ကိုယ်စိတ်နှစ်ပါးချမ်းသာရေး ဘောဂဗေဒ

 Tuesday, 13 September 2011 10:09 နေသွင်

ကျနော်တို့ အသက်ရှင် နေရတဲ့ ခေတ်က ကြောင့်ကြမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ပါပဲ။ ကမ္ဘာကြီး တခုလုံး အတိုင်းအတာနဲ့ မကြုံစဖူး ကြွယ်ဝချမ်းသာလာပေမယ့်၊ မလုံခြုံမှု၊ မငြိမ်သတ်မှုတွေ၊ အလိုမကျမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

“အမေရိကန်ပြည်ထောင်စုကြီး လမ်းမှားပေါ်မှာ လျှောက်နေပြီ” လို့ အမေရိကန် အတော်များများ က ယုံကြည်နေကြသလို တခြားနိုင်ငံတွေမှာ လည်း ဒီလို အဆိုးမြင်မှုတွေက မိုးထိအောင် မြင့်တက်နေပါတယ်။

 

ဒီလို နောက်ခံအခြေအနေမှာ လူတယောက်ရဲ့ စီးပွားရေးဘ၀ ပျော်ရွှင်ချမ်းမြေ့မှုမှာ အဓိကကျတဲ့ အခြေခံ အကြောင်းတရားတွေကို ပြန်စဉ်းစားရမယ့် အချိန်ရောက်လာပါတယ်။ လူတွေဟာ ၀င်ငွေများများရ၊ များများတိုးဖို့ ဆိုတဲ့ နောက်ကို အငမ်းမရလိုက်ရင်၊ ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀၊ ကျေနပ်စရာကောင်းတဲ့ဘ၀ကို မရဘဲ၊ မကြုံစဖူး မညီမျှမှုနဲ့ ကြောင့်ကြမှုတွေ ဆီကိုပဲ ဦးတည်သွားနေကြပါတယ်။

စီးပွားရေးတိုးတက်မှုဟာ လူ့ဘ၀ရဲ့ အရည်အသွေးကို အများကြီး တိုးတက်စေလို့ အရေးကြီးပါတယ်။ ဒါပေမယ့် (စီးပွားရေး တိုးတက်မှုနောက်လိုက်နေတဲ့) တချိန်တည်းမှာ တခြားရည်မှန်းချက်တွေကို မျက်ခြေမပြတ်ဖို့တော့ လိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လာရင် ဟိမ၀န္တာတောင်တန်း ဒေသမှာရှိတဲ့ ဘူတန်ဆိုတဲ့ မင်းနိုင်ငံကလေးဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ တုန်းက ဘူတန်ရဲ့ စတုထ္ထမြောက် မင်းပျိုမင်းလွင်ကလေးဟာ နန်းတက်တယ်ဆိုရင်ပဲ အင်မတန်အရေးကြီးတဲ့ ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။

ဘူတန်နိုင်ငံဟာ တမျိုးသားလုံးစုစုပေါင်း ထုတ်လုပ်မှု (Gross National Product) ဆိုတာထက် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) နောက်ကို လိုက်မယ်လို့ ရွေးချယ်လိုက်တာပါ။

အဲဒီအချိန်ကစလို့ ဘူတန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို လိုက်တဲ့အခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို မကြည့်တော့ဘဲ၊ ယဉ်ကျေးမှု၊ စိတ္တသုခ၊ ကိုယ်ချင်းစာတရား၊ ကိုယ့်ရဲ့ အသိုက်အ၀န်း ဆိုတာတွေကို အလေးပေးတဲ့ ချဉ်းကပ်မှု အသစ်ကို ကျင့်သုံးလာခဲ့ပါတယ်။

