တာဝန်မဲ့သော ကြံ့ဖွတ်အစိုးရအား ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်မူအတွက် အပြင်းအထန် ဝေဖန်ရှူပ်ချလိုက်ခြင်း


နေ့စွဲ ။     ။     ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၂ ရက်)

 

ကျွန်ပ်တို့ Burma Democratic Concern (BDC) အဖွဲ့ကြီးမှ ကြံ့ဖွတ် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၏ တာဝန်မဲ့သော စကားဖြစ်သည့် မြစ်ဆုံဆည် တည်ဆောက်မူကို ရပ်တန့်ရန်အစီအစဉ်မရှိပဲ၊ အများပြည်သူလူထုမှ ဆန့်ကျင်နေသည့်ကြားက လက်ရှိကြံ့ဖွတ်အစိုးရသည်  မြစ်ဆုံဆည်ကို ပြီးစီးအောင်ဆက်လက်တည်ဆောက် သွားမည်ဟူသော စကားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှူပ်ချလိုက်သည်။
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူပြည်သားများသည် မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်နှင့်  မြန်မာပြည်၏ အနာဂတ်အား ဆိုးကျိုးများဖြစ်ပေါ်စေသော ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားကြပါသည်။ လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World Limitedသည် ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းအတွက် လက်ရှိကန်ထရိုက်ရရှိထားပါသည်။ ထို့အပြင် ထွန်းမြင့်နိုင်သည် ၎င်း၏ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း၏ အမည်ဖြင့် အခြာကုမ္ပဏီ၁၀ခု ကိုလည်းပိုင်ဆိုင်ထားပါသေးသည်။

မြစ်ဆုံဆည်သည် မေခမြစ် နှင့် မလိခမြစ် ဆုံရာ ၂မိုင်အကွာတွင် တည်ရှိပြီး ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့မှ ၂၄မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၎င်းဆည်သည် အလျှားအားဖြင့် ၄၉၉ပေ၊ အမြင့်အားဖြင့် ၄၉၉ပေရှိပြီး အထပ်၅၀စာရှိသော အဆောက်အဦးအမြင့်နဲ့ ညီမျှသည်။ ရေကာတာ၏ မျက်နှာပြင်ဧရိယာမှာ ၂၉၅.၈ စကွဲယားမိုင်ရှိပြီး Newyork မြို့၏ အရွယ်အစားနီးပါးခန့်ရှိပါသည်။ ထိုရေကာတာ၏ အမြင့်ဆုံးရေအနက်မှာ ပေ၉၅၀ခန့်ရှိပြီး ၆၆ထပ်ရှိသော အဆောက်အဦးအမြင့်နဲ့ညီမျှပါသည်။ ထို မြစ်ဆုံဆည် တည်ဆောက်၍ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရှိမည်ဟုခန့်မှန်းကြပါသည်။ စုစုပေါင်း ဆည်၇ခု နှင့် လျှပ်စစ်ဓတ်အားထုတ်လုပ်မည့် ပရော့ဂျက် ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံ ကုန်ကျမည်ဖြစ်ပါသည်။

ဤ မြစ်ဆုံဆည် တည်ဆောက်ရေး ပရော့ဂျက်ကြီး တစ်ခုလုံး၏ တရုတ်ဘက်မှ အဓိက ကန်ထရိုက်မှာ China gezhou-ba group corporation (CCGC) ဖြစ်ပြီး မြန်မာဘက်မှ Asia World Company ဖြစ်ပါသည်။  လော်စစ်ဟန်၏ စီးပွားရေး အင်ပိုင်ယာမှာ ဘိန်းကုန်ကူးခြင်းဖြင့် ချမ်းသာလာသည်ဟု ယုံကြည်ကြပါသည်။ ၎င်းသည် ၁၉၆၀ဝန်းကျင်က ကိုးကန့်ဒေသ မြောက်ပိုင်း၌ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၎င်း၏မြောက်များလှစွာသော Network များဖြင့် ထိုင်းမှတစ်ဆင့် ဘိန်းကုန်ကူးမူကြောင့် အမေရိကန်အစိုးရမှ ၎င်းအား ဘိန်းဘုရင်အဖြစ် ၁၉၇၀၌ သတ်မှတ်ခေါ်ဆိုခဲ့သည်။ ၁၉၉၄ခုနှစ်၌ ၎င်းအဖွဲ့သည် အရှေ့တောင်အာရှ၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဘိန်းကုန်ကူးအဖွဲ့ အဖြစ် ယုံကြည်ကြသည်။ Asia World Company၏ အခွဲဖြစ်သော Golden aaron Companyသည် တရုတ်ပြည်နဲ့ ဆက်စပ်လျှက်ရှိသည်။

