Home » Constitution, Election & Parliament Info » ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တာလဲ?

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တာလဲ?

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့်ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တာလဲ။ပုဒ်မ ၄၃၆ ကို ဘာကြောင့် ချက်ချင်းပြင်ဆင်ဖျက်သိမ်းဖို့ လိုအပ်တာလဲ
ဆောင်းပါးရှင်-မျိုးရန်နောင်သိန်း
၂၄.၂.၂၀၁၄ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေှးနှင့်ပတ်သတ်ပြီး ဗိုလိစိန်မှန် ကွင်းမှာဟောပြောပွဲ၊ကျောက်မြောင်း ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး လူထုဆန္ဒ ဖော်ထုတ်ပွဲ၊ ထောက်ကြံမြို့လူထုဆန္ဒထုတ်ဖော်ပွဲစတဲ့ လှုပ်ရှားမှု တော်တော်များများ တွေ့လိုက် ရပါတယ်။
ဒီရက်ပိုင်းအတွင်း ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး လူပြောအများဆုံးက ပုဒ်မ ၄၃၆ ကိစ္စပါ။ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရ အလွန်ခက်ခဲအောင်ပြုလုပ်ထားတဲ့ ပုဒ်မဖြစ်လို့ ပုဒ်မ ၄၃၆ (က)နှင့် (ခ) ကို ပြင်ဆင်ရမယ်လို့တောင်းဆိုလာကြခြင်းဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) အရ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေမှာ အရေးကြီးတဲ့ ပုဒ်မတွေလို့အရင်စစ်အာဏာရှင် အစိုးရကယူဆတဲ့ အခန်းကဏ္ဍတွေ၊ အထူးသဖြင့် စစ်တပ်ကအာဏာကို ထိန်းချုပ်ထားမှုကိုအာမခံထားတဲ့ ပြဌာန်းချက်တွေကိုပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅% ကျော်ထောက်ခံဖို့ လိုအပ်ပါတယ်။ဒါ့အပြင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး ပြည်သူတစ်ဝက်ကျော်ရဲ့ ထောက်ခံမဲလိုအပ်ပါတယ်။ပုဒ်မ ၄၃၆(ခ)အရ ပုဒ်မ ၄၃၆(က)မှာ မပါတဲ့ ကျန်တဲ့ပြဌာန်းချက်တွေကိုပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅% ကျော်ထောက်ခံဖို့လိုအပ်ပါတယ်။လွှတ်တော်မှာ ပြည်သူက ရွေးရွယ်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၇၅% သာရှိပြီး ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါဝင်ရတဲ့အတွက် ပုဒ်မ ၄၃၆ အရ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒသဘောထားက အလွန်အရေးပါနေပါတယ်။
ဒီနေရာမှာ ကျွန်တော်ဆွေးနွေးလိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပြင်ဆင်ရခက်တာ ကောင်းလား၊ မကောင်းဘူးလားဆိုတာပါ။ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အားလုံးနီးပါးဟာ ပြင်ဆင်ရခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သဘာဝအရ အုပ်ချုပ်သူ၊အာဏာ ကိုင်သုံးမည့်သူကိုထိန်းချုပ်ပြီး ပြည်သူတွေကိုကာကွယ်ပေးလို့ပါ။ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကို ပြဌာန်းလေ့ရှိပါတယ်။ပြည်ထောင်စု၊ တစ်ပြည်ထောင်၊ ကွန်ဖက်ဒရယ်၊သမ္မတနိုင်ငံ၊ ဘုရင့်နိုင်ငံ အစရှိသဖြင့် ပြဌာန်းသလို အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည့် အာဏာတွေရဲ့လုပ်ပိုင်ခွင့်၊ အကန့်အသတ်နှင့် အပြန်အလှန်ထိန်းကျောင်းမှုကိုလည်း ပြဌာန်းရပါတယ်။ ပြည်ထောင်စုနိုင်ငံဆိုရင်လည်း ပြည်နယ်ဘယ်နှစ်ခုရှိတယ်၊ ပြည်ထောင်စုနှင့် ပြည်နယ်ကြားအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍ အသီးသီးမှာ အာဏာခွဲဝေမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ပြဌာန်းရ ပါတယ်။ဒါ့အပြင် နိုင်ငံတွေရဲ့နယ်နိမိတ်၊ ပြည်နယ်တွေရဲ့နယ်နိမိတ် အစရှိတာတွေကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် သတ်မှတ်ရပါတယ်။နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးရပါတယ်။လူနည်းစု တိုင်းရင်းသားနိုင်ငံသားတွေကိုလည်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအရ လုံခြုံမှုရှိအောင် အာမခံချက်ပေး ရပါတယ်။အနှစ်ချုပ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဟာ နိုင်ငံတစ်ခုကို အစ၊ အလယ်၊ အဆုံး အထက်မှအောက်အထိ ဘယ်လိုလည်ပတ်မယ်၊ အားလုံးသာတူညီမျှဖြစ်အောင် ထိန်းကျောင်းပေးတဲ့ အစိုးရနှင့် ပြည်သူကြား၊ မတူညီတဲ့ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာစကားယဉ်ကျေးမှုရှိတဲ့ ပြည်သူတွေအချင်း ချင်း အတူအကွ အေးချမ်းသာယာစွာ ဘယ်လိုနေထိုင်ကြမယ်ဆိုတဲ့ သဘောတူစာချုပ်ပါ။
အဲ့ဒီလိုသဘောတူစာချုပ်ဆိုတာ အာဏာရသူတစ်စုတစ်ဖွဲ့၊သို့မဟုတ် အဖွဲ့လိုက်၊ ဒါမှမဟုတ် အင်အားကြီးသူ၊ လူဦးရေများသူ၊ စီးပွားရေးတောင့်တင်းသူတွေက အလွယ်တကူပြင်ဆင်လို့ မရအောင် ကာကွယ်ရပါတယ်။ဒါကြောင့်မို့ ဖွဲ့စည်ပုံအခြေခံဥပဒေတွေဟာ ထုံးစံအရ ပြင်ဆင်ရခက်အောင် လူအများစုနဲ့ ပြင်ဆင်လို့မရအောင်၊ အားလုံးပါဝင်ပြီးမှ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးအရ လူများစု လူနည်းစုတွေအားလုံး သဘောတူမှ ပြင်ဆင်လို့ရအောင် ပြုလုပ်ထားတဲ့နိုင်ငံတစ်ခုရဲ့ အခြေခံဖွဲ့စည်းပုံပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တခြားဒီမိုကရေစီနိုင်ငံတွေ၊ ပြည်ထောင်စုစစ်စစ်နိုင်ငံတွေနှင့် မတူပါ။ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်မပေးပဲ စစ်တပ်ရဲ့အုပ်ချုပ်ရေးပုံစံကို ဖွဲ့စည်းပုံအခြေခံဥပဒေ အသွင်နှင့် တရားဝင်ပြုလုပ်လိုတဲ့သဘော ဖြစ်နေပါတယ်။ပြည်ထောင်စုကိုဖွဲ့စည်းရာမှာ ပြည်ထောင်စု တိုင်းရင်းသားများ လိုချင်တဲ့ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ပြည်ထောင်စုပုံစံမျိုး