ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်
2011-12-28

ဒေါ်အောင်ဆန်းစုကြည်ထုတ်လုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရှပ်ရှင်ဇာတ်ကားအတွက် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို အပြီးအပိုင် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးကျော်သူက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။

ဒီကိစ္စအတွက် ဖခင် ဦးစိန်တင်ထံက သဘောတူခွင့်ပြုချက် ရထားပြီးပြီလို့လည်း သူကဆိုပါတယ်။

အမျိုးသားရုပ်ရှင်ကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်တည်ထောင်ခဲ့တာပါ။ ၂၀၀၆ခုနှစ်က မိမိ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ပြီးနောက်ပိုင်း ကုမ္ပဏီလုပ်ငန်းတွေကို ရပ်နားထားခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒါကြောင့် ထုတ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေတဲ့အတွက် မလှူခင် သက်ဆိုင်ရာကို ဒဏ်ကြေးတွေ ပေးဆောင်ရဦးမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီကို ဖွဲ့စည်းထားပြီး ဦးကျော်သူကို ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။

ဇာတ်ကားကို သုံးနှစ်လောက် အချိန်ယူ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
LH

http://www.rfa.org/burmese/news/kyawthu-as-movie-12282011103436.html

အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေးရေပြင်အကျယ်မှာ ယခင်က ၁၀၀ စတုရန်းမိုင်ရှိခဲ့ရာမှ ယခု ၂၄ စတုရန်းမိုင်သာကျန်ရှိတော့

Wednesday, 31 August 2011 16:15

AddThis Social Bookmark Button4227

အင်းလေးကန် တစ်နေရာကို သြဂုတ်လ တတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်(တောင်ကြီး))

အာဆီယံ အမွေအနှစ် ဥယျာဉ် စာရင်းဝင်တစ်ခုဖြစ်သည့် အင်း လေးရေပြင်သည် ယခင်က ၁၀၀ စတုရန်းမိုင် ၆၆၉၆၇ ဧကရှိခဲ့ရာမှ ယခုနှစ်တွင် ၂၄ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း၊အင်းလေးကန်ကို စနစ်တကျ ထိန်းသိမ်းပြုပြင်မှုများ မပြုလုပ်ပါက တိမ်ကောပျောက်ကွယ်သွားမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း အင်းလေးကန် ရေရှည်တည်တံ့စေရေး ဘက်စုံထိန်းသိမ်းရန် အမျိုးသားအဆင့်အလုပ် ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

လက်ရှိအချိန်၌ အင်းလေးကန်၏ ပတ်ဝန်းကျင် အခြေအနေများသည် အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီးယိုယွင်းလျက်ရှိကာ ရေညစ်ညမ်းခြင်း၊ ထာဝစဉ် တည်တံ့ခြင်းမရှိသော စိုက်ပျိုးသည့် အလေ့အကျင့်များ၊ ရေဝေရေလဲ ဒေသတွင်သစ်တောပြုန်းတီးနေခြင်း၊ ဓာတုမြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးခြင်း၊စွန့်ပစ်ပစ္စည်း များကို စနစ်တကျမစွန့်ပစ်ခြင်း၊ အင်းလေးကန်၏ ရေပြင်ဧရိယာ တဖြည်းဖြည်း ကျုံ့လာခြင်း၊မိုးနည်း ပါးခြင်း၊ အနည်ကျခြင်း၊ သဘာဝရေတိမ်ဒေသများကို လယ်ယာမြေ အဖြစ်သို့ ပြောင်းလဲခြင်းစသည့် အကြောင်းရင်းတို့ကြောင့် အင်းလေးကန်သည် တဖြည်းဖြည်း တိမ်ကောလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်ကန်ထဲတွင် နေထိုင်သည့် လူဦးရေများပြားလာခြင်း၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုး မြေချဲ့ထွင်ခြင်း၊ ကျွန်းမျှောများ၊ စိုက်ခင်းများ များပြားလာခြင်းတို့ကြောင့် ရာသီဥတုပြောင်းလဲလာကာ အင်းလေးကန်၏ အပူချိန်မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

အင်းလေးကန်၌ သစ်တောပြုန်းတီးလာမှုကြောင့် ၂၀၁၀ ပြည့်နှစ်တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃ ဒီဂရီစင်တီ ဂရိတ်ရှိခဲ့ပြီး အနိမ့်ဆုံး အပူချိန်မှာ ၈ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကြောင်း၊ ယခု နှစ်၏ သြဂုတ်လ ၁၅ ရက်နေ့ အထိ အမြင့်ဆုံးအပူချိန်မှာ ၃၃ ဒီဂရီ စင်တီဂရိတ်ရှိခဲ့ပြီး အနိမ့်ဆုံးအပူချိန် မှာ ၁၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ ကြောင်း၊ ၁၉၉၂ ခုနှစ်မှ ၂၀၁၁ခုနှစ် အထိ နှစ်ပေါင်း ၂၀ကာလအတွင်း အင်းလေးကန်အတွင်းရှိ အမြင့်ဆုံး ရေမှတ်နှင့် အနိမ့်ဆုံးရေမှတ်ကို လေ့လာကြည့်ပါက၁၉၉၂ခုနှစ်တွင် အမြင့်ဆုံးရေမှတ် ၉ဒသမ၁ ပေ၊ အနိမ့်ဆုံး ရေမှတ် ၂ဒသမ၅ပေရှိခဲ့ရာမှ နှစ်စဉ်တဖြည်းဖြည်း လျော့ကျလာပြီး ယခု နှစ်ဇူလိုင်လတွင် အမြင့်ဆုံး ရေအမှတ် ၂ဒသမ၉ ပေ၊ အနိမ့်ဆုံးရေမှတ်(-) ၀ ဒသမ ၃ ပေ အထိသာ ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

“ဆင်းရဲမှု၊ ငတ်မွတ်ခေါင်းပါး မှုလျှော့ချရန်အတွက် မူဝါဒတွေနဲ့ ဖော်ဆောင်ရာမှာ Green economi ကလည်း အရေးကြီးတဲ့အချက်မှာ ပါဝင်လာပါတယ်။ ဒေသတွင်းမှီခို စားသောက်နေတဲ့ ဒေသခံများအပါအ၀င် မြန်မာနိုင်ငံအတွက် သာမက အာဆီယံအသိအမှတ်ပြု နေရာဖြစ်တာကြောင့် ထိန်းသိမ်းပြုပြင်မှုတွေကို မူဝါဒတွေ ရေးဆွဲပြီးပြုလုပ်နေပါတယ်။ ထိန်းသိမ်းမှုတွေကို နယ်ပယ်အသီးသီးက ၀ိုင်းဝန်းပြုလုပ်မှသာ အင်းလေးကန် ကြီးတိမ်ကောမှုကို ထိန်းသိမ်းသွားနိုင်မှာပါ” ဟု အင်းလေးကန်ရေရှည် တည်တံ့စေရေး ဘက်စုံထိန်းသိမ်းရန် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

အင်းလေးကန်ကို ၂၀၁၀ပြည့် နှစ်တွင် အာဆီယံ အမွေအနှစ်တစ်ခု အဖြစ်သတ်မှတ်ခဲ့ပြီး လျှပ်စစ်စွမ်း အင်ကိုထုတ်ပေးနေသည့်လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေးစက် ရုံသို့ ရေများထောက်ပံ့ပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး ရေချိုကန်ကြီးဖြစ်ပြီး လှပသောပတ်ဝန်းကျင်၊ တန်ခိုးကြီး ရှေးဟောင်းဘုရားများသည် ခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်သည်။

