပ်ရေး ယူခွင့်လည်းရှိပါတယ်။ထို့အတူ လွတ်လပ်ရေးမယူသေးပဲ ဗြိတိသျှကိုလိုနီ စနစ်လက်အောက်မှာ ဆက်လက်နေပိုင်ခွင့်လည်းရှိပါတယ်။ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိနေပါတယ်။ဒါပေမဲ့ ပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကြားဖြတ်မြန်မာအစိုးရနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင် တွေဟာ ပူပေါင်းပြီးလွတ်လပ်ရေးယူဖို့ ဆုံးဖြတ်သဘောတူခဲ့ကြပါတယ်။ ဒါကြောင့်မို့လည်း သီးခြားစွာ လွတ်လပ်ရေးရယူခွင့်ရှိတဲ့ ရှမ်း၊ကချင်၊ချင်း လူမျိုးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကြားဖြတ်မြန်မာအစိုးရနှင့် ကိုယ်ပိုင်ဆန္ဒအလျောက် လွတ်လပ်စွာပူးပေါင်းပြီး ပြည်ထောင်စုကို ထူထောင်ကြမည်ဟု ဆုံးဖြတ်နိုင်ခဲ့ခြင်းရဲ့ အဓိကအကြောင်းက ပင်လုံစာချုပ် စာပိုဒ် (၅) ပါ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝထိပါးခြင်း မရှိစေရ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

mynt12

mynt13

mynt14

mynt15

mynt16


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: