ဝီကီလိစ်တွင် မြန်မာ့ နျူကလီးယားအရေးများ ပေါက်ကြား
ရန်ပိုင် Saturday, 11 December 2010 17:41
အမေရိကန် အစိုးရသည် မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ယမန်နေ့က ဖော်ထုတ်လိုက်သည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာစစ်အစိုးရ၏ နျူကလီယားနှင့် ပတ်သက်သော လျှို့ဝှက် အစီရင်ခံစာတွင် စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် မြေအောက် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းခွင်တွင် မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ ခန့် လုပ်ကိုင်နေသည်ဟု မျက်မြင်သက်သေတဦးက ပြောကြောင်း ဖော်ပြထားသည်။
အဆိုပါ ကွန်ကရစ် မြေအောက်လိုဏ်ခေါင်းများသည် ပေ ၅၀၀ (၇၅မီတာ) ခန့်မြင့်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသားများ အကူအညီဖြင့် မြန်မာအလုပ်သမားများက ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဟု မသိရသော ဒုံးလက်နက်များကိုလည်း ယင်းမြောက်ကိုရီးယားများက တပ်ဆင်နေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
ထို့အပြင် ပြည်ပရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တဦးက စစ်အစိုးရသည် သာမန်စက်ရုံတရုံတွင် အသုံးပြုရန်ထက် ကြီးမားသည့် စက်ပစ္စည်းများကို တွဲသင်္ဘောကြီးများဖြင့် သယ်ယူမှုများရှိကြောင်း၊ ယင်းပစ္စည်းများသည် မကွေးတိုင်းအတွင်း တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းအတွက် ဖြစ်နိုင်သည်ဟု အမေရိကန်သံရုံးသို့ ပြောဆိုမှုများလည်း ဖော်ပြပါရှိသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီယားအကြား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲဖူးသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာ၊ အီရန်၊ ဆီးရီးယား စသည့် နိုင်ငံများသို့ နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ အစိတ်အပိုင်းများကို ပေးပို့ခြင်းမပြုရန် တားမြစ်သည့် အစီရင်ခံစာကို ကုလသမဂ္ဂမှ ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာ့နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထပ်မံထွက်ပေါ်လာသည့် ၀ီကီလိစ် သတင်းတပုဒ်မှာ ၂၀၀၈ ခုနှစ်က မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပုလင်းတလုံးအတွင်းထည့်ထားသည့် ယူရေနီယံများကို လာရောက်ရောင်းချကြောင်း၊ ယင်း ယူရေနီယံသည် ရေဒီယို သတ္တိကြွအမှုန့်များဖြစ်ကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုမှ ၁၉၉၂ ခုနှစ်က ထောက်ခံထားသည့် လက်မှတ်မိတ္တူ တစောင်လည်း ပါရှိကြောင်း၊ ထိုပစ္စည်းကို အမေရိကန်သံရုံးက စိတ်မ၀င်စားလျှင် ထိုင်းနိုင်ငံ သို့မဟုတ် တခြားသောနိုင်ငံများသို့ ရောင်းချရန် ကြိုးစားမည်ဟုလည်း ပြောဆိုသည့်အတွက် အမေရိကန်သံရုံးမှ ၀ယ်ယူထားရကြောင်းလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ထွက်နေသည့် ယူရေနီယံသတ္တုများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပသို့ ရောင်းချရန် ကြိုးစားမှုများနှင့် ပတ်သက်၍ စီပွားရေးလုပ်ငန်းရှင်တဦးဖြစ်ခဲ့သူ ဦးမင်းဒင်၏ မင်းဒင်ရဲ့သက်ခိုင် စာအုပ်တွင်လည်း ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ဖူးသည်။
၁၉၉၅ ခုနှစ်ခန့်က ဦးစံလင်းဆိုသူက Hosting Flag ဟု အမည်ပေးထားသည့် သတ္တု ရှာဖွေရေး ကုမ္ပဏီတခုကို တည်ထောင်ပြီး အစိုးရနှင့် ဖက်စပ်အကျိုးတူ ပူးပေါင်း၍ မန္တလေးတိုင်း သပိတ်ကျင်းဒေသ တ၀ိုက်တွင်ရှာဖွေရာ ဓာတ်သတ္ထုတမျိုးကို တူးဖော်ရရှိကြောင်း၊ ယင်းနမူနာကို သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခဲ့ရာ ရွှေ၊ အလျူမီနီယမ်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပလူတိုနီယမ် စသည့် အမျိုးအစား ရှစ်မျိုးပါဝင်သည်ဟု အဖြေထွက်ကြောင်း၊ ယင်းသတ္တုများကို ဦးစံလင်းက ပါကစ္စတန်နိုင်ငံမှ ကုန်သည်တဦးသို့ ရောင်းချရန် ကြိုးစားဖူးကြောင်း ဦးမင်းဒင်၏ စာအုပ်တွင် ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းဒင်က နောက်ပိုင်းတွင် ထိပ်ပိုင်း အာဏာပိုင်များက ယင်းတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်း ဝန်ကြီးဌာသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာထွက်လာသဖြင့် ဦးစံလင်းက လုပ်ငန်းကို ရပ်ပြီး လွှဲပေးလိုက်ရကြောင်း ဖြေကြားသည်။
ယခုရက်ပိုင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လျှို့ဝှက်ချက်အစီရင်ခံ ပေးစာများ ဆက်တိုက် ထွက်ပေါ်နေရာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားစဉ်က အစိုးရနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးစသည့် အရေးကြီးသည့် ကိစ္စများတွင် တိုးတက်အောင် မဆောင်ရွက်နိုင်သည့်အတွက် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားရန် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်က ၂၀၀၈ ခုနှစ်တွင် ပြောဆိုခဲ့ကြောင်းလည်း ထွက်ပေါ်ခဲ့သည်။
ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေခြင်းကို စိတ်ပျက်မိကြောင်း ပြောဆိုသည်ဟုလည်း ပေါက်ကြားလာသည့် ပေးစာများတွင် ပါရှိသည်။
ဝီကီလိစ်၏ ပေါက်ကြားချက်များတွင် မြန်မာစစ်အစိုးရကို ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထောက်ပံနေအပေါ် အမေရိကန်က ဖိအားပေးခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်များအား “ပါတီကို အမြဲထိန်းချုပ်ထားချင်သည့် အလုပ်မဖြစ်သော အန်ကယ်ကြီးများ” စသည်ဖြင့် အမေရိကန်သံရုံး၏ ဝေဖန်မှု၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည် အာဆီယံ အတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။
ဝီကီလိစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ပေါင်း ၁၈၆၄ ခု ရှိထားကြောင်း သိရသည်။
ဝီကီလိစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ပြီး နိုင်ငံတကာအစိုးရများ၏ သံတမန်ရေးဆိုင်ရာ သတင်းပို့သည့် လျှို့ဝှက်ချက်များကို ဖွင့်ချလာခဲ့ရာ ယခုအခါတွင် ဘာသာရေးခေါင်ဆောင်တဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များအထိ ဖွင့်ချလာသည်ကို တွေ့ရသည်။
မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော
ဧရာဝတီ Saturday, 11 December 2010 13:55
အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။ ယင်းအခမ်းအနား မိန့်ခွန်း အစအဆုံးတွင် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ဆေးရုံ၊ ဆိပ်ကမ်း စသည်တို့ မည်ရွေ့မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အရေအတွက် ကိန်းဂဏန်းများကိုသာ ပြောဆိုထားသည်ကို တွေ့ရသည်။
ဝီကီလိခ်က မြန်မာကြေးနန်း ၁၄ခုအား ထပ်မံထုတ်ပြန်မည်