အင်းလေးကန်၏ အချက်အလက်အချို့

တည်နေရာ – ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၂၉၅၀ ပေတွင် တည်ရှိ။

မူလအင်းရေပြင်နယ်နိမိတ်        -         ၁၀၄ စတုရန်းမိုင် (၆၆၉၆၇ ဧက)

လက်ရှိအင်းရေပြင်နယ်နိမိတ်     -         ၆၃ စတုရန်းမိုင် (၄၀၁၃၀ ဧက)

လက်ရှိအင်းရေပြင်ဧရိယာ         -         ၂၄ စတုရန်းမိုင် (၁၅၆၆၉ ဧက)

ကျွန်းရိုင်း ဧရိယာ         -         ၁၃ စတုရန်းမိုင် (၈၂၄၁ ဧက)

ကျွန်းမျှော ဧရိယာ        -         ၁၅ စတုရန်းမိုင် ( ၉၂၅၄ ဧက)

လူနေထိုင်သည့် ဧရိယာ -         ၃ စတုရန်းမိုင် ( ၂၀၉၅ ဧက)

စိုက်ပျိုးမြေ       -         ၈ စတုရန်းမိုင် (၄၈၇၁ ဧက)

http://www.news-eleven.com/index.php?option=com_content&view=article&id=10013:2011-09-01-04-27-41&catid=45:2009-11-10-07-45-41&Itemid=113

AAT

 

 

မန္တလေးမြို့တွင် ရေကြီးရေလျှံမှု တစ်နှစ်ထက်တစ်နှစ် ပိုမို ကြုံတွေ့လာ

Tuesday, 30 August 2011 18:19

မန္တလေးမြို့၏ ရေဆိုးထုတ်မြောင်းများ၊ ချောင်းများအား အမှိုက်၊ နုန်းဆယ်ယူခြင်း၊ တိုးချဲ့ ဖောက်လုပ်ခြင်း၊ ကျောက်စီကမ်းပါးများ တည်ဆောက်ခြင်း တို့ကို အဆက်မပြတ် ဆောင်ရွက်လေ့ ရှိသော်လည်း မိုးတွင်းကာလ
မိုးသည်းထန်စွာ ရွာသွန်းသည့် အခါတိုင်း မြို့ပေါ်ရှိ လမ်းမများနှင့် လူနေရပ်ကွက်များ၌ ရေကြီးရေလျှံမှုများကို တစ်နှစ်ထက်တစ်နှစ် ပိုမို တွေ့ကြုံ ခံစားလာရသောကြောင့် မြို့၏ရေဆိုးစွန့်ထုတ်မှုစနစ်၊ ရေထွက်ပေါက်နှင့်
ရေထိန်းတံခါးများ၊ ပင်မရေထွက်ပေါက်များ ဖြစ်ကြသည့် တောင်သမန်အင်း၊ ကန်တော်ကြီး (ယခင်တက်သိမ်းအင်း)၊ သင်္ဂဇာချောင်း၊ ပန်းရံတော်ချောင်း၊ ရွှေတချောင်းမြောင်း တို့၏ အခြေအနေများကို စနစ်တကျ လေ့လာဆန်းစစ်၍ ပြုပြင် တည်ဆောက်မှုများ ပြုလုပ်ရန် လိုအပ်လာကြောင်း ရေဆိုးစွန့်ပစ်စနစ် လေ့လာသူများနှင့် မြို့ခံများက သုံးသပ်ကြပါသည်။

မန္တလေးမြို့၏ အရှေ့ဘက်ရှိ ရှမ်းကုန်းမြေမြင့် တောင်တန်းများပေါ်မှ ရွာသွန်းသော မိုးရေများသည် တောင်တန်းများတစ်လျှောက် စီးဆင်းလာပြီး ပုသိမ်ကြီးမြို့နယ်ကို ဖြတ်သန်းကာ ပန်းရံတော်ချောင်းမှ စတင်ပြီး
တောင်သမန်အင်းအတွင်း ၀င်ရောက်၍ ရေထွက်ပေါက်မှ ဧရာဝတီမြစ် အတွင်း စီးဆင်းသွားသည်။ တောင်သမန်အင်းကို လေလံပေး၍ ငါးမွေးမြူခြင်း လုပ်ဆောင်နေမှုကြောင့် ဧရာဝတီမြစ်အတွင်း ရေထွက်ပေါက်များ
ပိတ်ဆို့ထားလေ့ရှိသည့် အတွက် တောင်သမန်အင်း ရေတောင့်နေချိန်တွင် အင်းအတွင်း ပင်မ ရေ၀င်ပေါက် ဖြစ်သည့် ပန်းရံတော်ချောင်းရေမှာလည်း မြင့်တက်လာကာ လူနေရပ်ကွက်များ အတွင်းသို့ ရေ၀င်
ရောက်တတ်သည်ဖြစ်ရာ အဆိုပါ ချောင်းဖြတ်သန်းသည့် အောင်ပင်လယ်၊ ထွန်တုံး၊ ကံသာယာ၊ မြရည်နန္ဒာ စသည့် မြို့သစ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများကို နှစ်စဉ် ခံစားလာရသည်ဟု သိရှိရသည်။

”ကံသာယာမြို့သစ်ကို ရောက်တာ ၁၀ နှစ်ရှိပြီ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က စပြီး ရေကြီးဒဏ်ခံရတာ။ မိုးတစ်ခါရွာ တစ်ခါ ရေကြီးတာပဲ။ သွားရေးလာရေးခက်၊ အလုပ်ပျက် အကိုင်ပျက်နဲ့ အခုဆို မိုးသည်းတာနဲ့ ထမင်းထုပ်
မျှော်နေရပြီ”ဟု ကံသာယာ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုပါသည်။


မြို့၏ အရှေ့မှ အနောက်သို့ စီးဆင်းသော မြောင်းအချို့ ပျောက်ကွယ်သွားခြင်း၊ လက်ရှိမြောင်းများ အားနည်းခြင်း၊ ရေလက်ခံရာမြို့၏ အနောက်ဘက်ခြမ်းရှိ ရွှေတချောင်းမြောင်း၊ သင်္ဂဇာချောင်းနှင့် ကန်တော်ကြီး တို့၏ ရေစီးဆင်းမှုနှင့် ရေစွန့်ထုတ်မှုတို့ လုံလောက်မျှတမှု မရှိခြင်း တို့ကြောင့် . .