ထွန်းမြင့်နိုင်သည် Golden aaron Company၏ မန်းနေးဂျင်း ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ၎င်းCompanyသည် တရုတ်ပြည်၏ China National Offshore Oil Corporation (CCOOC) Companyနဲ့ ဆက်စပ်လျှက်ရှိသည်။  လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နှစ်ဦးစလုံးကို ဘိန်းကုန်ကူးမူကြောင့် ၁၉၉၆ခုနှစ် ကတည်းက အမေရိကန်အစိုးရမှ ဗီဇာမပေးပဲ Black List သွင်းထားခဲ့သည်။ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့  နှစ်ဦးစလုံးကို အမေရိကန်စီးပွားရေးဌာနမှ စီးပွားပိတ်ဆို့သော နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ Asia World Company Limited၊ Asia World Industry Limited၊ Asia World Light Limited တို့အားလုံးသည် စစ်အစိုးရနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ငွေကြေးဆက်နွယ်မူရှိကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။  Asia World Company Limited သည်မြန်မာပြည်၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး စက်မူလက်မူ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထုတ်ကုန်သွင်းကုန် နှင့် စူပါမားကက်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး၊ ကချင်ပြည်နယ်ရှိ ရွှေတွင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။ ထွန်းမြင့်နိုင်သည် မြန်မာ national league ၌ ဘောလုံးကစားသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

ဧရာဝတီမြစ်ကို ကယ်တင်ခြင်းသည် မြန်မာပြည်ကိုကယ်တင်ခြင်းဖြစ်ပြီး၊ ထိုသို့ကယ်တင်ရန်မှာ ကမ္ဘာပေါ်ရှိလူသားအားလုံး၏ တာဝန်ဖြစ်သည်။ ကျွန်ပ်တို့အနေဖြင့် တရုတ်ပြည်၏ China Gezhou-ba Group Corporation (CCGC) နှင့် China National Offshore Oil Corporation (CNOOC) တို့အား မြန်မာပြည်မှ ဘိန်းရာဇာများ နှင့်  အဆက်အသွယ်မလုပ်ရန်တောင်းဆိုလိုက်သည်။

ကျွန်ပ်တို့Burma Democratic Concern (BDC) အဖွဲ့ကြီးအနေဖြင့်  မြန်မာပြည်သူပြည်သားများအားလုံး နှင့် တရားမျှတမူကို မြတ်နိုးသော ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား   လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင်၊ ထွန်းမြင့်နိုင်၏ ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း တို့ပိုင်ဆိုင်သော
Asia World Company Limited၊ Golden aaron Company နှင့် မကွေးယူနိုက်တက် ဘောလုံးအသင်းတို့အားလုံးကိုသပိတ်မှောက်ရန်တောင်းဆိုလိုက်ပါသည်။ ၎င်းတို့အားလုံးသည် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်အောင်လုပ်ဆောင်မူနှင့်  မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးအောင်လုပ်ဆောင်မူတို့တွင် တာဝန်ရှိပါသည်။

ထို့အပြင် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား  မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်သာမက တကမ္ဘာလုံးအား ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မူ အပေါ် မစ္စတာ ဘန်ကီးမွန်း အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များမှ ဝိုင်းဝန်းပါဝင်တားဆီးပေးပါရန် တောင်းဆိုလိုက်ပါသည်။