မဟုတ်ပဲ၊ ဗဟိုချုပ်ကိုင်မှုနှင့် ပြည်ထောင်စုအစိုးရ အကြီးအကဲ သမ္မတကပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲတွေကို ခန့်အပ်တာဝန်ပေးတဲ့ပုံစံပါ။ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်မရှိဘဲ ပြည်ထောင်စုလို့ခေါ်လို့မရပါဘူး၊ ဥပဒေပြုရေးမှာဆိုရင်လည်း ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ဘာဥပဒေပြုခွင့်မှ မရှိပါဘူး၊ ပြည်နယ်အတွင်းလုပ်ဆောင်ရမည့် ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်နေပါတယ်။ဒါဟာ ဥပဒေပြုရေးကို ဗဟိုချုပ်ကိုင်မှုနဲ့ ထိန်းချုပ်ထားတာပါ။ဒါဟာ တိုင်းရင်းသားညီကို မောင်နှမတွေ လိုချင်တဲ့ ပြည်ထောင်စုပုံစံလုံးဝမဟုတ်ပါဘူး။တရားစီရင်းရေးကဏ္ဍမှာလည်း ပြည်နယ်တွေမှာ ကိုယ်ပိုင်တရားစီရင်ရေး စနစ်မရှိပါဘူး၊ပြည်ထောင်စုစစ်စစ်နိုင်ငံတွေမှာ ပြည်ထောင်စုဝင်ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ဥပဒေပြုရေ၊ ကိုယ်ပိုင်တရားစီရင်ရေး ယန္တယားရှိပါတယ်။ဒါပေမဲ့ ပြည်နယ် အားလုံးပါဝင်ရေးဆွဲသဘောတူထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံစံနှုန်းတွေနှင့်တော့ ကိုက်ညီမှုရှိရပါတယ်။အခုမြန်မာပြည်ကို ပြည်နယ်(၇) ခု တိုင်းဒေသကြီး (၇) နှင့် ဖွဲ့စည်းရမည်လို့ ဘယ်သူဆုံးဖြတ်ခဲ့တာပါလဲ။တိုင်းရင်းသားဗမာတွေလား၊ တိုင်းရင်းသားလူနည်းစုတွေလား၊ ပြည်သူတွေ တစ်ရပ်လုံးလား။၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက သူ့စိတ်တိုင်းကျရေးဆွဲခဲ့တဲ့ ပုံစံအတိုင်း ပြည်နယ် (၇) ခု တိုင်း (၇) ခု ရှိနေတာပါ။ဒါကိုပြည်သူတွေက ဘာကိုဘာမှ သိခွင့်မရ ပြောခွင့်မရတဲ့ အခြေခံဥပဒေပါ။
ကိုယ်ပိုင်ဆိုင်တဲ့တိုင်းပြည်၊ ကိုယ့်နိုင်ငံကို ဘယ်လိုဖွဲ့စည်းတည်ဆောက်မယ်ဆိုတာ ကိုကိုယ်တိုင်ဘာမှ ၀င်ရောက်ပတ်သတ်ပြောဆိုခွင့်မရှိဘဲ အာဏာရှင်လူတစ်စုကရေးချင်သလို ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်သူတွေအနေနှင့် အလွယ်ကူဆုံးပြင်ဆင်နိုင်တာ အကောင်းဆုံးပါပဲ။ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရပါမယ်။
ပြည်ထောင်စုဖွဲ့စည်းပုံ၊ ပြည်နယ်တွေရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဗဟိုက ထိန်းချုပ်ပြီး ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့အတွက် မြန်မာနိုင်ငံဟာ ပြည်ထောင်စုစစ်စစ် မဟုတ်ပါဘူး။ဒါဆို ပြည်ထောင်စုစစ်စစ်တစ်ခုဖြစ်ဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခွင့်ရှိရမယ်လို့ ဆိုထားတဲ့အတွက် တိုင်းရင်းသာအချင်း တန်းတူညီမျှမှုရှိလား၊ ပြည်နယ်အချင်းချင်းတန်းတူညီမျှခွင့်ရှိလား လို့ ကြည့်ကြရအောင်ပါ။