Sunday, December 12, 2010
ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ သည့် ကြေးနန်း ၁၈၀၀ကျော် အနက် အရေးကြီး သော ၅၀၀ ခန့် ကို ထပ်မံ ဖွင့်ချမည် မည်ဖြစ်ပြီး ယခု သီတင်းပတ် အတွင်း ကြေးနန်း ၁၄ ခု အား ထပ်မံဖွင့်ချနိုင်ဖွယ်ရှိသည်ဟု ပြင်သစ်နိုင်ငံမှ မြန်မာဝီကီလိခ်သို့ ပေးပို့ သည့်  အီးမေးလ်တွင် ဖော်ပြထားသည်။
အမေရိကန်သံရုံးကြေးနန်း ပေါက်ကြားမှုတွင် အရေးမကြီးသော ကြေးနန်းများမှာ ရန်ကုန်မြို့ ၃၈ လမ်းဈေး ရှိ လမ်းဘေး ဈေးသည်များအား စည်ပင်ရဲက လိုက်ဖမ်းမှု ၊ မီးပျက်သည့်အခါ ဆင်းရဲသားရပ်ကွက်များတွင် ကလေးငယ်များက ဖယောင်းတိုင်း လိုက်ရောင်းပုံများပါဝင်ပြီး ထပ်မံပေါက်ကြားနိုင်ဖွယ်ရှိသည့် အကြောင်းအရာကမူ မြန်မာစစ်အစိုးရ ၊ သက်ဆင် နှင့် ထိုင်း နိုင်ငံ၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု သိရှိရသည်။
ယနေ့ ပေါက်ကြားသည့် Embassy of Singapore တွင် မူ စင်္ကာပူ ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များ ကြောင့် အရှေ့ တောင်အာရှ သည် အရှက် ရသည် ဟု ဖော်ပြထားသည်။
ဝီကီလိခ် ပေါက်ကြားမှုနဲ့ မြန်မာ့နိုင်ငံရေး
2010-12-11
မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အကြား ညီညွတ်မှုမရှိတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ပေါ်ပေါက်လာရေး အတွက် အကြီးဆုံး အဟန့်အတားတခု ဖြစ်ကြောင်း WikiLeaks အင်တာနက်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရန်ကုန်မြို့ အမေရိကန်သံရုံး၊ နိုင်ငံရေးနဲ့ စီးပွားရေးဌာန တာဝန်ခံ Leslie Hayden ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီလို ဖော်ပြထားတာပါ။
၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ် တွေအတွင်းက လူထုအကြားမှာ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အန်ကယ်ကြီးတွေ ဦးဆောင်မှုအောက်က NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်သူလို့ ယူဆသူတွေကို အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပစ်လေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့ပြင် ရွေးကောက်ခံ အမတ်အများစုဟာလည်း မြန်မာပြည်သူတွေရဲ့ လူမှုရေးစီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ သူတို့ရဲ့ အနာဂတ်အကျိုးစီးပွားနဲ့ ပတ်သက်လို့ စစ်အစိုးရဆီက ဘာမှ အာမ,ခံချက် မရရှိခဲ့သလို တချိန်တည်းမှာ NLD ပါတီဟာလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိအောင် ဆွေးနွေးနိုင်မယ့် အခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်ခံခဲ့ကြောင်း၊ အဲဒီ့အစား စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး တခုတည်းကိုသာ တောင်းဆိုခဲ့ကြကြောင်း အဲဒီ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ NLD နဲ့ တိုင်းရင်းသားတွေအကြား ပေါင်းစည်းမှု ဖြစ်ပေါ်မလာတဲ့ သဘာထား တင်းမာမှုတခုဖြစ်ပြီး ဒါကို တရုတ် အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက သတိပြုမိကြကြောင်း၊ စစ်အစိုးရက ဒီအချက်ကို အခွင့်ကောင်းယူပြီး စစ်တပ်သာလျှင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ့် တခုတည်းသော အင်အားဖြစ်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေကို နားဝင်အောင် စည်းရုံးနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီကြေးနန်းစာ ပေးပို့တဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကတဆင့် တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းလိုက်တဲ့ သတင်းစကားတွေအရ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း နားလည် သဘောပေါက်တာတွေ့ရကြောင်း၊ မိမိတို့ တွေ့ဆုံ စကားပြောခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြကြောင်း၊ ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဒီကမ်းလှမ်းချက်ကို အကောင်အထည် မဖော်နိုင်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေ NLD ဌာနချုပ်ကို အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်တာလောက်သာ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒီလျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
WikiLeaks အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းစာတွေမှာ ပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဦးသိန်းအောင်က စုစည်းတင်ပြထားပါတယ်။
မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ
စနေ, 11 ဒီဇင်ဘာ 2010
မြန်မာနိုင်ငံသား သင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ မြန်မာသင်္ဘောသား ၂၃ ယောက်ပါတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို တန်ဇန်းနီးယား အရှေ့ပိုင်းမှာ သောကြာနေ့က အမြန်ရေယာဉ် ၂ စင်းနဲ့ ဆိုမာလီပင်လယ်ဓားပြတွေက စီးနင်းသိမ်းပိုက်ခဲ့တာလို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် Paddy O’Kennedy က အတည်ပြုပြောဆိုလိုက်တာပါ။
တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ် ၂ နိုင်ငံ နယ်စပ်အရှေ့ပိုင်း ရေမိုင် ၈၀ လောက်အကွာမှာ ရော့ကတ် လက်နက်တွေကိုပါ အသုံးပြုပြီး ပြန်ပေးဆွဲသွားခဲ့တာလို့လည်း ပြောခွင့်ရသူက ကြေညာချက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam ကနေ မိုဇမ်ဘစ်နိုင်ငံ Beira ကို ဦးတည်မောင်းနှင်နေစဉ် အမေရိကန်ပိုင် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ ဒီသင်္ဘော တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံး အခြေအနေကိုတော့ မသိရသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ EU ရေတပ်က ပြောဆိုခဲ့ပါတယ်။
ဒါဟာဆိုရင် ဆိုမာလီမြစ်ဝှမ်းဒေသမှာ ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေ ချဲ့ထွင်လာတဲ့ နမူနာတခုဖြစ်တယ်လို့လည်း EU ရေတပ် ပြောခွင့်ရသူက ဆိုပါတယ်။ အိန္ဒိယနိုင်ငံနားမှာ ဒီတပတ်အစောပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောတစင်းကိုလည်း ဆိုမာလီကမ်းလွန်မှာ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV Jahan Moni သင်္ဘောပိုင် ကုမ္ပဏီက ဂြိုဟ်တုဓါတ်ပုံတွေရဲ့ အကူအညီနဲ့ သင်္ဘောရှိရာနေရာကို စနေနေ့ကပဲ အတည်ပြုပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
ဂမ်ဘာရီကို ဖယ်ရှားဖို့ အမေရိကန်လုပ်ဆောင်ခဲ့
သောကြာ, 10 ဒီဇင်ဘာ 2010
WikiLeaks ၀က်ဘ်ဆိုက်ဒ်က ဖွင့်ချခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မှတ်တမ်းတခုအရ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းကို အမေရိကန် ပြည်ထောင်စုက ရာထူးကနေ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားတဲ့ Ibrahim Gambari ကို ရာထူးက ဖယ်ရှားဖို့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ကို အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Condoleeza Rice က ပြောဆိုခဲ့ကြောင်း ၂၀၀၈ ခုနှစ်တုန်းက လျို့ဝှက်မှတ်တမ်းက ဖော်ပြခဲ့တာပါ။
အစိုးရနဲ့ အတိုက်အခံတို့ကြား အထူးသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အထူးကိုယ်စားလှယ်ဟာ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူးဆိုပြီး မှတ်တမ်းထဲမှာ ဖော်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟောင်း ဂမ်ဘာရီ ကို ဗွီအိုအေက ဆက်သွယ်မေးမြန်း ရာမှာတော့ ဒီမှတ်တမ်းနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းရဲ့ ပြောဆိုချက်အပြီး ၁ နှစ်ခွဲလောက် အကြာအထိ သူရာထူးမှာ ဆက်လက်တာဝန်ယူခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ၈ ကြိမ် တွေ့ဆုံခဲ့ဖူးသလို စစ်အစိုးရ အာဏာပိုင်တွေနဲ့လည်း ၁၀ ကြိမ်တွေ့ခဲ့တယ်လို့လည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ယူထားရာကနေ ဆူဒန်နိုင်ငံ ဒါဖောဒေသအတွက် ကုလသမဂ္ဂနဲ့ အာဖရိကယူနီယံတို့ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်မှာ တာဝန်ယူဖို့အတွက်ကိုတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကပဲ သူ့ကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပါတယ်။
DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ ၃ ခုကို တိုက်ခိုက်
ဘစောတင် Saturday, 11 December 2010 16:24
ဝေါ်လေရှိ နအဖ စစ်အစိုးရတပ်များ တပ်စွဲထားရာ နေရာ ၃ ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်များ ဒီဇင်ဘာ ၈ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ပြီး ဝင်ရောက် ရှင်းလင်းရာ နအဖဘက်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
“ဝေါ်လေ ဒေသက တကော်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျနော်တို့ဝင်ပြီး ရှင်းလင်းရေး လုပ်တော့ လက်လှည့် အားသွင်းစက် ၂ လုံးနားမှာ တပ်ကြပ်ကြီး အလောင်း တလောင်း တွေ့တယ်။ နောက်ပြီး တပ်သား အလောင်း ၂ လောင်းတွေ့တယ်။ ဆက်လက် ရှင်းလင်းရာမှာ တ၀က်တပျက် ဖုံးအုပ်ထားတဲ့ သုံးပွင့်နဲ့ အရာရှိအဆင့် ဗိုလ်ကြီး အလောင်း တလောင်းကို ထပ်တွေ့တယ်။ သူတို့ ဘက်တံဆိပ်တွေမှာ ဖော်ပြထားတာကတော့ ခမရ ၅၄၇ ကပါ” ဟု ABSDF မှ စစ်ဦးစီးမှူး ဒဿက က ပြောသည်။
အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာဘက်တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက “မနေ့က ကျိုက်ဒုံရွာက နအဖတပ်တတပ်ဟာ စစ်ကူပေးဖို့ ထွက်ခွာလာတယ်။ အဲဒီတပ်ကို ကျနော်တို့ဘက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၅ မိနစ်မှာ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တယ်” ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုကြောင့် နအဖ စစ်သားတဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံ ရွာသားတဦးက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားရာသို့ သွားရောက်ခဲ့သူ လူထုတိုက်ပွဲ ကော်မတီမှ ကိုသံဒုတ်က “တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တာက ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်၊ ၇ ရက်မှာ အကြီးအကျယ် ဖြစ်တယ်လ။ အဓိကက ကျနော်တို့ လူထုတိုက်ပွဲ ကော်မတီအနေနဲ့  ရိက္ခာ၊ ဆေးဝါး၊ ပံ့ပိုးပေးတာပေါ့နော်။ တိုက်နေတဲ့ ရဲဘော်တွေကို ကျနော်တို့က တတ်နိုင်တဲ့ဘက်က ကရင်လူငယ်တွေနဲ့  ဒေသခံ လူငယ်တွေ ပေါင်းပြီး ထမင်းချက်ပြီး ပို့ တာပေါ့” ဟု ပြောသည်။