ပန်းဥယျာဉ်နှင့် ပတ်ဝန်းကျင်များ အနုဂေဟ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေသော ဦးညီညီက ”၁၉၉၀ ခုနှစ်လောက်တုန်းက မန္တလေးလမ်းက တံတားဖြစ် တံတားနေရာမှာ ရေထိန်းတံခါးတပ်ပြီး ငါးမွေးမြူရေး
လုပ်လိုက်တာကနေ စဖြစ်တာပဲ။ အမှန်တကယ် အဲဒီချောင်းက တောင်သမန် ရေနုတ်ချောင်းလို့ သုံးနှုန်းခဲ့တာ။ ချောင်းကိုပိတ်ပြီး ငါးမွေးနေတာကြောင့် ဧရာဝတီရဲ့ ရေဝေရေလဲပေါက်တစ်ခု ပျက်စီးသွားလို့ အမရပူရ မြို့နယ်ထဲက အနိမ့်ပိုင်း ရေ၀င် ရပ်ကွက်တွေကို ထိခိုက်စေတယ်”ဟု ပြောပြပါသည်။

မန္တလေးမြို့တွင်း လမ်းမများပေါ်တွင် ရေကြီးရေလျှံရခြင်းမှာလည်း မြို့၏ အရှေ့မှအနောက်သို့ စီးဆင်းသော မြောင်းအချို့ ပျောက်ကွယ်သွားခြင်း၊ လက်ရှိမြောင်းများ အားနည်းခြင်း၊ ရေလက်ခံရာမြို့၏ အနောက်ဘက်ခြမ်းရှိ ရွှေတချောင်းမြောင်း၊ သင်္ဂ ဇာချောင်းနှင့် ကန်တော်ကြီး တို့၏ ရေစီးဆင်းမှုနှင့် ရေစွန့်ထုတ်မှုတို့ လုံလောက် မျှတမှု မရှိခြင်း တို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုကြသည်။

”တောင်သမန်အင်းနဲ့ ကန်တော်ကြီးတို့က ဖြစ်စဉ် အတူတူပဲ။ ဧရာဝတီမြစ် ထွက်ပေါက် အဖြစ် ဆက်စပ်ပြီး မြစ်သဘာဝ၊ အင်းအိုင် သဘာဝတွေ ရှိကြတယ်။ လူတွေအတွက်လည်း ရေများတဲ့အခါ တံငါ၊ ရေနည်းတဲ့အခါ တောင်သူ လုပ်ခဲ့ကြတာပေါ့။ အခု ကန်တော်ကြီးကလည်း တောင်သမန်အင်း လိုပဲ။ ရေထိန်းပြီး ငါးမွေးကန် ဖြစ်နေတာကြောင့် စီးဝင်တဲ့ ရွှေတချောင်း၊ သင်္ဂဇာချောင်းက ရေတွေကို လက်မခံနိုင်တော့ဘူး။ အင်းမှာလည်း လုံလောက်တဲ့ ရေထွက်ပေါက် မရှိတော့လို့ ရပ်ကွက်တွေမှာ ရေကြီးတော့တာပေါ့”ဟု ဦးညီညီက ဆက်လက် ရှင်းပြသည်။

မန္တလေးမြို့၏ ရေဆိုးစွန့်ပစ်မှု စနစ်နှင့် ရေနုတ်မြောင်းများ အပေါ် လေ့လာ သုတေသန ပြုလုပ်ခဲ့သူ ဆရာ ရွှေဉာဏ်ဇော်က”မိုးရွာတဲ့အခါ မန္တလေး တောင်ပေါ်က စီးလာတဲ့ရေတွေက သူ့ရဲ့ catchment area ဖြစ်တဲ့
ပုသိမ်ကြီးမြို့နယ်ထဲကို စီးဆင်းတယ်။ ယောမင်းကြီးကျောင်းရဲ့ တောင်ဘက်မြောင်းကနေ Gradient မှန်မှန် တက်မျောချောင်းထဲ စီးဝင်တယ်။ တက်မျော ချောင်းကလည်း တိရစ္ဆာန်ရုံဘေးက ၁၂ လမ်းမြောင်း၊ မန္တလေးနန်း
မြို့တွင်းက ထွက်ရှိလာတဲ့ ကျော်ဟိုး တံတား ရေထုတ်ပြွန်တွေ ပေါင်းပြီး ၉ လမ်းနဲ့ သံလမ်းကူးတံတား အမှတ်(၈)ကြားမှာ ရွှေတချောင်းမြောင်းထဲကို စီးဝင်တယ်။ ဒါပေမယ့် စက်ရုံဧရိယာထဲ စီးဆင်းရတဲ့အတွက် ရေစီးရေလာ မကောင်းနိုင်တာကြောင့် ချောင်းရေက မြောက်ဘက်ကို ကျော်ထွက်သွားပြီး အနိမ့်ပိုင်းကျတဲ့ ညောင်ကွဲကွင်းမှာ ရေလျှံတော့တာပေါ့”ဟု ဆိုပါသည်။
မြို့၏ ရေကြီးရေလျှံမှု ဖြစ်စဉ်များအပေါ် မြို့ခံတစ်ဦးက ”စည်ပင် လမ်းတံတားဌာန အနေနဲ့ မြို့တွင်း၊ မြို့ပြင် လမ်းတွေကို အရှိန်အဟုန်နဲ့ တိုးချဲ့တာ၊ ထပ်ပိုး ကတ္တရာခင်းတာတွေ လုပ်နေပေမယ့် ချောင်းတွေ မြောင်းတွေက တစ်ပြေးညီ တိုးတက် မလာဘူး။ နောက်ပြီး များပြားလာတဲ့ လူဦးရေနဲ့ တိုက်တာ အဆောက်အဦတွေက မြောင်းတွေရဲ့ drain age ကို အတားအဆီး ပိုမို ဖြစ်လာနေတယ်။ ဒီတော့ မြို့ပေါ်ကို ရွာသွန်းတဲ့ မိုးရေချိန်လောက်ထက် ပိုလာတဲ့ ရေထုက ရပ်ကွက်တွေထဲ၊ လမ်းတွေထဲမှာ မြင့်ရာကနေ နိမ့်တဲ့ အပိုင်းတွေကို တိုးထွက်နိုင်သမျှ စီးဆင်းတာပေါ့”ဟု ဆိုသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=9996:2011-08-31-06-31-40&catid=44:2009-11-10-07-31-38&Itemid=113

AAT

Burma Democratic Concern (BDC) will be posting Bo Gyoke Aung San’s dictums

06 July 2011

In honour of the Bo Gyoke Aung San and Martyrs of Burma, Burma Democratic Concern (BDC) will be posting Bo Gyoke Aung San’s dictums from today until 19 July 2011.

So then, these are the tasks before all of us. I say then to you: come and let us do them and achieve them, for it is in our power to make or mar our destiny. Above all, have no doubt about your creative power which can move mountains and even Heaven. And what Heaven on this earth can stand before the united will and wisdom of our people conscious of their strength and power and harnessing it firmly to the chariot wheels of history? We are out for ordered progress and we will, with your hearty co-operation, win our freedom peacefully and speedily.

(Bo Gyoke Aung San)

Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.

For more information please visit Burma Democratic Concern (BDC) at http://www.bdcburma.org/

**

လိုင်ဇာလမ်း ကုန်စည်စီးဆင်းမှု ပြန်တက်၊ ကားခ တက်ဆဲ

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ တိုက်ပွဲများ ရပ်သွားပြီးနောက် မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကားအစီးရေ ထက်ဝက်ခန့် ပြန်တိုးများလာသော်လည်း ကားခများမှာမူ ပြန်မလျှော့သေးဘဲ ဖြစ်နေသည်။ယခင်က တနေ့လျှင် လိုင်းကား အစီးရေ ၈၀ မှ ၁၀၀ အထိ ဖြတ်သန်းခဲ့ရာမှ KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများကြောင့် တနေ့ ၁၀ စင်းခန့်သို့ ထိုးကျသွားခဲ့ပြီးနောက် ယခုအခါ တရက်လျှင် ကား ၄၀ ကျော် ဖြတ်သန်းနေပြီဟု လိုင်ဇာလမ်းပေါ်ရှိ KIO စစ်ဆေးရေးဂိတ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။သို့သော် တိုက်ပွဲဖြစ်ချိန်က လေးဆအထိ မြင့်တက်သွားခဲ့သော ကားခမှာ ယခုထိ ပြန်မကျသေးပေ။ ယခင်က တဦးလျှင် ကျပ် ၅၀၀၀ ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်း ပေးရသည်။ အလားတူပင် မြစ်ကြီးနားတွင် တရုတ် စားသောက်ကုန်ပစ္စည်း ဈေးကလည်း တက်နေဆဲ ဖြစ်သည်။


မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကား အစီးရေ ထက်ဝက်ခန့် ပြန်တိုးများ လာသော်လည်း ကားခများမှာမူ ပြန်မလျှော့သေး (ဓါတ်ပုံ မဇ္ဈိမ)

ကားခဈေးတက်မှုက လိုင်ဇာမြို့တောင်ဘက် ဖြတ်လမ်းတခု ဖြစ်သော လမိုင်းယန် ကားလမ်းကို အသုံးပြုသူ ပိုများလာသည်။ လမိုင်းယန်လမ်းတွင် ကားခမှာ တဦးလျှင် ၈၀၀၀ ကျပ် ဖြစ်သည်။လက်ရှိတွင် KIO ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်ဖွဲ့များ ဝင်ရောက်လာခြင်း မရှိပါက ခုခံတိုက်ခိုက်ခြင်းမပြုရန်နှင့် အစိုးရတပ်များ ဝင်ရောက်လာမည့် တံတားများအား ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်ရန် ဇူလိုင် ၃ ရက်ကတည်းက ရှေ့တန်း တပ်ဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း KIA အရာရှိတဦးက ပြောသည်။ သို့သော် အပစ်အခတ် ရပ်ဆိုင်းခြင်း မဟုတ်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၃ ဦးနှင့် KIO အရာရှိများ လဂျားယန်၌ တွေ့ဆုံပြီးနောက် ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်သည်။ဇူလိုင် ၂ ရက်တွင် မိုးညှင်းမြို့နယ်အတွင်း KIA တပ်ရင်း ၅ နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၁ အကြား တိုက်ပွဲငယ် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ၂ ဦး ကျဆုံးခဲ့သည်ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

တရုတ်-မြန်မာနယ်စပ် မိုင်ဂျာနယ်၊ လိုင်ဇာ စသည့် နယ်စပ်တလျှောက်တွင် စစ်ပြေးဒုက္ခသည် ၁၇ဝဝဝ ခန့်ရှိနေပြီး၊ အများစုမှာ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်နေကြသည်ဟု KIO က ပြောသည်။အလားတူပင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် မြစ်ကြီးနားမြို့ပေါ် တပ်ကုန်း၊ ဇီးလွန်နှင့် ဝိုင်းမော် စသည့် ရပ်ကွက်များရှိ ကက်သလစ်နှင့် နှစ်ခြင်း အသင်းတော်များ၌ အနည်းဆုံး ဒုက္ခသည် ၂ ထောင်ခန့် ရှိနေသည်ဟု နှစ်ခြင်းအသင်းတော် ဆရာတဦးက ပြောသည်။

AAT

 မဟာသင်္ကြန်အကြတ်နေ့ မြင်ကွင်း

၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။

ရန်ကုန် သင်္ကြန်အကြတ်နေ့

TG1

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း

TG2

သင်္ကြန်အကြတ်နေ့ လှိုင်သာယာ သင်္ကြန်ရေကစားမှု မြင်ကွင်း

TG3

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်း ရေကစားမှု မြင်ကွင်း

သင်္ကြန်အကြိုနေ့တွင် ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့၌ ရေကစားသူနှင့် ရေပက်ခံထွက်သူများ ပြန်လည် စည်ကားခဲ့သည့် အလျောက် ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုသို့တွေ့ရှိရာတွင် သင်္ကြန်အကြတ်နေ့က လူစည်ကားရာနေရာများဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးစေတီလမ်းတို့သာမက မြို့တွင်းလမ်းများဖြစ်ကြသော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင်ပါ ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်ပါသည်။

စည်ကားသည်ဆိုရာတွင် ယခင်နေ့များကဲ့သို့ နေ့လည်ပိုင်း၊ ညနေပိုင်းတို့တွင်သာ စည်ကားခဲ့သည်မဟုတ်ပဲ နံနက်ပိုင်းမှစ၍ မဏ္ဍပ်ကြီးများရှိရာ နေရာများ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၌ ကားဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ကာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ခြင်းဖြစ်သည်။

”ရှေ့နှစ်ရက်ကတော့ ထွက်လည်ရ ကောင်းနိုး၊ မကောင်းနိုး စဉ်းစားနေတာ၊ ဒီနေ့တော့ မနေနိုင်တော့တာနဲ့ ထွက်လည်ဖြစ်တယ်၊ နေရာတိုင်း စည်ကားနေတ တွေ့ရတော့ ကိုယ့်စိတ်လည်း ပျော်လာတယ်၊ လုံခြုံရေးတွေလည်း နေရာအနှံ့ရှိနေတော့ အဆင်ပြေပါတယ်၊ မနက်ဖြန်လည်း ဆက်လည်ဖို့ စီစဉ်ထားတယ်”ဟု သင်္ကန်းကျွန်းမြို့နယ်မှ ကားဖြင့် ရေပက်ခံထွက်လာသူတစ်ဦးက ပြောပြပါသည်။

”အစည်ကားဆုံးကတော့ ဂျေမီမဏ္ဍပ်ပါပဲ။ လာတဲ့သူတွေ တော်တော်များတယ်။ ဒီနှစ်သင်္ကြန်မှာ ထူးခြားတာကတော့ ခါးပိုက်နှိုက်ခံရတာတွေ ပိုများတာပဲ”ဟု ပြည်လမ်းရှိ အင်းလျားကန်စောင်း မဏ္ဍပ်များ၌ တာဝန်ကျသူ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပြပါသည်။

TG4

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်း ရေကစားမှု မြင်ကွင်း

TG8

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် ရေနားချိန် မြင်ကွင်း

TG9

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် ရေနားချိန် မြင်ကွင်း

”အရင်နှစ်က ဒီအချိန်ပေါ့ဗျာ၊ ကန်ပတ်လမ်းမှာ ဗုံးပေါက်တယ်၊ ပျော်နေတဲ့သူတွေက ပျော်နေကြပေမယ့် ကျွန်တော့်စိတ်ထဲ လည်နေတုန်း မနှစ်ကအကြောင်းတွေ ပြန်သတိရလာတော့ စိတ်ထဲ ထိုင်းမှိုင်းသွားတယ်။ အရင်နှစ်ရက်ကတော့ အိမ်ထဲမှာပဲ နေတာပါ။ ဒီနေ့တော့ သူငယ်ချင်းတွေ ခေါ်တာနဲ့ အပြင်ထွက်လာခဲ့တာ၊ ပုံမှန်အတိုင်း ပြန်စည်ကားလာပြီဆိုတော့ မနက်ဖြန်လည်း လူပိုစည်မယ့် သဘောရှိတယ်၊ ကျွန်တော်ကတော့ မနက်ဖြန် အိမ်မှာပဲနေဖို့ စဉ်းစားထားတယ်”ဟု အလုံမြို့နယ်မှ ရေပက်ခံထွက်လာသူတစ်ဦးက ပြောပါသည် ။

ယခုနှစ်ရန်ကုန်သင်္ကြန်သည် ယခင်နှစ်များထက် မဏ္ဍပ်ကြီးများ နည်းပါးခဲ့ပြီး မိမိအိမ်ရှေ့တွင်သာ အုန်းလက်မဏ္ဍပ်များ၊ ရေတိုင်ကီများဖြင့်သာ ရေကစားကြသူများသာ ရှိခဲ့သည်။ မဏ္ဍပ်ကြီးများ နည်းပါးခဲ့သောကြောင့် ရှိသည့်မဏ္ဍပ်များတွင်သာ ကားများစုပြုံရေကစားခဲ့ကြသည်ကို တွေ့ရသည်။

“သင်္ကြန်အကြိုနေ့နဲ့ အကျနေ့က ဘုန်းကြီးဝတ်နေတာ။ ဒီနေ့မနက်အစောကြီးထွက်ပြီး မဏ္ဍပ်မှာရေလာကစားတာပါ။ မနက်ဖြန်လည်း ဒီမဏ္ဍပ်မှာပဲ ရေကစားဦးမှာပါ”ဟု ကန်တော်ကြီးကန်ပတ်လမ်းရှိ black culture မဏ္ဍပ်တွင် ရေကစားနေသော စမ်းချောင်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောပါသည်။

တာမွေမြို့နယ်မှ ကန်တော်ကြီးကန်ပတ်လမ်းသို့ ကားဖြင့် ရေပက်ခံလာသူတစ်ဦးက “ပြီးခဲ့တဲ့နှစ်ရက်ထက်စာရင် ဒီနေ့ ပိုစည်တယ်။ မဏ္ဍပ်မှာရေ ကစားတဲ့သူတွေနဲ့ ရေပက်ခံလာတဲ့ကားတွေလည်း ပိုများတယ်။ လုံခြုံရေးတွေလည်း မနှစ်ကထက်ပိုပြီးချထားတယ်။ မဏ္ဍပ်တွေမှာလည်း စီစီတီဗီတွေတပ်ထား တာတွေ့ရတယ်။ ဒါပေမယ့် မိန်းကလေးတချို့ရဲ့ ၀တ်စားပုံကတော့ ယဉ်ကျေးမှုနဲ့ မလျော်ညီတာကိုတွေ့ရတယ်။ တချို့ဆိုရင် တော်တော်လည်း မူးနေပုံပေါ်တယ်။ သူတို့ ရဲ့ပုံတွေကတော့ အင်တာနက်ပေါ်ရောက်ဦးမှာ သေချာတယ်”ဟု ပြောပါသည်။

TG6

သင်္ကြန်အကြတ်နေ့ လှိုင်သာယာမြို့နယ်မှ ရပ်ကွက်သင်္ကြန် မြင်ကွင်း

TG7

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့ အုန်းလက်မဏ္ဍပ်များဖြင့် မိသားစုလိုက် ရေကစားမှု မြင်ကွင်း

TG5

သင်္ကြန်အကြတ်နေ့ လှိုင်သာယာမြို့နယ်မှ ရပ်ကွက်သင်္ကြန် မြင်ကွင်း

ထို့အတူ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရေကစားကြသူများဖြင့် စည်ကားခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုရှိခဲ့ပြီး ထိုနေရာတွင် ရေကစားသူများ၊ ရေပက်ခံသူများ၊ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။

မန္တလေး သင်္ကြန်အကြတ်နေ့

M1

သင်္ကြန်အကြတ်နေ့ ကျုံးအရှေ့ဘက်ခြမ်း နံနက် ၁၁နာရီခန့် မြင်ကွင်း
M2

သင်္ကြန်အကြတ်နေ့ ကျုံးအရှေ့ဘက်ခြမ်း နံနက် ၁၁နာရီခန့် မြင်ကွင်း


M3

သင်္ကြန်အကြတ်နေ့ နေ့လည်ပိုင်းက ဦးပိန်တံတားကို တွေ့ရစဉ်
M4

တောင်သမန်အင်းအတွင်း သင်္ကြန်အကြတ်နေ့ ရေကစားမှု မြင်ကွင်း
M5

သင်္ကြန်အကြတ်နေ့ နေ့လည်ပိုင်းက ဦးပိန်တံတားကို တွေ့ရစဉ်

M6

နေပြည်တော် သင်္ကြန်အကြတ်နေ့

N1

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်တွင် ရေပက်ခံကားများ စောင့်ဆိုင်းနေစဉ်

N2

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဖျော်ဖြေရေး မဏ္ဍပ် နှင့် ရေကစားသူများ မြင်ကွင်း

N3

သင်္ကြန်အကြတ်နေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဖျော်ဖြေရေး မဏ္ဍပ် နှင့် ရေကစားသူများ မြင်ကွင်း

**

မြေအောင်းပွေး

ဂါမဏိ မိုးမခ

“၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။
ရန်ကုန်က အီးဂရက် ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သတင်းဖြစ်ပါတယ် …”

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာ ပင်လယ်ခြားလျက်ရှိတဲ့ နယ်မြေဖြစ်ပါတယ်။
ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘားပြည်ထဲနေမရတဲ့ အတိုက်အခံတွေ၊ ဒီမိုကရေစီသမားတွေ၊ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာ လွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက် ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လည်း အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။
ဒီကနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။
ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက် အဖွဲ့အစည်းပေါင်းစုံထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး အဲဒီ အတိုက်အခံအဖွဲ့တွေကို သတင်းထောက်လှမ်းရုံတင်မက ချုပ်ကိုင်စေခိုင်းနိုင်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။ ဒီအတိုက်အခံအဖွဲ့တွေထဲက အတက်ကြွအလှုပ်ရှားဆုံးအဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ်ကက်စ်ထရိုဆီကို ၁၀ နှစ်ကျော် လျှို့ဝှက်သတင်းပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘားအတိုက်အခံ ၄၀-၅၀ လောက်ဟာလည်း တကယ့်လက်တွေ့မှာ ကျူးဘားထောက်လှမ်းရေးလူတွေ ဖြစ်နေခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘားလေတပ် လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က်ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာ ပေါ်လာပြီး သူ့အဖွဲ့ကို စီအိုင်အေ သြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေလုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေးမှန်း အားလုံးသိသွားကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူး ဖလော်ရင်တီနိုအက်စ်ပီလဂါ က ထုတ်ဖော်ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ်လောက်ကစပြီး စီအိုင်အေ သိမ်းသွင်းခဲ့တဲ့ ကျူးဘားလူမျိုး အများစုကြီးဟာ ကက်စထရိုအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လည်း ဖော်ထုတ်ခဲ့ပါတယ်။ ဒီဗိုလ်မှူးပြောတာ မှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေအထောက်အထား တွေ့ခဲ့ရပါတယ်။
ကျူးဘားပွေးတွေဟာ အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒုတိယတန်း ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက် အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူ လှုပ်ရှားနေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ်ရှားနေကြပါတယ်။ ကျူးဘား ထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိက ကွပ်ကဲကြီးကြပ်နေတာကတော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။
ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ပတ်သက်တဲ့ သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကို အသုံးချပြီး ကျူးဘားထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ် ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလည်း တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေကိုလည်း ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်။
ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘားသင်္ဘောသားဘဝကနေ အမေရိကန်မှာ ခုန်ချပြီး အမေရိကန်အစိုးရ အလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန်အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပအသံ၊ လွတ်လပ်သော အာရှအသံတို့နဲ့ အဆင့်တူ) မာတီ ရုပ်သံလွှင့်ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေးတွေ ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘားအစိုးရက ရုပ်သံလှိုင်းကို တိတိကျကျ ထိထိရောက်ရောက် ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက်ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်းပညာ အချက်အလက်ကြောင့် ချက်ခြင်း အတိအကျဖျက်နိုင်တာ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်ဆုံး အပြင်းထန်ဆုံး ကက်စထရို ဆန့်ကျင်ရေးအဖွဲ့တခုဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်းဆောင် ဖရန်စစ္စကိုအဗီလာအက်ဇ်ကျွီ ဟာ အမေရိကန်အက်ဖ်ဘီအိုင်နဲ့ ကျူးဘားထောက်လှမ်းရေးကို တပြိုင်တည်း လျှို့ဝှက် သတင်းပေးနေသူ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုတခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီအိုင်ကို သတင်းပို့ အကူညီယူခဲ့သလို ကျူးဘားထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက်အဖမ်းခံစေခဲ့ပါတယ်။ သူဟာ ကက်စထရိုဆန့်ကျင်ရေး ထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာလှုပ်ရှား နေထိုင်မှုတွေကိုလည်း ကျူးဘားနိုင်ငံဆီ သတင်းပို့ခဲ့ပါတယ်။
xxx
အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန် ကုန်းမြင့် ခံစစ်ပြင်ဆင်မှု အသေးစိတ်၊ ဆီးရီးယား တပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံ ရသွားခဲ့ပါတယ်။
ဒါတင်မက ဆီးရီးယား တပ်စခန်းတိုင်းမှာ ‘စစ်သားတွေ အရိပ်ရအောင်’ ဆိုပြီး ယူကလစ် ပင်တွေ စိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါတယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှု ပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမယ့် သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။
အဇ္ဇရေးနိုင်ငံက နောက်ထပ် နာမည်ကျော် မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ်ဟာလည်း ဂျာမန်စီးပွားသမားအသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေး အသိုင်းအဝိုင်းထဲ ထိုးဖောက်နိုင်ခဲ့လို့ အိဂျစ်နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကို ကူညီနေတဲ့ ဂျာမန် သိပ္ပံပညာရှင်တွေအကြောင်း သတင်းရယူပြီး အဇ္ဇရေးနိုင်ငံကို ပို့ပေးနိုင်ခဲ့ပါတယ်။
၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန် သြဇာခံ ဗိုလ်ချုပ်ကြီး လွန်နိုးအစိုးရထဲက ဝန်ကြီးတယောက်ဟာ နှစ်ရှည်လများ မြှုပ်ထားတဲ့ ခမာနီ မြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။
ဒီနှစ် ဧပြီလထဲမှာပဲ တောင်ဗီယက်နမ်လေတပ်ထဲမှာ နှစ်နဲ့ချီမြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေသူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ် သမတ နန်းတော်ကို ဗုံးကြဲပြီး မြောက် ဗီယက်နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေးခိုဝင်သွားခဲ့ပါတယ်။
ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို မြေအောင်းပွေးအဖြစ် ရေရှည်မြှုပ်နှံကြတာတွေ ရှိသလို တဖက်အဖွဲ့အစည်းထဲက လူတွေကို ချဉ်းကပ်စည်းရုံးပြီး မြေအောင်းပွေးအဖြစ် သိမ်းသွင်းတာတွေလည်း ကမ္ဘာ့နိုင်ငံရေးမှာ ထုံးစံဖြစ်နေပါတယ်။
ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသားဘဝကတည်းကစပြီး နှစ်ရှည်မွေးမြူခဲ့သလို အမေရိကန်စီအိုင်အေ အဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလည်း နှစ်နဲ့ချီပြီး ပွေးမွေးနိုင်ခဲ့ပါတယ်။
စီအိုင် အေကလည်း ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး ပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီထောက်လှမ်းရေးထိပ်သီး ဗိုလ်ချုပ်ကြီးအိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီကရတဲ့ အချက်အလက်တွေဟာ ၁၉၆၂ ခု ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အတွက် အင်မတန် တန်ဖိုးရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ကာလူဂျင်ကတော့ ဆိုဗီယက် အာဏာရှင်စနစ် ပြိုကွဲသွားတဲ့အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံးဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက်မှာတော့ အမေရိကန်မှာ ခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရားစီရင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
xxx
ဗမာပြည်က နအဖ စစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက် ဖြစ်ပါတယ်။
ကိုးကန့် ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့တွင်း အာဏာသိမ်းပွဲလုပ်ခိုင်းပြီး နအဖ စစ်တပ်တွေ ဝင်စွက်ခွင့်ရသွားစေပါတယ်။
အလားတူပဲ ရှမ်းပြည် တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာသိမ်းပွဲတွေ အကွဲအပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့ လက်နက်ချစေခဲ့ပါတယ်။ ပလောင် ငြိမ်းအဖွဲ့မှာတော့ ဥက္ကဋ္ဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့ လက်နက်ချစေနိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဋ္ဌ အောင်ခမ်းထီတို့ဟာလည်း နာမယ်ကျော် မြေအောင်းပွေးတွေဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ကွဲအောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်း ပြည်သူ့စစ် အသွင်ပြောင်းအောင် အချိန်ကိုက် စွမ်းဆောင်ပေးခဲ့ကြပါတယ်။
နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်းခဲ့ပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်း မောင်လွင်တို့ကို သိမ်းသွင်းခဲ့ပုံတွေ၊ နာမယ်ကြီး မျိုးရိုးနောက်ခံရှိ ပြည်ပရောက်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဒေါ်စု အစ်ကိုရင်း အောင်ဆန်းဦး၊ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းရဲ့သားနှစ်ယောက် တို့ကို သိမ်းသွင်းခဲ့တာတွေကို ကိုယ်တိုင် ပါဝင်စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဖော်ထုတ်ပြခဲ့ပါတယ်။
အေးလွင်ကိုလည်း စောစောပိုင်း ထောင်ကျကတည်းက သိမ်းသွင်းနိုင်ခဲ့တာကို တခြား ထောက်လှမ်းရေးဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက်ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
xxx
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သတင်း ဖြစ်ပါတယ်။
အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲ ရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီ ညီလာခံလာတက်တဲ့ ပြည်တွင်းက ကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင် ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်းခဲ့တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသားတွေနဲ့ တခြား ကိုယ်စားလှယ်တွေကို ဆိုးဆိုးဝါးဝါး ဖိုးတွမ်တီး ရိုက်ခဲ့တဲ့ ဧရာမ နိုင်ငံရေး ရာဇဝတ်မှုကြီး ကျူးလွန်တာလည်း ကြားခဲ့ရပါ သေးတယ်။
အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာ ပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ အဓိကအကျဆုံး ဗမာ အတိုက်အခံ ခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလည်း မသိဘဲမနေပါဘူး။
ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ ထောက်လှမ်းရေးလို့ပဲ မှတ်ချက်ချစရာရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ နအဖသံရုံးနဲ့ မဲဆောက် တဖက်ကမ်း မြဝတီကို အဲန်စီယူဘီ အစည်းအဝေးသတင်းတွေ အတိအကျ အပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်းထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်းလိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။
မဲဆောက်က အဝေးရောက် အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေ ဖောက်ထွင်းခံရပြီး ကွန်ပျူတာ ဟာ့ဒ်ဒစ်တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏ ခိုးခံရတာတွေဟာလည်း အတွင်းလူ မြေအောင်းပွေးတွေ အကူအညီမပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။
xxx
ထိပ်သီး ပြည်ပရောက် အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေးအမှုကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်တခုကို အဲန်စီယူဘီက ဖွဲ့ထားတာတွေ့ရပါတယ်။
ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှုအတွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျ သတ်မှတ်ထားပါတယ်။
ဒီအမှုမျိုးမှာ အာမခံပေးခွင့် မရှိပါဘူး။ (နအဖထိပ်သီး ဗိုလ်ချုပ်ရွှေမန်းရဲ့ မြောက်ကိုးရီးယားခရီးစဉ် သတင်းပေါက်ကြားစေခဲ့တယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်ချခဲ့ပါတယ်။)
ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလည်း ရာဇသတ်ကြီးဥပဒေ မမှန်မကန်သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀(က)(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုကို အားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လည်း ငြိပါတယ်။ အစိုးရ ဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံးလုပ်နည်းတွေလဲ ရှိပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးသတိ၊ လုံခြုံရေးအသိတွေ အစဉ် နိုးကြားနေဖို့ လိုအပ်ကြောင်းပါ။