ပြည်ထောင်စုနိုင်ငံအားလုံးနီးပါးရဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ၂ ရပ် ရှိလေ့ရှိပါတယ်။အဲဒါ ကို Bi-cameral Legislature လွှတ်တော်နှစ်ရပ်ထားရှိရတာက လွှတ်တော်တစ်ရပ်ပဲထားရှိမယ်ဆိုရင် အဆင်မပြေလို့ပါ။လွှတ်တော်ကိုယ်စားလှယ်တွေကို လူဦးရေးအချိုးကျစနစ်နှင့် လူဦးရေတစ်ထောင်မှာ ကိုယ်စား လှယ်တစ်ယောက်၊ တစ်သိန်းမှာ ကိုယ်စားလှယ်တစ်ယောက် စသည်ဖြင့် ရှိလေ့ရှိပါတယ်။အဲဒီအခါမှာ လူဦးရေ များတဲ့လူမျိုးစု၊ ပြည်နယ်က လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေပိုမိုရရှိပြီး ဥပဒေပြုရေးမှာ လူဦးရေများတဲ့ လူမျိုးစု၊ ပြည်နယ်က လွှမ်းမိုးသွားလေ့ရှိပါတယ်။မြန်မာနိုင်ငံမှာ လူဦးရေအချိုးကျ ကိုယ်စားလှယ် လွတ်မယ်ဆိုရင် ဗမာတိုင်းရင်းသားက အလွန်အကျွံ လွှမ်းမိုးသွားမှာပါ။
ဒါကြောင့်မို့ လွှတ်တော်နှစ်ရပ်ထားရှိရပါတယ်။အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်က လူဦးရေအချိုးကျနှင့်ဖြစ်ပြီး အထက်လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို လူမျိုးစုအလိုက် သို့မဟုတ် ပြည်နယ်အလိုက် လူမျိုးစုတစ်မျိုး၊ ပြည်နယ်တစ်ခုကို ကိုယ်စားလှယ်ဆယ်ယောက်ဆို ဆယ်ယောက်သတ်မှတ် ပြီးဖွဲ့စည်းရပါတယ်။လွှတ်တော်နှစ်ရပ်ကိုအာဏာ တူပေးရပါတယ်။ နောက်ပြီး လွှတ်တော်တစ်ရပ်ချင်းစီ ဥပဒေကြမ်းတစ်ခုအပေါ်သီးခြာခွဲပြီးဆုံးဖြတ်ရပါတယ်။သို့မှသာအပြန်အလှန်ထိန်းကျောင်းနိုင်မှာပါ။ လူဦးရေ အချိုးကျနှင့် ကိုယ်စားလှယ်ရရှိထားတဲ့ အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်မှာ ဥပဒေ ကြမ်းတစ်ခုကို မဲခွဲဆုံးဖြတ်ရန် လူဦးရေများတဲ့ လူမျိုးစု သို့မဟုတ် ပြည်နယ်ကိုယ်စားလှယ်တွေက အနိုင်ရမှာပါ။ဒါပေမဲ့ အဲ့ဒီဥပဒေကြမ်းကို လူမျိုးစုတစ်စု သို့မဟုတ် ပြည်နယ် တစ်ခုချင်းအလိုက် လူဦးရေတူညီစွာဖွဲ့စည်းထားတဲ့ အထက်လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော် အမျိုးသားလွှတ်တော်မှာ ထပ်မံမဲခွဲဆုံးဖြတ်စေချင်းအားဖြင့် အကယ်၍ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ ဥပဒေ တစ်ခုကို အောက်လွှတ်တော်ကအတည်ပြုပြဌာန်းခဲ့ရင် အထက်လွှတ်တော်က ပယ်ချလို့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တောမှာ လူဦးရေအခြေခံဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်တစ်ခု တိုင်းဒေသကြီးတစ်ခုကို ကိုယ်စားလှယ် ၁၂ ဦးစီးပါဝင်တဲ့ အမျိုးသားလွှတ်တော် ဆိုပြီး လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။အပေါ်ယံသဘောနဲ့ ကြည့်ရင် တခြားဒီမိုကရေစီပြည်ထောင်စုနိုင်ငံတွေရဲ့ ပုံစံအတိုင်း ပြည်ထောင်စုအဆင့်မှာ လွှတ်တော်နှစ်ရပ် ရှိနေတယ်လို့ မြင်ရမှာဖြစ်ပါတယ်။သေသေချာချာလေ့လာကြည့်မယ်ဆိုရင် လူဦးရေကိုအခြေခံတဲ့ ပြည်သူ့လွှတ် တော်မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ ကနေ ကိုယ်စားလှယ်စုစုပေါင်း ၃၃၀ ရှိပါတယ်။ တပ်မတော် သားကိုယ်စာလှယ် ၁၁၀ နဲ့ပေါင်းလိုက်ရင် ၄၄၀ ရှိပါတယ်။သေချာတာက ပြည်သူ့လွှတ်တော်ဟာ လူဦးရေ အချိုးကျဖွဲ့စည်းထားတဲ့အတွက် လူဦးရေအများစု ဗမာတိုင်းရင်းသားတွေက ပြည်သူ့လွှတ်တော်ကို လွှမ်းမိုးထား နိုင်ပါတယ်။အမျိုးသားလွှတ်တော်မှာတော့ ပြည်နယ်တစ်ခုတိုင်းဒေသကြီးတစ်ခုကို ကိုယ်စားလှယ် ၁၂ ဦးစီနဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးရှိပါတယ်။တပ်မတော်ကိုယ်စားလှယ် လေးပုံတစ်ပုံ ၅၆ ဦးရှိပါတယ်။ ဆိုလိုတာက ရှမ်းပြည်နယ်ကရွေးကောက်ခံကိုယ်စားလှယ် ၁၂ ဦး၊ မွန်ပြည်နယ် ၁၂ ဦး၊ ကရင်ပြည်နယ်၁၂ ဦး၊ စသဖြင့် ပြည်နယ်တစ်ခုစီမှာ ကိုယ်စားလှယ် ၁၂ ဦးရှိပါတယ်။တိုင်းဒေသကြီးတစ်ခုမှာ ကိုယ်စားလှယ် ၁၂ ဦးနဲ့ တိုင်းဒေသကြီး ၇ ခုအတွက် ကိုယ်စားလှယ် ၈၄ ဦး ရှိပါတယ်။ဆိုလိုတာက တိုင်းဒေသကြီးတွေမှာ ဗမာတိုင်းရင်းသား အများစုနေထိုင်တဲ့အတွက် ဗမာတိုင်းရင်းသားကိုယ်စားလှယ်က အများစုဖြစ်နေမှာပါ။
ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ရှိသော်လည်း လွှတ်တော်နှစ်ရပ်စလုံးမှာ ဗမာတိုင်းရင်းသားတွေကပဲ လွှမ်းမိုးနေတဲ့သဘော ဖြစ်နေပါတယ်။ဒါဟာ ပြည်ထောင်စုစစ်စစ်မှုတစ်ခုဖြစ်တဲ့ တန်းတူညီမျှရေးအပေါ်အခြေခံထားတဲ့ လွှတ်တော် နှစ်ရပ်ပုံစံ (Bicameral Legislature) ရဲ့ အနှစ်သာရဖြစ်တဲ့ လူမျိုးစုတစ်ခု သို့မဟုတ် ပြည်နယ်တစ်ခုက ပြည်ထောင်စုဥပဒေပြုရေးကို တစ်ဖက်သက်လွှမ်းမိုးမှုမရှိစေရ ဆိုတဲ့အချက်ကိုဆန့်ကျင်နေပါတယ်။ဒါ့အပြင် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့အခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်းပြီးဆုံးဖြတ်တဲ့အတွက် ကိုယ်စားလှယ်ဦးရေပိုများတဲ့ ပြည်သူ့လွှတ်တော်ကပဲ အမြဲအသာစီးရနေမှာပါ။ဒါကလည်း ပြည်ထောင်စုစစ်စစ်မှုဖြစ်တဲ့ တန်းတူညီမျှရေးအပေါ်အခြေခံထားတဲ့ လွှတ်တော်နှစ်ရပ် အာဏတူပေးရမယ် အပြန်အလှန်ထိန်းကျောင်းမှုရှိရမယ်ဆိုတဲ့အချက်ကို ဆန့်ကျင်နေပါ တယ်။ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ဖွဲ့စည်းပုံ အရကော လုပ်ကိုင်ဆောင်ရွက်ပုံအရပါ မြန်မာပြည်တိုင်ရင်းသားညီကိုမောင်နှမတွေ လိုလားတဲ့ ပြည်ထောင်စု စစ်စစ်မှုနဲ့ ဆန့်ကျင်နေပါတယ်။ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရပါမယ်။အဲ့ဒီလိုပြင်ဆင်နိုင်ဖို့ အတွက် ပုဒ်မ ၄၃၆ ကို အရင်ပြင်ရပါမယ်။
ဆက်လက်ရေးသားတင်ပြပါမည်
မျိုးရန်နောင်သိန်း
(၂၄.၂.၂၀၁၄) (ည ၈း၀၀ နာရီ)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: