ညောင်ဦးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို

ဧရာဝတီ Thursday, 07 July 2011

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့လယ် မဏိစည်သူဈေးသို့ သွားရောက်လည်ပတ်ခဲ့ရာ မြို့ခံ ရာပေါင်းများစွာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ကြသောကြောင့် ကားလမ်းမပေါ်၊ ဈေးရုံအတွင်းနှင့် ဈေးအရှေ့တွင် လူများနှင့် ပြည့်နှက်သွားခဲ့သည်။


ညောင်ဦးဒေသခံများက ဒေါ်အောင်ဆန်းစုကြည်ကို ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုကြသည် (ဓာတ်ပုံ – ဧရာဝတီ)

ညနေ ၄ နာရီ ၁၀ မိနစ်တွင် မဏိစည်သူဈေးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ရပ်ကွက်အတွင်းမှ ပြည်သူများ၊ ဈေးသူဈေးသားများ၊ တခြားရပ်ကွက်များမှ မြို့ခံများစွာ စုပြုံရောက်ရှိလာပြီး နှုတ်ဆက်ကြခြင်း ဖြစ်သည်။


“အမေစု ပုဂံကိုရောက်နေတဲ့ သတင်းကို ကြားတယ်။ ညောင်ဦးကို လာမယ်မထင်ဘူး။ အခု ရောက်လာတော့ အားလုံးက ပျော်ကြတယ်။ အမေစု ကျန်းမာပါစေ၊ အမေ ကျန်းမာရေး ဂရုစိုက် ဆိုတဲ့အသံတွေက တမြို့လုံး ညံနေတယ်” ဟု မဏိစည်သူဈေးမှ ဈေးသားတဦးက ပြောသည်။


ဈေးသူဈေးသား အများစုက ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ဆောင်များပေးခြင်း၊ ပန်းများပေးခြင်း ပြုလုပ်ခဲ့ပြီး သူ့နားသို့ရောက်အောင် ကပ်၍ နမ်းကြသူများ၊ လက်ဆွဲနှုတ်ဆက်သူများကြောင့် ဈေးနှင့် လမ်းများပေါ်တွင် လူ ရာပေါင်းများစွာ ပိတ်ဆို့သွားသည်။ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သား ကိုထိန်လင်းအတွက် ပုဆိုးတချို့ဝယ်ပေးခဲ့သည်။ မြို့ခံလူထုက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ဟစ်ကြွေးကာ လက်ခုပ်များတီးပြီး အားပေးကြသည်။


ညောင်ဦးမြို့ခံတဦးက ဒေါ်အောင်ဆန်းစုကြည်ကို နမ်း၍ နှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)

များပြားလှသော လူအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က နောက်တကြိမ် ပုဂံမြေသို့ လာရောက်ဦးမည်ဟု ပြန်လည် ကတိပေး ပြောဆိုသည်။ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်နှုတ်ဆက်ကြသော လူအုပ်ထဲမှ သူ၏လက်ကို ကိုင်ကာ ငိုကြွေးသူများလည်း ရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၄ ရက်နေ့က ပုဂံသို့ ရောက်ရှိခဲ့ပြီး မနက်ဖြန် မနက်ပိုင်းတွင် ရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ မည်ဖြစ်သည်။

AAT

မူဆယ်အနီး မြန်မာစစ်ယာဉ်တန်းအား KIA တိုက်ခိုက်

သောကြာနေ့၊ ဂျူလိုင်လ 01 ရက် 2011 – ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းတွင် မြန်မာစစ်ယာဉ်တန်းအား ကချင် လွတ်မြောက်ရေးအဖွဲ့ (KIA)က ဇွန် ၃၀ မွန်းလွဲ ၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့သည်ဟု မြင်တွေ့သူများ ပြောသည်။မူဆယ်မှတောင်ဘက် ၁၅ မိုင်အကွာ ခိုမုန်းကျေးရွာအနီးတွင် မန္တလေးသို့ဦးတည်လာသည့် ၎င်းယာဉ်တန်းအား KIA တပ်ရင်း ၉ မှ မြေမြှုပ်မှိုင်းနှင့် လက်နက်ငယ်များအသုံးပြုပြီး အချိန်တို တိုက်ခိုက်ခဲ့သည်ဟု ဆက်ဆိုသည်။

သေကြေဒဏ်ရာရမှု အတိအကျကို မသိရသော်လည်း ဒဏ်ရာရသူ မြန်မာစစ်သားများအား မူဆယ်ဆေးရုံသို့ ကားဖြင့်ပို့ဆောင်နေကြသည်ဟု မျက်မြင်သက်သေများ ပြောသည်။ကွတ်ခိုင်မြို့နယ် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေထဲ မြန်မာ စစ်သားများဝင်ရောက်လာခြင်းကို ဟန့်တားပစ်ခိုက်ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှ အရာရှိတစ်ဦး ပြောသည်။ယခုပစ်ခတ်မှုသည် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်နှင့် KIA အရာရှိများကြား လိုင်ဇာဌာနချုပ်အနီး လဂျားယန်တွင် ငြိမ်းချမ်းရေးကိစ္စ ဒုတိယအကြိမ် တွေ့ဆုံခြင်းနေ့တွင် ဖြစ်ပွားခြင်းဖြစ်သည်။

AAT

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

ကြာသပတေးနေ့၊ ဇွန်လ 30 ရက် 2011 စောသိန်းမြင့် – ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင်ဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု သိရသည်။



နအဖ အရာရှိများက ဗိုလ်မှူးမုတ်သုန်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲနေစဉ်

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင်လူနေအိမ်တစ် လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေဆူညံ နေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကိုပေါ်တာလိုက် လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကိုဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းက အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း၊ နောက်တန်းမှတပ်ရင်းတပ်ဖွဲ့များအားလုံး ကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀ကျော် ထုတ်ယူကာ နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟုစစ် ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

AAT

NLD နိုင်ငံရေးသိပ္ပံသင်တန်း အစီအစဉ် ပျက်

နရီလင်းလက် Wednesday, 08 June 2011 19:30

ရန်ကုန်တွင် ယခုလအတွင်း ပြုလုပ်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးသိပ္ပံ သင်တန်း ၂ခု သည် အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် အစီအစဉ် ပျက်သွားကြောင်း သိရသည်။

လူမှုသိပ္ပံဘာသာရပ်များ သင်ကြားသည့် ဗေဒါ သင်တန်းကျောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး တို့တွင် နိုင်ငံခြားပါမောက္ခများ ပို့ချရန် စီစဉ်ထားသည့် သင်တန်းများ ဖြစ်သည်။

“ဇွန် ၆ ရက်နေ့က ဗေဒါမှာ သင်တန်း စဖွင့်တော့ ဆရာတွေ တယောက်မှ ပေါ်မလာဘူး။ ဒါနဲ့ ဖုန်းဆက်မေးတော့ သူတို့နောက်ကို အာဏာပိုင်တွေက တကောက်ကောက် လိုက်နေလို့ မလာရဲဘူး ဆိုတဲ့ ပုံစံမျိုးပြောတယ်။ NLD မှာ ပေးဖို့ စီစဉ်ထားတဲ့ သင်တန်းကလည်း မဖြစ်တော့ဘူးပေါ့” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကို ရှင်းပြသည်။

ဗေဒါကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်းကလည်း “ကျနော်တို့ ဒီသင်တန်းအတွက် မတ်လ ကတည်းက စ ညှိနှိုင်းထားခဲ့တာ။ သင်တန်း စဖွင့်တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျနော့်ကို ဒေါက်တာ ကျော်ရင်လှိုင်က ဒီအခြေအနေမှာ သူ သင်လို့ မရတော့ဘူး။ အစိုးရက ဖိအားပေးလို့ ဆိုပြီး ပြောတယ်” ဟု ပြောသည်။

ဒေါက်တာ ကျော်ရင်လှိုင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် ရန်ကုန်မှ မြန်မာအီးဂရက်စ် (Myanmar Egress) အဖွဲ့၏ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်သည်။

ထိုသင်တန်း ၂ ခု ပျက်သွားသော်လည်း အာရှတက္ကသိုလ်များမှ ပါမောက္ခတို့က မြန်မာအီးဂရက်စ်ကျောင်းတွင် သင်ကြားနေဆဲဖြစ်သည်ဟုသိရကြောင်း ဗေဒါကျောင်းမှ ကိုမျိုးရန်နောင်သိန်းက ပြောသည်။

ဗေဒါတွင် တက်ရောက်နေသည့် ကိုထိုက်ဇော်ဦးကလည်း “၃လ ၄လ လောက်ကတည်းက ကျောင်းသားတွေ အားလုံးက ဒီသင်တန်း တက်ဖို့ ဆိုပြီး ကြိုးစားခဲ့တာတွေ ၊ မျှော်လင့်ခဲ့တာတွေကို ဆရာတွေ ဘက်က လွယ်လွယ်လေးနဲ့ ဖျက်သွားတယ် ဆိုပြီး ခံစားရတယ်။ သင်တန်း လာပေးတော့မယ် ဆိုတုန်းက ကျောင်းသားတွေက ၀မ်းသာပြီး ကြိုးစားခဲ့တာ။ တချို့ ငိုတောင် ငိုတယ်” ဟု ဧရာဝတီကို ပြောပြသည်။

သင်တန်းအစီအစဉ်ပျက်ရခြင်းအကြောင်းကို မေးမြန်းရန် ဧရာဝတီက ဒေါက်တာ ကျော်ရင်လှိုင်ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် မရသေးပေ။

ဒေါက်တာ ကျော်ရင်လှိုင်က သူ၏ မြန်မာ နိုင်ငံကူးလက်မှတ် သိမ်းဆည်း၊ ပယ်ဖျက်ခံရခြင်း ကဲ့သို့သော အရေးယူခံရမှုမျိုးကို စိုးရိမ်နေဟန် ရှိကြောင်း၊ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ယခင်ကကဲ့သို့ ဖိနှိပ် ခြိမ်းခြောက်မှုများရှိနေဆဲဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“ဒေါက်တာ ကျော်ရင်လှိုင်က သမ္မသစ်ရဲ့ မိန့်ခွန်းတွေ ကြားပြီး တက်ကြွလာတယ်။ အီးဂရက်စ်မှာ လုပ်နေရင်းနဲ့ NLD မှာလည်း သင်တန်းတွေ ပေးချင်တယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ သင်ပေးမယ့် ဆရာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်၊ ဆွေးနွေးလို့ရမယ် ထင်ပြီး တက်ကြွပြီး လာကြတာ အခုတော့ အပ်နဲ့ ပူဖောင်းကို ဖောက်လိုက်သလို ဖြစ်ကုန်တာပေါ့” ဟု ဦးဝင်းထိန်က ရှင်းပြသည်။

http://www.irrawaddy.org/bur/index.php/news/6553-2011-06-08-12-31-36

တံခွန်တိုင် ပွဲတော်

ဟိန်းသူ Friday, 08 April 2011

စကားသံဝဲ၀ဲနဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ လူကြီးတယောက်က “တက်တက်၊ ကားပေါ်တက်ကြ။ ကပွဲအတွက် အ၀တ်အစားတွေနဲ့ ဗုံတွေ၊ မောင်းတွေ အစုံပါတယ်နော်” လို့ လူငယ်တွေကို အော်ပြောနေတယ်။ အင်္ဂလိပ် လက်ကျန်ခေတ် ခေါင်မိုးဖွင့် ကုန်ကားကြီးတစီးထဲကို ကုန်ပစ္စည်းတွေ ပြည့်နှက်နေအောင်တင်ပြီး အဲဒီကုန်ပစ္စည်းတွေအပေါ်မှာ လူကြီး၊ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးတွေအပြင် ကလေးတွေပါမကျန် ကိုယ်စီ နေရာယူလိုက်ကြတယ်။ ကားပေါ်မှာ လူအယောက် ၃၀ လောက် ကျပ်သိပ်နေအောင် ပူးကပ်ထိုင်နေကြတဲ့အပြင် မတ်တတ်ရပ် တွယ်စီးနေတဲ့သူတွေလည်း တွေ့ရတယ်။

ထိုင်း-မြန်မာ နယ်စပ် ကယန်းရွာမှ ကေဘိုးထိုးတိုင်များ (ဓာတ်ပုံ – ခက်ထန်)*

ဒီကားက လွိုင်ကော်မြို့ကနေ ကယားပြည်နယ်တခုလုံး လူမျိုးစုအားလုံးအတွက် အထိဋ်အထိပ်ဖြစ်တဲ့ ကေထိုးဘိုး ရိုးရာပွဲတော်လို့ ခေါ်ကြတဲ့ တံခွန်တိုင်ပွဲတော်ကျင်းပမယ့် ရှားတောမြို့ကိုသွားမယ့် လိုင်းကားတစီးပါ။ကေထိုးဘိုးပွဲတော် ကျင်းပတဲ့ရက်တွေကတော့ တနှစ်နဲ့ တနှစ် ရက်သီးသန့် သတ်မှတ်ထားတာမရှိပါဘူး။ မတ်လနဲ့ ဧပြီလအတွင်းမှာ “ကြက်ရိုးထိုး” ဗေဒင်မေးပြီး အဆင်ပြေတဲ့ရက်ကို ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သတ်မှတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပဖို့အတွက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်ခဲ့ကြပါတယ်။၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကေဘိုးထိုး အမည်ရှိ စာအုပ်မှာတော့ “ကေထိုးဘိုးနတ် ဆိုသည်မှာ တံခွန်တိုင်နတ် တနည်းအားဖြင့် မိုးကို စောင့်ရှောက်သောနတ် (မိုးရေကို ပေးသောနတ်) ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ နွေရာသီအဆုံး၊ မိုးရာသီအစ ကြားကာလအချိန်မျိုး၌ ကေထိုးဘိုးနတ်ကို ပူဇော်ပသကြရသည်” ဟု ရေးသားထားပါတယ်။နယ်ပေါင်းစုံက ပွဲတော်ကိုလာတဲ့သူတွေ စတည်းချ တည်းခိုနေထိုင်ရေးအတွက် ပွဲတော်ကျင်းပတဲ့ မြို့နယ်မှာရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး စားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားပါတယ်။

နေ့ခင်းဘက်မှာ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပကြပြီး ညဘက်မှာတော့ အကပြိုင်ပွဲတွေ၊ ရိုးရာအ၀တ်အစားနဲ့ အလှပြိုင်ပွဲတွေ၊ ပြဇာတ်တွေ ကပြဖျော်ဖြေကြပါတယ်။ ပွဲဈေးဆိုင်တန်းတွေရှိပြီး ရိုးရာအစားအစာ အရောင်းဆိုင်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ခေါင်ရည်ဆိုင်တွေ ရှိတယ်လို့လည်း ပွဲတော်တက်တဲ့ လူငယ်တွေက ပြောပါတယ်။ ဒီနှစ် ကျင်းပတဲ့ ရှားတောမြို့ဆိုတာကတော့ ကယားပြည်နယ်မှာ မြို့ ၈ မြို့ရှိတဲ့အနက် ပဉ္စမမြောက် လူဦးရေအများဆုံးမြို့လို့ ဆိုနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ခက်ခဲတယ်လို့ အကြောင်းသိ ဒေသခံတွေက ပြောပါတယ်။ပြည်နယ်တခုလုံး ကိုယ်စားပြုပွဲတော်ကြီးဖြစ်တာကြောင့် အစည်းကားဆုံး ပွဲတော်ကြီးတခုဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံခွန်တိုင်ပွဲတော်ကို အရင်နှစ်တွေကလောက် တခြားမြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ မသွားနိုင်ကြဘဲ ဖြစ်နေကြပါတယ်။

“အဲဒီဘက်မှာက လိုင်းကားတွေမရှိတော့ သွားဖို့အရမ်းခက်တယ်။ ကျေးရွာတိုင်းလိုလို သွားနိုင်မယ်မထင်ဘူး။ ကျမတို့ အခု ကျေးရွာအုပ်စုတွင်းမှာတော့ ၈ ရွာပဲသွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုတ်ဆံတွေစုပြီး ကားတစီးငှားပြီး သွားကြတယ်” ဟု ဒီမောဆိုးမြို့မှ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။ရှားတောမြို့ထဲက ကျေးရွာငယ်လေးတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ရှားတောရဲ့ အရှေ့ဘက်အခြမ်းဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်ပြီး နယ်စပ်တလျှောက်မှာလည်း KNPP တပ်ဖွဲ့တွေ စခန်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအေးချမ်းသေးတဲ့ နယ်မြေဖြစ်နေသေးတာကြောင့် ခရီးသွားလာတဲ့သူတွေ နည်းပါးပြီး ကယားပြည်နယ်ရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့် ခရီးသည်တင် လိုင်းကားက တစီး၊ နှစ်စီးလောက်သာ ရှိပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှားတောမှာ ပွဲတော်ကျင်းပဖို့ ရွေးချယ်ရတာကတော့ ဒီနှစ် ရှားတောမြို့မှာ တံခွန်တိုင်ပွဲကျင်းပဖို့ အလှည့်ကျတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနှစ် တံခွန်တိုင်ပွဲတော်ဟာ ကယားပြည်နယ်မှာ ၅၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ရှားတောမြို့မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေတဲ့ ကယားတိုင်းရင်းသား ဦးဗျားရယ်က ပြောပါတယ်။ သူက ဒီပွဲတော်ဟာ ကယားတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ပွဲတော် ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

http://www.irrawaddy.org/bur/index.php/articles/2-articles/6160-2011-04-08-10-44-57

**

ရေနံချက်စက်ရုံတည်ရန် ဦးပိုင်နှင့် တရုတ်စာချုပ်ချုပ်

ကိုဝိုင်း | အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။

တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် ရေနံချက်စက်ရုံနှင့် ဓာတ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရေးဌာနများ တည်ဆောက်မည့် စီမံကိန်းအတွက် တရုတ်နိုင်ငံနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ သက်တမ်းတိုးစာချုပ် တနင်္လာနေ့က လက်မှတ်ထိုးသည်။ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပြီးနောက် ပထမဆုံးရောက်ရှိလာသော နိုင်ငံခြားဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင် ခရီးစဉ်အတွင်း Guandong Zhenrong Energy ကုမ္ပဏီ ဥက္ကဋ္ဌ Xiong Shohui နှင့် စီးပွားရေးဦးပိုင်လီမိတက်၏ အကြီးအကဲသစ် ဗိုလ်မှူးချုပ် ဇာနည်ဝင်းတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးကြသည်။ထို့အပြင် တရုတ်ယွမ်ငွေ ဘီလျံ ၃ဝ (ဒေါ်လာ ၄.၅ ဘီလျံ) အတိုးမဲ့ချေး ငွေမှ “ပထမအသုတ်” ချေးငွေသဘောတူစာချုပ်ကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာန မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တရုတ်အစိုးရ သွင်းကုန်/ထုတ်ကုန်ဘဏ် ဥက္ကဋ္ဌ တို့ လက်မှတ်ထိုးကြသည်ဟု အင်္ဂါနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်က ချင်းတွင်းမြစ် အနောက်ဖက်ရှိ စပယ်တောင်၊ စပယ်တောင် (တောင်) နှင့် ကြေးစင်တောင် သတ္တု တွင်းများမှ ကြေးနီထုတ်လုပ်မှုမှ အချိုးကျ ရယူရန်လည်း သဘောတူညီခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင်ကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်း ငါးထောင်တန် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဒေါ်လာ သန်း နှစ်ထောင်ခန့် တန်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ဝန်ကြီးများနှင့် နေပြည်တော်၌ သီးခြားတွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်က နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့သွားမည် ပြောကြောင်း အစိုးရသတင်းစာက ဖော်ပြသည်။ကျာချင့်လင်သည် တရုတ်နိုင်ငံတွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဥက္ကဋ္ဌပြီးလျှင် စတုတ္ထအရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ် အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

**

ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ

ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 သတင်း – ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မောချီးဒေသဘက်တွင် ယမန်နှစ်များထက် ရေရှားပါးမှု ပြဿနာ ပိုမိုကြုံတွေ့လာနေကြောင်း ဒေသခံများက ပြောကြသည်။


ဝေးလံစွာ ရေသွားခပ်ယူနေကြရသော ကလေးများကို တောင်တက်လမ်းတွင် တွေ့ရစဉ်

ဝေးလံစွာ ရေသွားခပ်ယူနေကြရသော ကလေးများကို တောင်တက်လမ်းတွင် တွေ့ရစဉ်
ဒီးမော့ဆိုမြို့နယ်၌ ဒေါတကလက်၊ ဒေါတခရ စသည့် ရွာများ အပါအဝင် ဒေါဖုကျေးရွာအုပ်စု၊ ဒေါတမကြီး ကျေးရွာအုပ်စုများ၊ ဖရူဆိုမြို့နယ်၌ လော်ခုခူ၊ လောက်ပလဲလျား၊ ကေးလျား စသည့် ကျေးရွာများနှင့် မောချီး ဒေသတွင်းရှိ ပဟောခို၊ နား(မ်)ကူး၊ ကဗွေဒို၊ ယယ်မူပယ် ရွာဒါဂါး ကျေးရွာများတွင် ရေခမ်းခြောက်မှု ပြဿနာကို အဆိုးဆုံး ခံနေကြရခြင်း ဖြစ်သည်။ယင်းကျေးရွာများမှ ဒေသခံများ အသုံးပြုနေကျ ဖြစ်သည့် ရွာအနီးအနားရှိ ကန်များ၊ စိမ့်စမ်းရေများ ယခင်လမှ စ၍ ခမ်းခြောက်ကုန်ကြောင်း၊ ယခုအခါ အလွန်ဝေးသော ရေထွက်ပေါက်များအထိ သွားရောက်ခပ်ယူရကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါမကြီးရွာခံ တစ်ဦးက ပြောသည်။

‘‘ရေသွားခပ်ရတာ အရမ်းဝေးတယ်။ ရွာနဲ့ သုံးမိုင် ဝေးတယ်။ အခု ပူတဲ့ ရာသီမှာ ရေထွက်ပေါက်တွေမှာလဲ ရေက အမြဲ မရှိနေဘူး။ အဲဒါ ရေရှိတဲ့ ရေထွက်ပေါက်တွေကို လိုက်ရှာရပြန်တယ်။ အချိန် အရမ်းကုန်တယ်’’ ဟု သူက ပြောသည်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကမူ သစ်တောပြုန်းတီးမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရေရှားပါးမှု ပြဿနာများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
သစ်တောများ၊ ၀ါးပင်များသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းပေးကြောင်း၊ ၎င်းတို့၏ အမြစ်များသည် ရေတိုက်စားခြင်းများကို ကာကွယ်ပေးနိုင်ပြီး ပူပြင်းခြောက်သွေ့သော ရာသီမျိုးတွင် ရေလှောင်ကန်ကဲ့သို့ ရေမြေများကို ထိန်းသိမ်း ပေးထားခြင်းကြောင့် သစ်တောများ ပျက်စီးခြင်းသည် ရေခမ်းခြောက်မှု၏ အကြောင်းရင်း တစ်ခု ဖြစ်ကြောင်း ဦးအုန်းက ပြောသည်။

**

ကျောက်ပန်းတောင်း အင်န်အယ်လ်ဒီ၏ လူမှုရေးလုပ်ငန်း နှောင့်ယှက်ခံရ

2011-03-23

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေက မြို့နယ်အတွင်းရှိ တောင်ပုံတောင် ကျေးရွာသွားပြီး အသက်အရွယ်ကြီးတဲ့သူတွေကို ဆေးဝါးနဲ့ ငွေကြေး လှူဒါန်းခဲ့ကြတာကို ဒေသခံ အာဏာပိုင်တွေက တားဆီး နှောင့်ယှက်ခဲ့တယ်လို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုအေးခိုင်က ပြောပါတယ်။

(Photo: AFP)

တူညီဝတ်စုံ ဝတ်ဆင်၍ ရင်ထိုးတံဆိပ် တပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

“၇၈ နှစ်က ၁၀၁ နှစ်ရှိတဲ့ သက်ကြီးရွယ်အို လူ ၃၀ ကို မျက်နှာသုတ်ပုဝါတွေ၊ တိုင်းရင်းဆေးတွေ အားဆေးတွေ ကန်တော့ကြတာ အဲဒီဟာကို ကျနော်တို့ပြန်တဲ့အချိန်မှာ ပုပ္ပားရဲစခန်းက ရဲ ၂ ဦးရယ် နောက်တခါ ရယက ဥက္ကဋ္ဌ ကိုစိုးဝင်းရယ်၊ မယက စာရေးတဦးကနေပြီးတော့ နှလုံးရောဂါသည် ဒေါ်ဝင်းရီ၊ ဒေါ်ဝင်းဌေးတို့အိမ်ကို လာပြီးတော့ ဘာလို့ လက်ခံတာတုန်းဆိုပြီးတော့ ခြိမ်းခြောက်တယ်ပေါ့။ နှလုံးရောဂါသည် ဒေါ်ဝင်းဌေးက လန့်ဖျပ်သွားတယ်ပေါ့။ အဲဒါအပြင်ကို ကန်တော့ခံ သက်ကြီးရွယ်အို ဒေါ်ခင်ကြည်၊ ဒေါ်စောငယ်နဲ့ ဦးလှသောင်းရဲ့ အိမ်ကို သွားပြီး နောက်ကို အင်န်အယ်လ်ဒီက လာရင် လက်မခံဖို့ ခြိမ်းခြောက်တဲ့ စကားတွေ ပြောဆိုကြတယ်။”

ဒေသခံ ပြည်သူလူထုက အင်န်အယ်လ်ဒီရဲ့ လူမှုရေးလုပ်ငန်းတွေကို ထောက်ခံလာရုံတင်မက အားကိုးတဲ့ အဆင့်အထိ ဖြစ်လာလို့ အာဏာပိုင်တွေက အခုလို နှောင့်ယှက်တာ ဖြစ်ပြီး ကျောက်ပန်းတောင်း အင်န်အယ်လ်ဒီ အနေနဲ့ကတော့ အနှောင့်အယှက် ဘယ်လိုပဲ တွေ့တွေ့ လူမှုရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားမဲ့အကြောင်း ကိုအေးခိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဒီလူမှုရေးလုပ်ငန်းတွေကို ဘယ်လိုခြိမ်းခြောက် ခြိမ်းခြောက် ဆက်လက် လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကိုလည်း ဒီအကြောင်းတွေကို တင်ပြမှာပါ။ အဖြစ်အပျက်တွေကိုလေ ကျနော်တို့ အခုဆိုရင် ရေရှားပါးနေကြပြီ။ ကျနော်တို့ ရေတွေ ဝေဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။ ရွာတွေ အတော်များများကို ဒီလကုန်ကနေ စပြီး လုပ်ကြမှာပါ။ ငွေတွေလည်း လှူနေတယ်။ ရေတွေ ဘာတွေလည်း ပေးဝေသွားမယ်။ တောင်ပုံတောင်ရွာမှာလည်း ခြိမ်းခြောက်နေပေမဲ့ ရွာသူရွာသားတွေက သူတို့ရွာကလည်း မကြောက်တဲ့အကြောင်းကို ပြချင်လို့ပါတဲ့။ ကျနော်တို့ ဖိတ်ခေါ်ထားတယ် ထပ်သွားဦးမှာပါ။”

ကျောက်ပန်းတောင်းမြို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာ ၂၀၁၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း ကျေးရွာ စာသင်ကျောင်းတွေက ကလေးတွေကို စာအုပ်တွေ ပေးဝေတာ၊ အစားအစာနဲ့ ရေပေးဝေတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

 

စကားပြောသော ခြေထောက်များ ……….

နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။

လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။

မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။

ခြေထောက်များကလည်း စကားပြောသည်။

မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။

ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည်

ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို့ နေသူ လူယုတ်မာ အာဏာရှင်။

သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင်

သူကတော့ မှန်တာလုပ်ဖို့ ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။

စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ အကျင့်စာရိတ္တပျက် လူသား

ဖိနပ်မပါသော်လည်း..စင်ကြယ်ပါသော သိက္ခာ နဲ့  ဤခြေထောက်များ။

ဒီခြေထောက်မှ ဖိနပ်များ နိုင်ငံတော် ဘဏ္ဍာနဲ့ အရောင် ဖိတ်ဖိတ်တောက်သော်လည်း

ဤစစ်သားကလေးမှာ စီးစရာ စစ်ဖိနပ်တောင် မရှိရှာပါဘူး။

သူကတော့ ဘုရားပရ၀ဏ် ၀တ္တကမြေ ခြေဒါးလှီးခံ ဖိနပ်ဝတ်ရဲသော စုန်းမ

ဤခြေထောက်ပိုင်ရှင် သည် သဒ္ဓါရိုကျိုး ခြေသုတ်ပုဆိုးကဲ့သောသော အလှူ့ တကာမ။

ဒီကလေးငယ်လေးများကား စားစရာနတ္နိ အိမ်ခြေမရှိ မိဘမဲ့သည့် ဖိနပ်မဲ့ နာဂစ်ရဲ့ ဒုက္ခသည်။

ဒီဖိနပ်ပိုင်ရှင်ကလေးက လမ်းတောင် လျှောက်စရာမလိုသော စိန်စီတဲ့ ရွှေမင်းသမီး..

အာဏာ လက်နက်ဖြင့် ဖိနှိပ် ဖိနပ်ကြိုးစီးခိုင်းသော ဘိုပြောင်ကြီး

ဤခြေထောက်ရှင်သည် ယုံကြည် သဒ္ဓါဖြင့် လူအများချစ်ခင် လေးစားခံရသူ

ဤခြေပိုင်ရှင်သည် မတရား ခိုးဖွက်လုယက်သော စိန်များဖြင့် ရုပ်မလှ စိန်ရြွှေပ လင်တင် တောင်းရသော ရျွေခြေကျင်းကြီးနဲ့  မိန်းမ

ဤခြေထောက်ပိုင်ရှင်များကား ယုံကြည်ချက်ကိုစား သံခြေကျင်းဝတ် နိုင်ငံရေးအကျဉ်းသမား

ဤခြေပိုင်ရှင် သည် တယောက်ထဲ ရဲဝံ့စွာ အဖော်မပါ အပြင်မထွက်ရဲတဲ့ သတ္တိခဲ သူခိုးကြီး ငဖဲ

အဖေါ် မပါပေမယ့်  တကမ္ဘာလုံး ကို စိမ်ခေါ်ရဲတဲ့ ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်း

ဒီခြေထောက်ပိုင်ရှင်များ..အာဏာတည်မြဲရေးအတွက်

ဒီဖိနပ်ပိုင်ရှင်များ အသက်စတေးခဲ့ရသည်။

ပျင်းလို့  စစ်တပ်ကိုတောင် လမ်းလျှောက်မစစ်ဆေးနိုင်တဲ့ ဘိုပျင်းကြီး

လွတ်ရာကျွတ်ရာ အသက်လုပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် မိသားစု

ဤခြေထောက်ပိုင်ရှင်သည် အရွယ်မရောက် အဓမစစ်တပ်သို့  သွပ်သွင်းခံရကလေးစစ်သား

ဤခြေထောက်ပိုင်ရှင်များသည် အရွယ်လွန် အ်ုမင်းသော်ညား ရာထူးမစွန့် ရဲကြသူများ

ဤခြေထောက်ပိုင်ရှင်သည် အဘိုးအာဏာသုံး ရမ်းကား ဘိန်းစား မိန်းကလေးများရဲ့ ပန်းစားဘီလူးမင်းသား

ဤခြေထောက်ပိုင်ရှင်သည် အသက်အရွယ်မမျှ မိသားစုစီးပွါးရေး ကူညီပေးရသောကလေးငယ်။

ဒီခြေထောက်ရှင်က နိုင်ငံပိုင် ပစ္စည်းတွေ ပေါချောင်ကောင်းသိမ်း သဘာဝ အရင်းအမြစ်မှန်သမျှ ကို ရှိတာရောင်းစား ပြည်သူသတ်ဖို့  လက်နက် သူ့ စည်းစိမ်အတွက် ၀ယ်ရောင်းတဲ့သူ

ဒီဒုတ္ခိကစစ်သားတွေကဖြင့် လိုက်လည်ဈေးရောင်း လှည့်လည် တောင်းစားနေရတယ်။

ကဲ မိတ်ဆွေများ

သင်မှာ ခြေထောက်ရှိသည်။

သင့် နေသော်လည်း ဆိတ်ဆိတ်..

သင့်ခြေများက တိတ်နေမယ်မဟုတ်ပါဖူး။

ရှေဆက် တက်မလား..

နောက်ဆုတ် ထွက်မလား..

ထိုးဖောက်ထွက် ရုန်းကန်ကြမလား..

ဒူးထောက် ပေါင်းစားမလား.

ကျောက်ချ ဆွံ့ အ ဆဲလား။

သင့် သမိုင်း သင်ရေးမည်။

ဘာပြောမလည်း နားထောင်ကြည့်

သင်ခြေလှမ်းများက ပြောကြားမည့် သင်၏ ပုံပြင်။

မသဒ္ဓါ (၁။၁၅။၂၀၁၁)

**

နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2011-03-20

မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မေ့မထားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Amnesty Internationl ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှာ ပါဝင်လှုပ်ရှားသူတွေကို တယ်လီဖုန်းကတဆင့် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

(Photo: AFP)

မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်နေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (အမေရိကန် အဖွဲ့ခွဲ) ရဲ့ နှစ် ၅ဝ မြောက် အထွေထွေညီလာခံကို တယ်လီဖုန်းကတဆင့် ပြောကြားတဲ့ နှုတ်ခွန်းဆက်စကားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောသွားတာပါ။

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့အတွက် လူထုအခြေခံ လှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုကို လေးစား အသိအမှတ် ပြုပါကြောင်းနဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက်စကား အပြီးမှာ ဇင်ဘာဘွေနိုင်ငံက အမျိုးသမီးများရဲ့ လူမှု အခွင့်အရေး အဖွဲ့ တည်ထောင်သူ Jenni Williams ကလည်း တယ်လီဖုန်းကတဆင့် နှုတ်ခွန်းဆက် ပြောဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ဇင်ဘာဘွေနိုင်ငံမှာ အကြမ်းမဖက်တဲ့ လူမှု အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံ၊ အကျဉ်းကျခံခဲ့ရတဲ့ အမျိုးသမီးတွေ စုစည်းပြီး တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အမေရိကန်အဖွဲ့ခွဲ) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ နယ်ပယ်အသီးသီးက အောင်မြင် ကျော်ကြားသူတွေ၊ ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

 

Follow

Get every new post delivered to your Inbox.

Join 996 other followers