Mole (နာမ်)
၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။

(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)

**

၂၆ နှစ်မြောက် KWO နေ့ ကျင်းပပြီးစီး

အင်္ဂါနေ့၊ ဧပြီလ 05 ရက် 2011 စာခါးစူးညား သတင်း – ကေအိုင်စီ

ယနေ့ ဧပြီလ ၅ရက်နေ့၌ ကျရောက်သော ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ ၂၆ နှစ်မြောက် တည်ထောင်ခြင်းပြည့်အခမ်း အနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ်မဲဆောက် မြို့တနေရာတွင် ကျင်းပခဲ့ရာလူထုပရိ ဿတ် ၁၀၀ ၀န်းကျင် တက်ရောက်ခဲ့ ကြသည်။အခမ်းအနားတွင် KWO ဒုဥက္ကဌ နော်ဖောဒေးတိုးမှ အမှာစကား ပြောကြားခြင်း၊ ဥက္ကဌ၏မိန့်ခွန်း၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန် မာနိုင်ငံ) WLB ၏ သ၀ဏ်လွှာကို ဖတ်ကြားခြင်း၊ KWO နေ့ ဖြစ်ပေါ်လာပုံနှင့် အဖွဲ့၏ လုပ်ငန်းလှုပ်ရှားမှုများကို ရုပ်သံမှတ် တမ်းဖြင့် တင်ဆက်ပြသခဲ့ကြပြီး လက်ကမ်းစာစောင်များ၊ မဂ္ဂဇင်းနှင့် အစီရင်ခံစာများကို ဖြန့်ဝေထားခဲ့ကြသည်။ အခမ်းအနားတွင် KWO တွဲဘက်အတွင်းရေးမှူး(၁) နော်ဘလူးမင်နိုက်ဇံက ကရင်အမျိုးသမီးများသည် အဖိနှိပ်ခံဘ၀မှ အမျိုး သမီးအခွင့်အရေး ရရှိရေးအတွက် တဖြည်းဖြည်း ကြိုးပမ်းရပ်တည်လာခဲ့ရာ အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာပြီဟု ယခုလို ပြောသည်။

“ကျမတို့ အမျိုးသမီးတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ မလွတ်မြောက်သေးပေမဲ့ ကျမတို့ ကရင်ထဲမှာ အမျိုးသမီးတွေ ဦးဆောင်လာနိုင်မှုတွေ ရှိလာတာကို တွေ့ရတယ်။ ခရိုင်အဆင့်ထဲမှာ၊ ဒုက္ခသည်စခန်းထဲမှာနဲ့ တချို့လည်း နိုင်ငံတကာလှည့် ပြီးတော့ Advocacy ပညာပေးလုပ်ငန်းတွေမှာ အများကြီး ပါဝင်လာနိုင်တာ တွေ့ရတယ်။ ရှေ့လုပ်ငန်းစဉ်ဆိုရင် ကျမတို့အဖွဲ့ ချမှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့အတူ (၅)ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတဲ့အတိုင်း သွားမှာပါ။”ဟု သူမက ပြောသည်။ KWO အနေဖြင့် ယနေ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခများ ကြောင့် အမျိုးသမီးနှင့် ကလေးများ ဆင်းရဲဒုက္ခ ရင်ဆိုင်နေရပြီး ကရင်ပြည်နယ်၏ ဒေသများတွင်လည်း စစ်တပ်က အမျိုးသမီး များကို လုပ်အားပေးပေါ်တာအဖြစ် အသုံးပြုမှု၊အဓမ္မပြုကျင့်မှုများ ရှိနေပြီး လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများမှာလည်း ဆက်လက် ဖြစ်ပျက်နေသည်ဟုထည့်သွင်းဖော်ပြ ထားသည်။မြန်မာပြည်တွင် လူ့အခွင့်အရေးနှင့် ရာဇ၀တ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုသည် ရွေးကောက်ပွဲလွန်ကာလ လွှတ်တော်အ စည်းအဝေး ခေါ်ယူကျင်းပကာ အရပ်သားအစိုးရသစ်ဟူ၍ ရွေးချယ်ဖွဲ့စည်းလိုက်ပြီဖြစ် သော်လည်း အစိုးရသစ်ထဲတွင် အမျိုး သမီးဦးရေနှင့် တိုင်းရင်းသားကိုယ်စားလှယ် အနည်းငယ်မျှသာ ပါဝင်ကာ ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသာ အစိုးရသစ်အဖွဲ့တွင် ပါဝင်နေခြင်းအပေါ် KWO အနေဖြင့် လက်မခံကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

၎င်းအပြင် မြန်မာပြည်တွင် ပြည်တွင်းစစ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ချင်းရပ်တန့်ရေးအတွက် စစ်အာဏာနောက် ခံထားသည့် အစိုးရသစ်အနေဖြင့် လက်တွေ့လုပ်ဆောင်ရန်နှင့် နိုင်ငံတကာအသိုင်း အ၀ိုင်းမှလည်း အစိုးရသစ်ကို ၀ိုင်းဝန်းဖိ အားပေးပါရန် KWOမှ တိုက်တွန်းထားသည်။နော်ဘလူးမင်းနိုက်ဇန်က “အခု အစိုးရသစ်နဲ့ပတ်သက်ပြီး ပြောချင်တာကတော့ လူပဲပြောင်းတာ မူကတော့ အရင်အတိုင်းပဲ သွားမှာပဲ။ ကျမတို့ တိုင်းရင်းသူအမျိုးသမီးအပေါ်မှာလည်း အရင်ကလို သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ လုပ်အားပေးခိုင်းစေမှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်အုံးမယ်။ ဒါတွေက ရပ်တန့်ဖို့လိုနေပြီ။”ဟု ပြောဆိုသည်။ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရမှု များ ပပျောက်စေရန်အတွက် လုပ်ဆောင်ပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကို ဖားအံခရိုင်အတွင်းရှိ ကေအဲန် ယူ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် ၁၉၈၅ခုနှစ်ကဖွဲ့စည်း တည်ထောင်ခဲ့သည်။

**

တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်

အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 – သျှမ်းသံတော်ဆင့်သတင်း

အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် – မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။


မူဆယ် မန္တလေးလမ်းမှ ကုန်တင်ကား (ဓာတ်ပုံ -S.H.A.N.)