သိပ်မကြာသေးတုန်းကပဲ ဘူတန်နိုင်ငံမြို့တော် သင်းပူး မြို့ (Thimphu) မှာ ပညာရှင်တွေ စုဝေးကြပြီး နိုင်ငံရဲ့ အရပ်ရပ်အခြေအနေတွေကို သုံးသပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဘူတန်ဝန်ကြီးချုပ် ဂျင်မီ သင်နလေး Jigme Thinley နဲ့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဂျင်မီ သင်နလေး ဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုနဲ့ GNH ဆိုတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေမှု အယူအဆနဲ့ ပတ်သက်လို့ ရှေ့ဆုံးက ဦးဆောင်နေသူလည်းဖြစ်ပါတယ်။

ဇူလိုင်လတုန်းကုလသမဂ္ဂရဲ့အထွေထွေညီလာခံကနေ နိုင်ငံတွေရဲ့ မူဝါဒချတဲ့နေရာမှာ ပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ရေးကို မြှင့်တင်ဖို့ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အစည်းအဝေးဟာ အဲဒီတိုက်တွန်းမှုရဲ့ နောက်ဆက်တွဲ ကိစ္စဖြစ်ပါတယ်။

 

သင်းပူးမြို့ အစည်းအဝေးတက်ရောက်လာကြတဲ့ လူအားလုံးကတော့ တိုင်းပြည်ဝင်ငွေနောက် လိုက်ဖို့ထက် စိတ်ချမ်းမြေ့မှုက ပိုအရေးကြီးတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ အဓိက ဆွေးနွေးကြတဲ့ ကိစ္စက မြို့ပြလက္ခဏာတွေ အလွန် ကူးစက်မြန်နေတဲ့ခေတ်၊ မီဒီယာခေတ်၊ အရင်းရှင်စီးပွားရေး လက္ခဏာဆောင်လာတဲ့ခေတ်၊ သဘာဝပတ်ဝန်းကျင်တွေ ယိုယွင်းလာနေတဲ့ ယနေ့ ကမ္ဘာမှာ ပျော်ရွှင်ချမ်းမြေ့ဆိုတာကို ဘယ်ပုံဘယ်နည်းနဲ့ ရယူနိုင်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။

 

စောစောက ပြောသလို တဦးပေါ် တဦး ယုံကြည်တဲ့စိတ်နဲ့ မိမိအသိုက်အ၀န်း ဆိုတဲ့ (မိသားစု) စိတ်ဓာတ်၊ သဘာဝပတ်ဝန်းကျင် အရှည် တည်တံ့အောင် ထိန်းသိမ်းချင်လာအောင် စီးပွားရေးဘ၀ကို ဘယ်ပုံဘယ်နည်းနဲ့ ပြန်လည်ပုံသွင်းမလဲဆိုတဲ့ မေးခွန်းပါပဲ။

 

လောလောဆယ် နိဂုံးချုပ်ချက်တချို့ကတော့ ဒီလိုပါ။ အရင်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ တန်ဖိုးကို သိက္ခာမချမိဖို့ လိုပါတယ်။ လူတွေဟာ အူမ မတောင့်ရင်၊ အခြေခံလိုအင်ဆန္ဒတွေဖြစ်တဲ့ ရေကောင်းရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လျှော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်တွေမရှိရင် ဒုက္ခရောက်ကြမှာပေါ့။ ဆင်းရဲမှုတွေကို ဖျက်သိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့ဆိုတာ စိတ်ချမ်း သာမှုရဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ပါပဲ။

ဒုတိယနိဂုံးချုပ်ချက် တခုကတော့ တမျိုးသားလုံးစုစုပေါင်းထုတ်လုပ်မှု (GNP) နောက်ကို တကောက်ကောက်လိုက်ရင်း၊ တခြားရည်မှန်းချက်တွေကို ပစ်ပယ်ထားမယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးမယ်ဆိုတဲ့ အချက်ပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ GNP သိသိသာသာကို မြင့်တက်ခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ချမ်းမြေ့မှုကတော့ မြင့်တက်မလာခဲ့ပါဘူး။ GNP မြင့်တက်ရေးဆိုတဲ့ တခုတည်းသော စိတ်ကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု၊ အာဏာတွေ အကြီးအကျယ်ကွာဟ သွားခဲ့ပါတယ်။ အောက်တန်းလွှာက ဆင်းရဲသားဦးရေ ကြီးထွားလာပြီး၊ ကလေးသန်းချီပြီး ဆင်းရဲမွဲတေမှုထဲမှာ ပိတ်မိသွားပါတယ်။ သဘာဝပတ်ဝန်းကျင်လည်း အကြီးအကျယ် ယိုယွင်းပျက်စီးသွားပါတယ်။