ကျွန်ပ်တို့၏ ကြွေးကြော်သံမှာ
(၁)  Asia World Company Limited နဲ့ အဆက်အဆံမလုပ်ရေး
(၂)  လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နဲ့ အဆက်အဆံမလုပ်ရေး
(၃)  မကွေးယူနိုက်တက် ဘောလုံးအသင်းအား အားမပေးရေးတို့ ဖြစ်ကြပါသည်။

U Myo Thein [United Kingdom]
Phone: 00-44-208-493-9137, 00-44-787- 788-2386

U Khin Maung Win [United States]
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Phone: 001 509-783-7223

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-8459

 

**

NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း

NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း
2011-07-15

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့ အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က လှူဒါန်းလိုက်ပြီလို့သိရပါတယ်။

AFP

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။ (Photo: AFP)

ခန့်မှန်းခြေ ကျပ်ငွေ သိန်းတရာကျော်ဖိုး ရှိတဲ့ ကျောင်းသုံး ပစ္စည်းတွေကို လှူဒါန်းလိုက်တာ ဖြစ်ကြောင်း၊ ကွန်ပါဘူး တထောင်၊ ဘောပင် ၂ ထောင်၊ ဗလာစာအုပ် ဒါဇင် ၂ ထောင် လှူဒါန်းလာရာမှာ ရောက်ပြီး ၂ ရက်အတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း တို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း အပါအ၀င် မူလတန်း အလယ်တန်း ကျောင်းပေါင်း ၁၃ ကျောင်းကို ကျောင်းသား ဦးရေ အလိုက် ခွဲတန်းချပြီး ဖြန့်ပေးလိုက်ပြီလို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

စာရွက် အမျိုးအစားအလိုက် ဗလာ စာအုပ်ဈေး အစားစား ရှိပြီး တဒါဇင် ကျပ် ၄၀၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကွန်ပါဘူး တဘူးဆိုရင်လည်း နှစ်ထောင်ကျော် ၀န်းကျင် ရှိပြီး ဘောပင် တချောင်း ကျပ် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလဆန်းပိုင်းမှာတင် ဘိုကလေး မြို့နယ် NLD က ဦးစီးပြီး ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ပေါင်းတည် ကျေးရွာ အုပ်စု အောက်မိုးညို ကျေးရွာမှာ ပညာဒါန အခမဲ့ မူလတန်းကျောင်း တကျောင်း ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ (၂) ရက်ကွက် မာဃလမ်းက ကျောင်းတာဝန်ခံ ဆရာဦးအေးမြင့်ရဲ့ ခြံအတွင်းမှာ ဆောက်လုပ်ထားတဲ့ အမေ့အိမ်ကျောင်းကို စည်ပင် နယ်မြေမှာ ဆောက်လုပ်ထားတယ် ဆိုပြီး အမြန်ဆုံး ဖျက်ပေးဖို့ စည်ပင်သာယာက မနေ့ ညနေပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆရာဦးအေးမြင့် ကပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ

အစိုးရဆန့်ကျင်ရေး စာရွက်တွေ မုံရွာမှာ ဖြန့်ဝေ
2011-07-15

မုံရွာမြို့ပေါ်က လူစည်ကားရာ နေရာ ၇ နေရာလောက်မှာ ကျောင်းသား လူငယ်လို့  နံမည်တပ်ထားတဲ့ အဖွဲ့တွေက လာမည့်ရက်ပိုင်းမှာ ဆန္ဒပြရေး အပါအ၀င် တောင်းဆိုချက် သုံးရပ် ပါဝင်တဲ့ နှိုးဆော်စာတွေကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒီစာဖြန့်ဝေတာကို တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ်တဦး က-

“ဒီကနေ့ မနက် ၅ နာရီလောက်မှာ မုံရွာမှာ ရွှေစည်းခုံ ဘုရား၊ စိုက်ပျိုးရေးဝင်း လုံထိန်းတွေရှိတဲ့ နေရာ၊ စံလာဝီ ကမ်းနား၊ ဒေါနပြင် ရပ်ကွက်၊ အထက ကျောင်းတွေ အားလုံး ၇ နေရာလောက် ရှိတယ်။ စာတွေ ဖြန့် တာဗျ။ ကျောင်းသား လူငယ်လို့ ရေးထားတယ်ဗျ။ စာတွေကတော့ အမျိုးမျိုး ရေးထားတာပေါ့။ ၁၈၊ ၁၉ မှာ ဆန္ဒပြကြမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံ ဆွေးနွေရေး၊ ဖမ်းဆီး ကျောင်းသားများ ပြန်လွှတ်ရေး၊ ဒို့ အရေး ဆိုပြီး စာရွက်တွေမှာ ရေးထားတယ်။ ကျွန်တော်တို့ ကောက်တယ်ဗျ။ ဖတ်တယ်ဗျ။ အချင်းချင်း အပြန်အလှန် ဖြန့်ဝေတာတွေလည်း လုပ်တယ်ဗျ။ စည်ပင်ကတော့ အဲဒီစာတွေကို ကားနဲ့ ပတ်ပြီး လိုက်သိမ်းတာတွေ ကျွန်တော်တွေ့ခဲ့ရတယ်”

- လို့ ပြောပါတယ်။

စာပါ အကြောင်းအရာတွကို ပြည်သူလူထုက စိတ်ဝင်စားကြကြောင်း၊ ပြန့်ကျဲနေတဲ့ စာတွေကို စည်ပင်သာယာက လိုက်လံ သိမ်းဆည်းခဲ့ပေမဲ့  တစုံတရာ အရေးယူတာ မရှိကြောင်း အဲဒီ ဒေသခံက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံဖို့ အာဆီယံကို တိုက်တွန်း

စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံဖို့ အာဆီယံကို တိုက်တွန်း
2011-07-14

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ၀ိုင်းဝန်း ထောက်ခံ ပါဝင်ကြဖို့ မြန်မာ့အရေး ပူးပေါင်းလှုပ်ရှားသူများ အဖွဲ့ Burma Partnership က အာဆီယံ နိုင်ငံ အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။

Photo: AFP

၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။ (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လာမည့် ရက်ပိုင်း အတွင်း ကျင်းပမည့် အာဆီယံ ၀န်ကြီးများ အစည်းအဝေးနဲ့ ဒေသ ဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာ့အရေး ဆွေးနွေးနိုင်ဖို့ အတွက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့က ဒီကနေ့ ဂျကာတာမြို့ အခြေစိုက် အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ အာဆီယံ နိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံနိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာပြည် အရေးကို စောင့်ကြည့် လေ့လာ မနေသင့်တော့ကြောင်းနဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ပေါ်ပေါက်ရေးကို ထောက်ခံ အားပေးဖို့ တောင်းဆိုခဲ့ကြောင်း အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှုး မခင်ဥမ္မာက ပြောပါတယ်။

ဒီအကြောင်း မခင်ဥမ္မာ နဲ့ RFA မခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ရပ်ဝေးထောင်ဝင်စာ ၁၅ မိနစ်သာ ခွင့်ပြု

ရပ်ဝေးထောင်ဝင်စာ ၁၅ မိနစ်သာ ခွင့်ပြု
2011-07-14

နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလံတဲ့ထောင်တွေကို ပို့ထားတဲ့ အတွက် မိသားစု လာရောက် တွေ့ဆုံဖို့ ခက်ခဲတဲ့ အပြင် လာရောက်ချိန်မှာလည်း မိနစ် အနည်းငယ်သာ တွေ့ဆုံခွင့် ရတဲ့ အကြောင်း သိရပါတယ်။

AFP

အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)

ပြီးခဲ့တဲ့ အပတ်ထဲက ရန်ကုန်မြို့ ကနေ ကျောက်ဖြူထောင်ကို ပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းကို ထောင်ဝင်စာ တွေ့ချိန်မှာ ထောင်တာဝန် ရှိသူတွေက တာဝန်အရ ဆိုပြီး ၁၅ မိနစ်သာ တွေ့ခွင့် ပြုခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူ မနီနီမာက RFA ကို ပြောပါတယ်။

၂၀၀၈ ခုနှစ်က တရားမ၀င် သင်းပင်း ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၈ နှစ် ချခံထားရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူ ကိုမျိုးမင်းကို ခရီးဝေးလွန်းတဲ့ အတွက် သူ့အနေနဲ့ ၂ နှစ်လောက်ကြာမှ တစ်ခေါက်လောက်သာ ထောင်ဝင်စာ သွားတွေ့ နိုင်တယ်လို့ ဇနီးဖြစ်သူ မနီနီမာ က ပြောပြပါတယ်။

ကိုမျိုးမင်းကို ၂၀၀၈ ခုနှစ်က HRDP ခေါင်းဆောင် ဦးမြင့်အေးတို့ နဲ့ အတူ ဖေါက်ခွဲရေး အမှု၊ တရားမ၀င် အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက် ခံရပြီးနောက် ထောင်ဒဏ် ချခံခဲ့ရ ပါတယ်။ အင်းစိန်ထောင်မှာ ၄ လနေပြီး ကျောက်ဖြူထောင်ကို ပို့ခဲ့တာ ဖြစ်ပါတယ်။

ကိုမျိုးမင်းရဲ့ ဇနီးသည်မှာ ခလေး ၄ ယောက်နဲ့ အတူ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အတွက် ထောင်ဝင်စာ ပေးစရာ ယူဆောင်သွားနိုင်တာ မရှိသလို၊ တွေ့ချိန်မှာလည်း ထောက်လှမ်းရေးက အနားမှာ စောင့်ပြီး ရေးမှတ်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချတဲ့အပြင် သူတို့ရဲ့ မိသားစုကိုပါ ဒဏ်ပေးထား သလို ဖြစ်နေကြောင်း ဇနီးဖြစ်သူ မနီနီမာ က ပြောပါတယ်။

ကိုမျိုးမင်းဟာ ကျောက်ဖြူထောင်မှာ ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကြည့်မြင်တိုင် မြို့ နယ်၊ စိတ်ကြီးဦးမြ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ ကိုမျိုးမင်းဟာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်


အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်
2011-07-14

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမည့် သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

UN Photo/Jean-Marc FERRE

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အထူး အစည်းအဝေး ကျင်းပနေသည့်ပုံ ဖြစ်ပါသည်။ (UN Photo/Jean-Marc FERRE)

“သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ လိုအပ်တဲ့ ဥပဒေ ရေးရာ ကိစ္စတွေကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ မနေ့က အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြ ပါတယ်။

အန်အယ်လ်ဒီ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စကို ပါတီဘက်က ဥပဒေကြောင်း အရ ဗဟိုတရား ရုံးချုပ်မှာ အစိုးရကို တရားစွဲဆို ခဲ့ပေမယ့် နောက်ဆုံး အထူး အယူခံ အဆင့် အထိ ပယ်ချခံရတာကြောင့် ပြည်တွင်းမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ လမ်းဆုံးသွားပြီ ဖြစ်တဲ့ အတွက် အခုလို ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီကို ပါတီသစ် အဖြစ် မှတ်ပုံတင်ရေး ကိစ္စ အပါအ၀င် အစိုးရနဲ့ အန်အယ်ဒီ အကြား မတူညီတဲ့ ဥပဒေ အမြင်တွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်က ပြည်ထဲရေး ၀န်ကြီး ဌာနကို အန်အယ်လ်ဒီက စာတစ်စောင် ပေးပို့ခဲ့ ပါတယ်။

အန်အယ်လ်ဒီ ပါတီ ရပ်တည်ရေး ကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြမည့် အကြောင်းနဲ့ ပတ်သက်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကို RFA ကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2011-07-14

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံ့တာဝန်တွေကို အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

Photo: AFP

မေလ ၂၇ ရက်က ကျင်းပသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားနှင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

“ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက် အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။ ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်တာဟာ တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။”

သောကြာနေ့တိုင်း RFA က အပတ်စဉ် တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ် အတွက် သောတရှင် တဦးက လက်ရှိ အစိုးရရဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကို သောကြာနေ့ည တက်ဆက်မယ့် `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အကျဉ်းသားပေါ်တာအသုံးပြုမှု စစ်ရာဇ၀တ်မှုတမျိုးဖြစ်


အကျဉ်းသားပေါ်တာအသုံးပြုမှု စစ်ရာဇ၀တ်မှုတမျိုးဖြစ်
2011-07-13

မြန်မာနိုင်ငံမှာ အစိုးရ ပြောင်းသွားတယ် ဆိုပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေဆဲပဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

RFA

Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group (KHRG) ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထားသော Dead Men Walking: Convict Porters on the Front Lines in Eastern Burma “သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ” အစီရင်ခံစာ မျက်နှာဖုံးပုံ ဖြစ်ပါသည်။

အန္တရာယ် ကြီးမားတဲ့ ရှေ့တန်း စစ်မျက်နှာ တွေမှာ အကျဉ်းသားတွေကို ပေါ်တာ အဖြစ် ခိုင်းစေနေတာဟာ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အခြေအနေမျိုးပဲလို့ ထောက်ပြလိုက် ပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ရှိတဲ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ လုပ်တဲ့ မြန်မာ စစ်တပ်က အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုနေကြောင်း ပြုစုထားတဲ့ အစီရင်ခံစာ အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ၊

Dead Men Walking: Convict Porters on the Front Lines in Eastern Burma- “သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ” ဆိုတဲ့ အစီရင်ခံစာကို Human Rights Watch-HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group- KHRG ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထား ပါတယ်။

HRW အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson ကလည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းမှာလည်း စစ်တပ်က အရပ်သားတွေကို နှိပ်စက်နေတုန်းပဲလို့ ပြောပါတယ်။

တကယ် ပြောရရင် ရွေးကောက်ပွဲ ကျင်းပပြီးချိန်က စလို့ နိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။ အရပ်သားတွေ အပေါ် စစ်တပ်က ရက်ရက် စက်စက် ပြုမူနေတာ တစက်ကလေးမှ ပြောင်းလဲသွားတာ မရှိပါဘူးလို့ Mr. Pearson က ပြောပါတယ်။

၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေ အတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာ ၅၈ ယောက်ကို ဒီ လူ့အခွင့်အရေး နှစ်ဖွဲ့က တွေ့ဆုံ မေးမြန်းထားတာတွေကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီအကြောင်း အသေးစိတ်ကို ဗန်ကောက်မြို့မှာ ရောက်နေတဲ့ RFA ၀ိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

မောင်ထိပ်ကွက်အမှု အလုပ်ရှင်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်

မောင်ထိပ်ကွက်အမှု အလုပ်ရှင်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်
2011-07-13

ဧရာဝတီတိုင်း ဟင်္သာတမြို့က ကလေး အလုပ်သမား မောင်စိုးထက်အောင် ခေါ် ထိပ်ကွက်ကို အကြမ်းဖက် နှိပ်စက်တဲ့ အလုပ်ရှင် ဦးဆက်မူးဌေးဝင်းကို တရားရုံးက ဒီကနေ့ ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဟင်္သာတမြို့နယ် တရားရုံးကနေ You and Me လဘက်ရည်ဆိုင် ပိုင်ရှင် ဦးဆက်မူးဌေးဝင်းကို ပုဒ်မ (၃၂၆) အပြင်းအထန် နာကျင်စေမှု အတွက် ပြစ်ဒဏ် (၇) နှစ်၊ ပုဒ်မ (၃၄၂) အတွက် ပြစ်ဒဏ် (၂) နှစ် ချမှတ်လိုက်ပြီး တပေါင်းတည်း ပြစ်ဒဏ် (၇) နှစ် စီရင်လိုက်တာပါ။

ဒါပေမယ့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ မောင်စိုးထက်အောင် ခေါ် ထိပ်ကွက်အတွက် နစ်နာကြေး ဘယ်လောက် ပေးဆောင်ရမယ်ဆိုတဲ့ ပြစ်ဒဏ် ချမှတ်တာတော့ မတွေ့ရဘူးလို့သိရပါတယ်။