မဲဆောက် အခြေစိုက် လူထုတိုက်ပွဲ ကော်မတီက နယ်စပ်တိုက်ပွဲများတွင် DKBA နှင့် ABSDF တို့ကို အကူအညီပေးကြရန် နှိုးဆော်ချက်ကိုလည်း ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ထိုစစ်ဆင်ရေးတွင် အဓိက ညွှန်ကြားသူမှာ DKBA မှ ဗိုလ်မှူး စန်းအောင် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် မြန်မာ့အသံတွင် အမေ ဇာတ်လမ်းများ မထုတ်လွှင့်ရ
မျိုးမောင် Saturday, 11 December 2010 15:51
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း စစ်အစိုးရ ထိန်းချုပ်ထားသော နေပြည်တော် မြန်မာ့အသံတွင် အမေမေတ္တာ ကျောရိုးပြု ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခွင့် မပြုတော့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီက ထိုကဲ့သိုသော အမေ ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခဲ့ သော်လည်း နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက် ပုံမှန် ဇာတ်လမ်းပမာ ရေးသားသူများကို အမေအားပြု ဇာတ်လမ်းများ ရေးသားခြင်း မပြုတော့ရန် မြန်မာအသံမှ တာဝန်ရှိသူများက ကန့်သတ် လိုက်ကြောင်း ယင်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို တနိုင်ငံလုံးက အမေစုလို့ ခေါ်တဲ့အတွက် ဒီလို အမေဇာတ်လမ်းကို လွှင့်ဖို့ အဲဒီက တာဝန်ရှိသူတွေက အကဲဆတ်တဲ့ သဘောပါ” ဟု နေပြည်တော် မြန်မာအသံတွင် ပုံမှန်ဇာတ်လမ်းများကို ရေးသားနေသူတဦးက ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး တရက် အကြာ နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော လူထုမိန့်ခွန်းပြောပွဲတွင် လူငယ်အများစုက “အမေစု” ဟု ကြွေးကျော်ကာ ထောက်ခံအားပေး ကြိုဆိုခဲ့ကြသည်။
မြန်မာ့အသံတွင် နှစ်ပေါင်းများစွာ ဇာတ်လမ်းရေးသားခဲ့သူ တဦးကလည်း “ဒီအချိန် ဒီလိုဇာတ်လမ်းတွေ မရေးရဘူးဆိုတာ နားမလည်ဘူးလား ဆိုပြီးတောင် အပြောခံရတယ်” ဟု ပြောသည်။
မြန်မာ့အသံ တာဝန်ရှိသူများက နိုဝင်ဘာလ နှောင်းပိုင်းတွင် အမေမေတ္တာကို ရှေ့တန်းတင် အသားပေးသော ဇာတ်လမ်းများစွာ ထုတ်လွှင့်ရန် ပယ်ချခဲ့ကြောင်း၊ ဇာတ်ထိုကဲ့သို့ အမေဇာတ်လမ်း ရေးသားခွင့်မပြုတော့သဖြင့် ကလေးငယ်များကို ဦးတည်သော ပညာပေးဇာတ်လမ်းများတွင် ဖခင်မေတ္တာကို ကျောရိုးပြု ဦးတည်ကာ ရေးသားရကြောင်း သိရသည်။
၎င်းက ဆက်လက်၍ “အမေကို အရမ်း ရှေ့တန်းတင်လွန်းလို့ မရဘူး။ ဒါကြောင့် အဖေကိုပဲ အားပြုရတဲ့အတွက် ဇာတ်လမ်းရေးတဲ့နေရာမှာ စဉ်းစားရတာ ဘောင်ကျဉ်းလာတယ်။ နဂိုက ကလေးပညာပေး ဇာတ်လမ်းဖြစ်တဲ့အတွက် ရေးရတာ ဘောင်ကျဉ်းရတဲ့အထဲ ဒီလိုပေါ်လစီ ဖြစ်လာတဲ့အတွက် လုပ်ရကိုင်ရ စဉ်းစားရတာ ခက်လာတယ်” ဟု ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။
နေပြည်တော် မြန်မာ့အသံတွင် ကလေးပညာပေး ဇာတ်လမ်း၊ ကျေးလက်ပညာပေး ဇာတ်လမ်းတို့ကို အပတ်စဉ် ထုတ်လွှင့် လျက်ရှိသည်။
“ကျေးလက်ဇာတ်လမ်းကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အားပြုရတဲ့အတွက် ပြဿနာမရှိပါဘူး” ဟု အဆိုပ် ဇာတ်လမ်းရေးသူက ရှင်းပြသည်။