တတိယအရေးကြီးတာက စိတ်ချမ်းမြေ့မှုဆိုတာကို တဦးချင်းစီနဲ့ မိမိပတ်ဝန်းကျင်၊ မျှမျှတတ ဖြစ်မှသာ ရနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ မိမိတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုမှမရဘူးဆိုရင်ဘယ် သူမှ ပျော်နိုင်ကြမှာမဟုတ်ပါဘူး။

အဲသလိုပဲ ကျနော်တို့ဟာ ကိုယ့် မိသားစုတွေ၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်အသိုက်အ၀န်း၊ ကိုယ်ချင်းစာတရားဆိုတာကို မေ့ပြီး၊ ငွေနောက်ပဲ တကောက်ကောက် လိုက်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ဝေးနေဦးမှာပါပဲ။

လူမှုအသိုက်အ၀န်း တခုလုံးအနေနဲ့ လူမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရေးဆိုတဲ့ စီးပွားရေးပေါ်လစီဟာ လိုအပ်ပါတယ်။ ဒါပေမဲ့ လူမှုအသိုက်အ၀န်းမှာရှိနေတဲ့ တခြားတန်ဖိုးတွေအားလုံးကို လက်အောက်ခံထားပြီး၊ ဒါကိုပဲ မရအရယူမယ်ဆိုတာမျိုးနဲ့က တခြားစီပါ၊။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာတော့ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားက တရားမျှတရေး၊ လူလူချင်း ယုံကြည်မှု၊ စိတ္တဗလ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေ အားလုံးကို ကျော်ပြီး ခြယ်လှယ်ခွင့် ပိုရနေပါတယ်။ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ ဒီမိုကရက်တစ် ဖြစ်စဉ်ကို ဖျက်စီးနေပါတယ်။

 

စတုထ္ထအရေးကြီးတာကတော့ ကမ္ဘာ့အရင်းရှင်စနစ်ဟာ ပျော်ရွှင်ချမ်းမြေ့မှုကို တိုက်ရိုက် ဖျက်စီးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ အခြား ညစ်ညမ်းမှုမျိုးစုံနဲ့ ဖျက်စီးနေပါတယ်။ ရေနံကုမ္မဏီတွေရဲ့ အဆက်မပြတ် ၀ါဒဖြန့်မှုကြောင့် ဒီအကြောင်းတွေကို လူတွေ မသိကြတော့ပါဘူး။

လူတွေအချင်းချင်းကြားမှာ တဦးနှင့်တဦး ယုံကြည်မှုအားနည်းလာ၊ စိတ်တည်ငြိမ်မှုတွေ ချိနဲ့လာပြီး၊ စိတ်ကျ ရောဂါဖြစ်ပွားနှုန်းက သိသိ သာသာတိုးလာနေပါတယ်။ မီဒီယာတွေကလည်း ကော်ပိုရိတ်တွေရဲ့ ၀ါဒဖြန့်ချိရေးသမားတွေ ဖြစ်လာပါတယ်။

တော်တော်များများက သိပံ္ပပညာကို ပြောင်ပြောင်တင်းတင်းပဲ ဆန့်ကျင်ကုန်ကြပါပြီ။ စားသုံးသူ အယူအဆအစွဲအလမ်း consumer addictions ကြီးတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ပိုပိုပြီး ဒုက္ခများနေကြပါတယ်။

အဆီခဲတွေ၊ အဆီတွေ၊ သကြားတွေနဲ့ တခြား စွဲစေတဲ့ အရာတွေကို သုံးထားတဲ့ အမြန်စား လုပ်ငန်းတွေက ထုတ်လုပ်တဲ့ အစားအစာတွေကို စားပြီး၊ အ၀လွန်ရောဂါလို ရောဂါတွေရပြီး၊ လူတွေ ဘယ်လောက် ကျန်းမာရေးထိခိုက်နေသလဲဆိုတာကို စဉ်းစားကြည့်ပါဦး။