လောလောဆယ်မှာ စာနာ သနားသူများက ပေးကျွေးတာနဲ့ ရပ်တည် နေရကြောင်း၊ နောက်ပိုင်းမှာတော့ ဓမ္မာဗိမာန် ပရဟိတ ဦးဆောင် ဆရာတော်က အလှူခံပြီး ကလေးရဲ့ ပြုစုပျိုးထောင်ရေးအတွက် ဆောင်ရွက်ပေးဖို့ စီစဉ်ထားကြောင်း ဟင်္သာတမြို့ခံ တဦးက RFA ကို ပြောပြ ပါတယ်။

မောင်ထိပ်ကွက်ဟာ ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည် ဆိုင်မှာ အလုပ်လုပ်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦးဖြစ်ပြီး၊ သူ့ကို ဆိုင်ပိုင်ရှင်က ဇွန်လ ၂၅ ရက်နေ့မှာ ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်တဲ့ အတွက် ကိုယ်အင်္ဂါ ထိခိုက်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။

ဒေသခံအာဏာပိုင် တွေကြားမှာတော့ မောင်ထိပ်ကွက်ရဲ့ဘဝ ရှေ့ရေး ဆွေးနွေးခဲ့ကြပေမယ့် ဘယ်လို ကူညီစောင့်ရှောက် သွားမယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ရှမ်းတပ်တွေကို အစိုးရတပ်က လေကြောင်းက တိုက်ခိုက်


ရှမ်းတပ်တွေကို အစိုးရတပ်က လေကြောင်းက တိုက်ခိုက်
2011-07-13

ရှမ်းပြည် မြောက်ပိုင်း တပ်မတော် တပ်ဖွဲ့တွေကို အစိုးရ တပ်ဖွဲ့တွေက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

RFA

SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ – RFA

ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့တွေ ၀ိုင်းထားတဲ့ လွယ်ဆိုင်မြို့ ၀မ်ခိုင်ဖတ် ဒေသက တောင်ကုန်းကို ဒီကနေ့ နေ့လည် ၁ နာရီခန့်မှာ အစိုးရ တပ်တွေက ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှုး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“ကျနော်တို့ ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်တယ်လို့ ကျနော်တို့ ရှေ့တန်းတပ်တွေက အစီရင်ခံထား ပါတယ်။ ဖြစ်တဲ့နေရာကတော့ မိုင်းရယ်မြို့နယ်ခွင်ထဲမှာပါ။ အစိုးရတပ်က ခလရ ၂၈၆ နဲ့ ၂၈၇ တို့ ဖြစ်ပါတယ်။ MiG 26 လို့ ယူဆလို့တဲ့ လေယာဉ်နဲ့ လာပြီးတော့ ဗုံး ၈ လုံး ၉ လုံးလောက် ကြဲသွားတယ်။ ကျနော်တို့ SSA ဖက်က ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ရှေ့တန်းတပ်တွေက အစီရင်ခံထားပါတယ်။”

အစိုးရတပ်တွေက လေယာဉ် နှစ်စီးနဲ့ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့တွေကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ မနေ့က အစိုးရ တပ်စွဲထားတဲ့ စခန်း တစ်ခုကို SSA မြောက်ပိုင်းတပ်တွေက ၀င်ရောက် စီးနင်းပြီး နောက်ပိုင်း အစိုးရတပ်တွေက အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။ အခုလို ဗုံးကြဲ တိုက်ခိုက်မှုမျိုး ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ မေလ ၂၁ ရက်နေ့ နောက်ပိုင်း SSA တောင်ပိုင်း နဲ့ မြောက်ပိုင်း တပ်မတော်တို့ စစ်ရေး အရ ပူးပေါင်း သွားမယ်ဆိုတဲ့ သတင်းနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း၊ အခုလို အစိုးရတပ်တွေက အင်အားသုံးပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်လာမယ် ဆိုရင် မလိုလားအပ်တဲ့ ပြည်တွင်းစစ်ကို ငြိမ်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း၊ ရှမ်းပြည် တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေး အတွက် အစိုးရကို အစဉ်အမြဲ ကမ်းလှမ်း ဆောင်ရွက်နေပါကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။

SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေကို RFA မှ ဒေါ်ခင်ခင်အိက SSA ပြောခွင့်ရသူ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Follow

Get every new post delivered to your Inbox.

Join 996 other followers