စစ်အစိုးရ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ရှိသော နေပြည်တော် မြန်မာ့အသံတွင် ထိုသို့ မူချမှတ်လိုက်သော်လည်း ကျန် အသံလွှင့် FM လိုင်းများအတွက်မူ သီးသန့်မူဝါဒ မရှိကြောင်း FM အသိုင်းအ၀ိုင်းမှ သိရသည်။
၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာနှင့် ပတ်သက်သော အကန့်အသတ်များ လျော့လာမည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများ၊ စာရေးဆရာများက ယူဆခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာစီစစ်မှုများ ပိုမိုများပြားလာကြောင်း ပြည်တွင်းသတင်းထောက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားများ၊ လှုပ်ရှားမှုများအကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဖြတ်တောက် ဖြုတ်ပယ်ခြင်းများရှိပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို အတွင်းအထူး အချပ်ပိုတွင် ဖော်ပြခဲ့သော ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို နိုဝင်ဘာလအတွင်းက တချို့ကို ထုတ်ဝေခွင့် သီတင်းတပတ်၊ တချို့ကို သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့သည်။
သျှမ်းပြည်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာတပ်သားတပ်မှထွက်ပြေး
Saturday, 11 December 2010 19:06 သျှမ်းသံတော်ဆင့်
ယခုလအစောပိုင်းက သျှမ်းပြည်တပ်မတော်နှင့် မိုင်းယောင်း အခြေစိုက်မြန်မာစစ်ကြောင်းတကြောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့် မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။
ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည်တပ်မတော် အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော် စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
ထို့နောက်ပိုင်း အဆိုပါတပ်မှ တပ်သားနှစ်ဦးကလည်း အဲမ်အေ သေနတ်/မိမိနှင့်ဆိုင်သည့် စစ်လက်နက် ပစ္စည်း များကိုယ်စီယူပြီးတပ်မှ ထွက်ပြေးသွားကြောင်း မိုင်းယန်းမြို့ တပ်အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။
အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက – တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ကြီး အင်းအားပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက်သင်တန်းပေးနေကြောင်း၊ အနာဂတ်စစ်ရေးလှုပ်ရှားမှုတွင် တောတွင်း၌ တိုက်ပွဲဖြစ်မည်မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။
ဖားကန့်ကျောက်စိမ်းခွန် ကေအိုင်အို ပြန်ကောက်
Saturday, 11 December 2010 19:09 သျှမ်းသံတော်ဆင့်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ၁၉၉၄ ခုနှစ် နအဖနှင့်အပစ်ရပ် လက်မှတ်ထိုးပြီးချိန်မှစ၍ ဖားကန့် ဒေသ ကျောက် စိမ်းတွင်းများတွင် အခွန်ကောက်ခြင်း ရပ်နားထားရာမှ ယခုအပတ်မှစ၍ ဖားကန့်ဒေသတွင် အခွန်ပြန်လည် ကောက်ယူမည်ဟု သိရသည်။
ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖေါ်သည့် ကုမ္ပဏီများ အခွန်ဆောင်ရန် အမိန့်စာကို ကေအိုင်အိုက ယခု အပတ် အတွင်း ထုတ်ပြန်ခဲ့ကြောင်း ကေအိုင်အိုသတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျောက်စိမ်းကုမ္ပဏီတွေဆီက အခွန်ပြန်ကောက်တာပေါ့ ကုမ္ပဏီတွေကို အခွန်ဆောင်ဖို့ အမိန့်ထုတ်တာပေါ့ ဒီတစ်ပတ် လောက်ကစတယ် တချို့ကုမ္ပဏီတွေတော့ထည့်ပြီးပြီလို့ သိရတယ် ” – ဟု ကေအိုင်အိုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