အခု အမေရိကန်ပြည်ထောင်စု လူဦးရေရဲ့ သုံးပုံတပုံဟာ အ၀လွန်ရောဂါ ဖြစ်နေကြပါတယ်၊ ကျန်းမာရေးကို ထိခိုက်စေတဲ့၊ စွဲလမ်းစေတဲ့ အစားအစားတွေကို လူငယ်တွေ မစားစားအောင် ကုမ္မဏီတွေက ကြော်ငြာနေကြတယ်။ အကယ်၍ ကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို စည်းကမ်းမတင်း ကျပ်ကြရင်တော့ ကျန်တဲ့ တကမ္ဘာလုံးလည်း အမေရိကန်တွေနောက် လိုက်ရဖို့ ရှိနေပါတယ်။

ပြသနာက အစားအစာတမျိုးတည်းကြောင့် မဟုတ်ပါဘူး၊ ဖောင်းပွနေတဲ့ ကြော်ငြာတွေကြောင့် လူထုကြားထဲမှာ စားသုံးသူဝါဒ စွဲလမ်းမှုရောဂါရပြီး၊ လူထုကျန်းမာရေးကဏ္ဍမှာ ပေးလိုက်ရတဲ့ အဖိုးအခတွေလည်း မနည်းပါဘူး။ ဥပမာအနေနဲ့ တယ်လီဗေးရှင်းအလွန်အကျွံကြည့်တာ၊ လောင်းကစားတာ၊ မူးယစ်းဆေးသုံးစွဲတာ၊ စီးကရက်သောက်တာ၊ အရက်စွဲတာ စတာတွေဖြစ် ပါတယ်။

စတုထ္ထအနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှု တိုးပွားအောင် လုပ်ဖို့ ဖြစ်ပါတယ်။ GNP ထက် တခြားလုပ်စရာတွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ နိုင်ငံအတော်များများမှာ GNP အပေါ်မှာ အာရုံစိုက်ပြီး၊ စောစောက ပြောတဲ့ အမြန်စား သရေစာတွေ၊ တီဗွီ အကြည့်လွန်တာ စတဲ့ ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရင်းတွေ၊ လူမှုရေးယုံကြည်မှုနည်းလာတာ၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာတဲ့ အပေါ်မှာ အာရုံစိုက်မှု နည်းနေပါတယ်။ ဒါတွေကို နားလည်သွားပြီး ဆိုတာနဲ့ လက်တွေ့ လုပ်လို့ ရသွားပါပြီ၊

ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွားနောက် အရူးအမူးလိုက်နေကြတာက ကျွန်တော်တို့ အားလုံးကို ခြိမ်းခြောက်နေပါတယ်။ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ ထောက်ခံသင့်ပါတယ်။

ဒါပေမဲ့ အကန့်အသတ်တော့ရှိရပါမယ်။ သဘာဝပတ်ဝန်းကျင်ကို အရှည် တည်တံ့စေရမယ်၊ တဦးပေါ်တဦးယုံကြည်မှုရှိဖို့ဆိုရင် အကြင်နာတရား၊ ကိုယ်ချင်းစားတရားနဲ့ ရိုးသားမှုတွေ လိုအပ်ပါတယ်။

ကျနော်တို့အနေနဲ့ ပျော်ရွှင်ချမ်းမြေ့မှုအကြောင်းပြောတဲ့အခါမှာ တောင်တန်းတွေကြားထဲက ဘူတန်နိုင်ငံလေးက လှလိုက်တာဆိုတာလောက်နဲ့ ဘောင်သတ်ထားလို့ မရတော့ပါဘူး။

နေသွင်

ရည်ညွန်း၊ ၊ The Economics of Happiness by Jeffrey D. Sachs

 