၎င်းအလေးချိန် သတ်မှတ်ချက်အား တရားဝင် ရုပ်သိမ်းခြင်း မရှိသော်လည်း မူစယ် – မန္တလေးလမ်းတွင် ကုန် အလေးချိန် စစ်ဆေးခြင်း မရှိတော့သည်မှာ ၁၀ ရက်ခန့်ရှိပြီဟု မူစယ် ၁၀၅ မိုင် ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အာစီယံ စံသတ်မှတ်ချက် တရားဝင်ရုပ်သိမ်းတာမဟုတ်ပါဘူး။ တရားဝင်စာမထွက်ဘူး။ ကုန်အလေးချိန်တွေ မစစ်ဆေး တာပဲရှိတယ်။ မစစ်တာက ၁၀ ရက်လောက်ရှိပြီ။ ခါတိုင်း ၁၀၅ မိုင်၊ လားရိုး ၊ နောင်ချို ၊ မန္တလေးတိုင်း ကျောက်မဲ အေးရှား ဝေါဂိတ်တွေမှာ စစ်တယ်။ အခုကမစစ်တော့ဘူး” ဟု သူက ပြောသည်။ထိုသို့ ကုန်အလေးချိန်စစ်ဆေးခြင်း မရှိတော့သဖြင့် ယခုအခါ ယာဉ်များ တန်ပိုတင်လာခြင်း ဖြစ်ကြောင်းသိရသည်။

“ကားတွေ လေးတွေလျှော့ ဘော်ဒီတွေ ဖြတ်လိုက် တော့ ခံနိုင်ရည်တွေကျသွားပြီ အများကြီး ပြန်တင် လို့တော့ မရဘူး။ခါတိုင်းထက် ၄၊ ၅ တန်လောက်ပိုတင်ကြတယ် ” ဟု ဆိုသည်။မြန်မာနိုင်ငံသည် လာမည့် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့်Asean free trade zone အတွက် ကြိုတင်ပြင် ဆင်သည့် အနေဖြင့် အာစီယံစံနှုန်းအတိုင်းကုန်တင် ယာဉ် ကုန်အလေးချိန်သတ်မှတ်ခဲ့ရာ ယင်းသတ်မှတ်ချက် တရားဝင် ရုပ်သိမ်း ရေး မဖြစ်နိုင်ကြောင်း လတ်တလော ပြည်တွင်းကုန်ဈေးနှုန်းမြှင့်တက်လာမှုကြောင့် ယာယီ လျှော့ပေါ့ခြင်း ဖြစ်ကြောင်း အ ကဲခတ် တစ်ဦးက သုံးသပ်သည်။

“AFTA (Asean free trade agreement) ဆိုတာရှိတယ် အဲဒီagreement မှာ လက်မှတ်ထိုးထားတဲ့ အာစီယံ အဖွဲ့ဝင် နိုင်ငံတွေက ဘယ်ခုနှစ်မှာ ဘယ်ဟာတွေကို အကောင်အထည်ဖေါ်ပါတယ် ဆိုတာ ပြန်တင်ရတယ်။ ၂၀၁၅ ဆိုရင် အပြည့် အဝ အကောင်အထည်ဖေါ်ရမှာ၊ အခုက မျက်စိမှိတ်ထားတဲ့ သဘောပေါ့” ဟု ဆိုသည်။အာစီယံစံနှုန်း အတိုင်း ပြည်တွင်း ကုန်တင်ကားများ တင်ဆောင်ရမည့် ကုန်အလေးချိန် ကန့်သတ်ချက်ကို တရုတ် – မြန်မာ နယ်စပ် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းတွင် ဇန်နဝါရီ ၂၁ ရက်မှ စတင်အကောင် အထည်ဖေါ် ခဲ့ကြောင်း သိရသည်။

**

နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို

အင်္ဂါနေ့၊ မတ်လ 29 ရက် 2011 တာကလူး – နိရဉ္စရာ သတင်းဌာန

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ကို လာမည့် ဧပြီလမှ စပြီး အသွင် ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။အသက် ၄၀ နှင့် အထက် နစက တပ်သားများကို အနားယူကြရန် တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ ၀တ်စုံသစ်၊ နာမည်သစ်နှင့် လက်နက်သစ်များ တပ်ဆင်ကာ အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း တပ်တွင်း သတင်းများ ဖြစ်ပေါ်နေကြောင်း တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

“မတ်လနောက်ဆုံးထားပြီး အသက် ၄၀ နဲ့အထက် တပ်သားတွေကို ပင်စင်ယူရမယ်။ ပင်စင် မယူချင်ဘူး ဆိုရင် စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်တွေမှာ တာဝန်ဆက်ယူလဲရတယ်ဆိုပြီး ပထမဆုံး အနေနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ကနေ တပ်တွင်းထဲမှာ တရားဝင် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလပိုင်းထဲမှာ သတင်းတွေ ထွက်လာတာကတော့ လာမယ့်လမှာ ယူနီဖောင်းတွေ လှဲမယ်၊ လက်နက်သစ်တွေ တပ်ဆင်မယ် ပီးရင် နာမည် သစ်ပြောင်းဆိုပြီး ကြားလာ ရပါတယ်။ တရားဝင်တော့ အမိန့် မထုတ်ပြန်သေးပါဘူး” ဟု ၄င်းတပ်ကြပ်ကြီးက ပြောသည်။

၎င်းပြင်သူက “ ၀တ်စုံတွေက ရောက်နေပါပြီ၊ ကျားပြောက် ၀တ်စုံတွေပါ။ လက်နက်တွေကတော့ ရုရှားက အသစ်ဝယ်လာတဲ့ လက်နက်တွေကို တပ်ဆင်ပေးမယ်လို့ ကြားပါတယ်။ ခု ပါလီမန် အစိုးရသစ်ကို အာဏာအပြည့်အ၀ လွှဲပြောင်းပေးပြီးတာနဲ့ အရှေ့ဘက်မှာ လက်ရှိဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်များလို နစကကိုလဲ လုံးဝ အသွင်ပြောင်း ဖွဲ့တော့မယ်ဆိုပြီး တပ်ထဲမှာ အဲသလို ကြားပါတယ်” ဟု သူက ဆက်ပြောသည်။အဆိုပါသတင်းကို အတည်ပြုနိုင်ရန် မောင်တောကျီးကန်းပြင်ရှိ နစက ဌာနချုပ်ကို နိရဉ္စရာမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ၀န်ထမ်းက တပ်တွင်းသတင်းများကို အပြင်သို့ ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

တစ်နိုင်ငံလုံးရှိ နယ်စပ်ဒေသများ လုံခြုံရေးအတွက် နစက တပ်ဖွဲ့ကို စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဌာနများကို ပေါင်းကာ လက်ရှိ စစ်အစိုးရက ၁၉၉၂ နှစ်ခု နှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း ထိုင်းနှင့် တရုတ်နယ်စပ်တွင်ချထားသည့် နစကတပ်ဖွဲ့များကို လက်ရှိစစ်အစိုးရမှ ပြန်လည်ရုတ်သိမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နစက တပ်ဖွဲ့ကိုမူ ဖျက်သိမ်းခြင်း မရှိဘဲ ထားရှိခဲ့သဖြင့် အဆိုပါ အဖွဲ့မှာ တနိုင်လုံးတွင် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် နစက အဖွဲ့အစည်းဖြစ်သည်။ရခိုင်-ဘင်္ဂလား နယ်စပ်တလျှောက်ရှိ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်များတွင် နစကတပ်ဖွဲ့များကို အဓိက နယ်မြေ (၉)ခုဖြင့် ပိုင်းခြားချထားပြီး၊ လက်ရှိ အင်အား ၃၀၀၀ ကျော် ရှိကြောင်းသိရှိရသည်။

**

Follow

Get every new post delivered to your Inbox.

Join 996 other followers