ယခင် ကေအိုင်အိုက စစ်အောင်နိုင်ရေးစရိတ်အဖြစ် ကျောက်စိမ်းလုပ်ကွက် ၊ ကျောက်တန်ဖိုး ၊ ကျောက်စိမ်းမှော် ၀င်ခ ၊ ဂိတ်ဖြတ်သန်းခများကို ကောက်ခံခဲ့ကြောင်း သိရသည်။
ယခု ဖားကန့်ဒေသအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိရန် ကေအိုင်အို ဗဟို ကော်မတီဝင်များထံ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။
နယ်ခြားစောင့်တပ် လက်မခံသည့် ကေအိုင်အိုနှင့် နအဖတို့ အကြားနှစ်ဘက်ဆက်ဆံရေး တင်းမာနေရာ နအဖက ကေ အိုင်အို၏ စီးပွားရေးကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း လေ့လာသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၅ ရက် နေ့ကစ၍ တရုတ်နယ်စပ်အနီးရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ကုန်အ၀င်အထွက်ကို နအဖဘက်က ပိတ်ပင်လိုက်သဖြင့် ကေအိုင်အိုဘက်မှ အခွန်ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးနေသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း ရဲအရာရှိ ၅၀၀ ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင်
Saturday, 11 December 2010 19:05 သျှမ်းသံတော်ဆင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ အရာရှိ ၅၀၀ ကျော်ခန့်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှ နေရာပြောင်းရွေ့ လျှက်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်မှ ရဲအရာရှိ ၁၀ ဦးခန့် အဆိုပါ ပြောင်းရွေ့မှုတွင်ပါဝင် ကြောင်း သိရသည်။
ရွေးကောက်ပွဲအပြီး ရဲတပ်ဖွဲ့အတွင်း အရေအတွက်အများဆုံး ပြောင်းရွေ့မှုဖြစ်ပြီး ယခုပြောင်းရွေ့မှုသည် အဆင့် မြင့် ရာထူးတိုးမြှင့်ခြင်းမဟုတ်ပဲ နေရာပြောင်းရွေ့မှုသာဖြစ်ကြောင်း မူစယ်ရဲသတင်းရပ်ကွက်က သျှမ်းသံတော် ဆင့်သို့ အတည်ပြုပြောကြားသည်။
“တစ်နိုင်ငံလုံး ၅၀၀ ကျော်တယ် တစ်နေရာကနေ တစ်နေရာကို ရွေ့လိုက်တာပါ ဒီနယ်စပ်တွေမှာကျတဲ့သူတွေ ကို အတွင်းပိုင်းကို ပြန်ပို့တယ် ရဲတပ်ရင်းတို့မှာ တာဝန်ကျတဲ့သူတွေကို နယ်စပ်ဘက်ပြန်ပို့တယ် နေရာအသီးသီး ပေါ့ တချို့လည်း ရုံးမှာပြန်ထားတယ် တချို့လည်းသင်တန်းကျောင်းပေါ့ ” ဟု မူစယ် ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
ရဲမှူးများတွင် မြို့နယ်မှူးတာဝန်ထမ်းဆောင်သူအချို့ပါဝင်ပြီး မူစယ်မြို့နယ်ရဲမှူးသည် သင်တန်းကျောင်းတစ်ခုသို့ ပြောင်း ရွေ့ရကြောင်းသိရသည်။
ရဲတပ်ဖွဲ့အတွင်း စားဝတ်နေရေးကျပ်တည်းလျှက်ရှိရာ ၀င်ငွေရပေါက်ရလမ်းရှိသည့် နေရာနှင့် ၀င်ငွေမရှိသည့်နေရာများ တွင် အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။
နယ်စပ်ဒေသများတွင် တာဝန်ကျပါက ရဲဝန်ထမ်းများသာမက စစ်ဘက်ဝန်ထမ်းများလည်း ၀င်ငွေဖြောင့်ကြောင်း တပ်ရင်းမှူး တာဝန်ယူသည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများဆိုလျှင် ကျပ်ငွေသိန်းထောင်ချီကိုင်နိုင်သည့် လူချမ်းသာ စာရင်းဝင် များဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အမေရိကန် သံရုံးမှ မြန်မာ နိုင်ငံအကြောင်း မူရင်းကြေးနန်း ၁၀ ခု

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ – ဘီဘီစီ)

ရဲတပ်သား