(စာရေးသူ ဂျက်ဖရေ ဒီ ဆက်စ် Jeffrey D. Sachs သည် ကိုလံဘီယံတက္ကသိုလ်မှာ စီးပွားရေး ပါမောက္ခဖြစ်ပြီး၊ ကုလသမဂ အထွေထွေအတွင်းရေးမှူး၏ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ အကောင်အထည် ဖော်ရေး (Millennium Development Goals ) အထူး အကြံပေးလည်း ဖြစ်ပါသည်။)

http://www.maukkha.org/index.php?option=com_content&view=article&id=1810:2011-09-13-10-16-51&catid=131:essay&Itemid=384

AAT

လိုင်ဇာလမ်း ကုန်စည်စီးဆင်းမှု ပြန်တက်၊ ကားခ တက်ဆဲ

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ တိုက်ပွဲများ ရပ်သွားပြီးနောက် မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကားအစီးရေ ထက်ဝက်ခန့် ပြန်တိုးများလာသော်လည်း ကားခများမှာမူ ပြန်မလျှော့သေးဘဲ ဖြစ်နေသည်။ယခင်က တနေ့လျှင် လိုင်းကား အစီးရေ ၈၀ မှ ၁၀၀ အထိ ဖြတ်သန်းခဲ့ရာမှ KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများကြောင့် တနေ့ ၁၀ စင်းခန့်သို့ ထိုးကျသွားခဲ့ပြီးနောက် ယခုအခါ တရက်လျှင် ကား ၄၀ ကျော် ဖြတ်သန်းနေပြီဟု လိုင်ဇာလမ်းပေါ်ရှိ KIO စစ်ဆေးရေးဂိတ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။သို့သော် တိုက်ပွဲဖြစ်ချိန်က လေးဆအထိ မြင့်တက်သွားခဲ့သော ကားခမှာ ယခုထိ ပြန်မကျသေးပေ။ ယခင်က တဦးလျှင် ကျပ် ၅၀၀၀ ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်း ပေးရသည်။ အလားတူပင် မြစ်ကြီးနားတွင် တရုတ် စားသောက်ကုန်ပစ္စည်း ဈေးကလည်း တက်နေဆဲ ဖြစ်သည်။


မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကား အစီးရေ ထက်ဝက်ခန့် ပြန်တိုးများ လာသော်လည်း ကားခများမှာမူ ပြန်မလျှော့သေး (ဓါတ်ပုံ မဇ္ဈိမ)

ကားခဈေးတက်မှုက လိုင်ဇာမြို့တောင်ဘက် ဖြတ်လမ်းတခု ဖြစ်သော လမိုင်းယန် ကားလမ်းကို အသုံးပြုသူ ပိုများလာသည်။ လမိုင်းယန်လမ်းတွင် ကားခမှာ တဦးလျှင် ၈၀၀၀ ကျပ် ဖြစ်သည်။လက်ရှိတွင် KIO ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်ဖွဲ့များ ဝင်ရောက်လာခြင်း မရှိပါက ခုခံတိုက်ခိုက်ခြင်းမပြုရန်နှင့် အစိုးရတပ်များ ဝင်ရောက်လာမည့် တံတားများအား ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်ရန် ဇူလိုင် ၃ ရက်ကတည်းက ရှေ့တန်း တပ်ဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း KIA အရာရှိတဦးက ပြောသည်။ သို့သော် အပစ်အခတ် ရပ်ဆိုင်းခြင်း မဟုတ်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၃ ဦးနှင့် KIO အရာရှိများ လဂျားယန်၌ တွေ့ဆုံပြီးနောက် ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်သည်။ဇူလိုင် ၂ ရက်တွင် မိုးညှင်းမြို့နယ်အတွင်း KIA တပ်ရင်း ၅ နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၁ အကြား တိုက်ပွဲငယ် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ၂ ဦး ကျဆုံးခဲ့သည်ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

တရုတ်-မြန်မာနယ်စပ် မိုင်ဂျာနယ်၊ လိုင်ဇာ စသည့် နယ်စပ်တလျှောက်တွင် စစ်ပြေးဒုက္ခသည် ၁၇ဝဝဝ ခန့်ရှိနေပြီး၊ အများစုမှာ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်နေကြသည်ဟု KIO က ပြောသည်။အလားတူပင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် မြစ်ကြီးနားမြို့ပေါ် တပ်ကုန်း၊ ဇီးလွန်နှင့် ဝိုင်းမော် စသည့် ရပ်ကွက်များရှိ ကက်သလစ်နှင့် နှစ်ခြင်း အသင်းတော်များ၌ အနည်းဆုံး ဒုက္ခသည် ၂ ထောင်ခန့် ရှိနေသည်ဟု နှစ်ခြင်းအသင်းတော် ဆရာတဦးက ပြောသည်။

AAT

မြေအောင်းပွေး

ဂါမဏိ မိုးမခ

“၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။
ရန်ကုန်က အီးဂရက် ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သတင်းဖြစ်ပါတယ် …”

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာ ပင်လယ်ခြားလျက်ရှိတဲ့ နယ်မြေဖြစ်ပါတယ်။
ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘားပြည်ထဲနေမရတဲ့ အတိုက်အခံတွေ၊ ဒီမိုကရေစီသမားတွေ၊ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာ လွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက် ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လည်း အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။
ဒီကနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။
ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက် အဖွဲ့အစည်းပေါင်းစုံထဲကို နှစ်ပေါင်း ၄၀ ကျော် စိမ့်ဝင်ထိုးဖောက်ခဲ့ပြီး အဲဒီ အတိုက်အခံအဖွဲ့တွေကို သတင်းထောက်လှမ်းရုံတင်မက ချုပ်ကိုင်စေခိုင်းနိုင်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။ ဒီအတိုက်အခံအဖွဲ့တွေထဲက အတက်ကြွအလှုပ်ရှားဆုံးအဖွဲ့ရဲ့ စစ်ဆင်ရေးမှူးဟာ အာဏာရှင် ဖီဒယ်ကက်စ်ထရိုဆီကို ၁၀ နှစ်ကျော် လျှို့ဝှက်သတင်းပို့နေခဲ့သလို စီအိုင်အေက သိမ်းသွင်းခဲ့တဲ့ ကျူးဘားအတိုက်အခံ ၄၀-၅၀ လောက်ဟာလည်း တကယ့်လက်တွေ့မှာ ကျူးဘားထောက်လှမ်းရေးလူတွေ ဖြစ်နေခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘားလေတပ် လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က်ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာ ပေါ်လာပြီး သူ့အဖွဲ့ကို စီအိုင်အေ သြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေလုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေးမှန်း အားလုံးသိသွားကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူး ဖလော်ရင်တီနိုအက်စ်ပီလဂါ က ထုတ်ဖော်ပြောခဲ့ပါတယ်။ ၁၉၆၄-၆၅ ခုနှစ်လောက်ကစပြီး စီအိုင်အေ သိမ်းသွင်းခဲ့တဲ့ ကျူးဘားလူမျိုး အများစုကြီးဟာ ကက်စထရိုအတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ နှစ်ဖက်ချွန်တွေ ဖြစ်တယ်လို့လည်း ဖော်ထုတ်ခဲ့ပါတယ်။ ဒီဗိုလ်မှူးပြောတာ မှန်ကြောင်း ၁၉၉၁ ခုမှာ သက်သေအထောက်အထား တွေ့ခဲ့ရပါတယ်။
ကျူးဘားပွေးတွေဟာ အတိုက်အခံ ခေါင်းဆောင်တွေ၊ ဒုတိယတန်း ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက် အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူ လှုပ်ရှားနေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ်ရှားနေကြပါတယ်။ ကျူးဘား ထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိက ကွပ်ကဲကြီးကြပ်နေတာကတော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။
ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ပတ်သက်တဲ့ သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကို အသုံးချပြီး ကျူးဘားထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ် ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလည်း တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေကိုလည်း ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်။
ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်းနစ္စ ကတော့ ၁၉၈၈ ခုမှာ ကျူးဘားသင်္ဘောသားဘဝကနေ အမေရိကန်မှာ ခုန်ချပြီး အမေရိကန်အစိုးရ အလုပ်တခု ရခဲ့ပါတယ်။ သူဟာ အမေရိကန်အစိုးရ အထောက်အပံ့နဲ့ (လွတ်လပ်သော ဥရောပအသံ၊ လွတ်လပ်သော အာရှအသံတို့နဲ့ အဆင့်တူ) မာတီ ရုပ်သံလွှင့်ဌာနကို တည်ထောင်ပြီး ကက်စထရို ဆန့်ကျင်ရေးတွေ ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၉၀ ခု မတ်လမှာ မာတီ ရုပ်သံ စလွှင့်လွှင့်ချင်း ကျူးဘားအစိုးရက ရုပ်သံလှိုင်းကို တိတိကျကျ ထိထိရောက်ရောက် ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘရင်းနစ္စ လျှို့ဝှက်ပေးပို့ထားတဲ့ လှိုင်းနှုန်းနဲ့ နည်းပညာ အချက်အလက်ကြောင့် ချက်ခြင်း အတိအကျဖျက်နိုင်တာ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်ဆုံး အပြင်းထန်ဆုံး ကက်စထရို ဆန့်ကျင်ရေးအဖွဲ့တခုဖြစ်တဲ့ အယ်လ်ဖာ ၆၆ အဖွဲ့ ခေါင်းဆောင် ဖရန်စစ္စကိုအဗီလာအက်ဇ်ကျွီ ဟာ အမေရိကန်အက်ဖ်ဘီအိုင်နဲ့ ကျူးဘားထောက်လှမ်းရေးကို တပြိုင်တည်း လျှို့ဝှက် သတင်းပေးနေသူ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်မှာ ကျူးဘားနိုင်ငံကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုတခု စီစဉ်ခဲ့ပြီး အက်ဖ်ဘီအိုင်ကို သတင်းပို့ အကူညီယူခဲ့သလို ကျူးဘားထောက်လှမ်းရေးကို သတင်းပို့ပြီး အယ်လ်ဖာ ၆၆ တပ်ဖွဲ့ဝင် ရဲဘော် ၇ ယောက်အဖမ်းခံစေခဲ့ပါတယ်။ သူဟာ ကက်စထရိုဆန့်ကျင်ရေး ထိပ်သီးခေါင်းဆောင် ၄၀ ရဲ့ သွားလာလှုပ်ရှား နေထိုင်မှုတွေကိုလည်း ကျူးဘားနိုင်ငံဆီ သတင်းပို့ခဲ့ပါတယ်။
xxx
အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန် ကုန်းမြင့် ခံစစ်ပြင်ဆင်မှု အသေးစိတ်၊ ဆီးရီးယား တပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံ ရသွားခဲ့ပါတယ်။
ဒါတင်မက ဆီးရီးယား တပ်စခန်းတိုင်းမှာ ‘စစ်သားတွေ အရိပ်ရအောင်’ ဆိုပြီး ယူကလစ် ပင်တွေ စိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါတယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှု ပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမယ့် သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။
အဇ္ဇရေးနိုင်ငံက နောက်ထပ် နာမည်ကျော် မြေအောင်းပွေး ဝုလ်ဖ်ဂဲင်းလော့ဇ်ဟာလည်း ဂျာမန်စီးပွားသမားအသွင်ယူပြီး အိဂျစ်နိုင်ငံ ကာကွယ်ရေး အသိုင်းအဝိုင်းထဲ ထိုးဖောက်နိုင်ခဲ့လို့ အိဂျစ်နိုင်ငံရဲ့ ဒုံးပျံစခန်းတွေ၊ အိဂျစ်ကို ကူညီနေတဲ့ ဂျာမန် သိပ္ပံပညာရှင်တွေအကြောင်း သတင်းရယူပြီး အဇ္ဇရေးနိုင်ငံကို ပို့ပေးနိုင်ခဲ့ပါတယ်။
၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန် သြဇာခံ ဗိုလ်ချုပ်ကြီး လွန်နိုးအစိုးရထဲက ဝန်ကြီးတယောက်ဟာ နှစ်ရှည်လများ မြှုပ်ထားတဲ့ ခမာနီ မြေအောင်းပွေး ဖြစ်နေတာ တွေ့ကြရပါတယ်။
ဒီနှစ် ဧပြီလထဲမှာပဲ တောင်ဗီယက်နမ်လေတပ်ထဲမှာ နှစ်နဲ့ချီမြှုပ်ထားတဲ့ ဗီယက်ကောင်းပွေး လေသူရဲ ငုယင်ထန်ထရန်းက အက်ဖ်-၅ တိုက်လေယာဉ်နဲ့ တောင်ဗီယက်နမ် သမတ နန်းတော်ကို ဗုံးကြဲပြီး မြောက် ဗီယက်နမ်နိုင်ငံကို သူ့တိုက်လေယာဉ်နဲ့ ထွက်ပြေးခိုဝင်သွားခဲ့ပါတယ်။
ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို မြေအောင်းပွေးအဖြစ် ရေရှည်မြှုပ်နှံကြတာတွေ ရှိသလို တဖက်အဖွဲ့အစည်းထဲက လူတွေကို ချဉ်းကပ်စည်းရုံးပြီး မြေအောင်းပွေးအဖြစ် သိမ်းသွင်းတာတွေလည်း ကမ္ဘာ့နိုင်ငံရေးမှာ ထုံးစံဖြစ်နေပါတယ်။
ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသားဘဝကတည်းကစပြီး နှစ်ရှည်မွေးမြူခဲ့သလို အမေရိကန်စီအိုင်အေ အဖွဲ့ဝင် အဲလ်ဒရစ်ခ်ျအေးမစ္စကိုလည်း နှစ်နဲ့ချီပြီး ပွေးမွေးနိုင်ခဲ့ပါတယ်။
စီအိုင် အေကလည်း ရုရှားစစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး ပင်ကော့ဗ်စကီး (နောက်ပိုင်း သစ္စာဖောက်မှုနဲ့ကွပ်မျက်ခံရ) နဲ့ ကေဂျီဘီထောက်လှမ်းရေးထိပ်သီး ဗိုလ်ချုပ်ကြီးအိုးလစ်ဂ်ျကာလူဂျင် တို့ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ပင်ကော့ဗ်စကီး ဆီကရတဲ့ အချက်အလက်တွေဟာ ၁၉၆၂ ခု ကျူးဘားဒုံးပျံအရေးအခင်းမှာ အမေရိကန်အတွက် အင်မတန် တန်ဖိုးရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ကာလူဂျင်ကတော့ ဆိုဗီယက် အာဏာရှင်စနစ် ပြိုကွဲသွားတဲ့အခါ ဘောရစ္စယဲ့လ်ဆင် ရဲ့ လက်ရုံးဖြစ်လာခဲ့ပြီး ဗလာဒီမာပူတင် လက်ထက်မှာတော့ အမေရိကန်မှာ ခိုလှုံနေတဲ့ ဗိုလ်ချုပ်ကြီးဟာ မျက်ကွယ်မှာ တရားစီရင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
xxx
ဗမာပြည်က နအဖ စစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက် ဖြစ်ပါတယ်။
ကိုးကန့် ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့တွင်း အာဏာသိမ်းပွဲလုပ်ခိုင်းပြီး နအဖ စစ်တပ်တွေ ဝင်စွက်ခွင့်ရသွားစေပါတယ်။
အလားတူပဲ ရှမ်းပြည် တောင်ပိုင်းက ရလလဖ (ပအိုဝ်းနီ) ငြိမ်းအဖွဲ့ထဲမှာ ခွန်ချစ်မောင်ကို ပွေးမွေးနိုင်ခဲ့ပြီး အဖွဲ့တွင်း အာဏာသိမ်းပွဲတွေ အကွဲအပြဲတွေ ဖန်တီး၊ နောက်ဆုံး ၂၀၀၇ ခုမှာ အကြွင်းမဲ့ လက်နက်ချစေခဲ့ပါတယ်။ ပလောင် ငြိမ်းအဖွဲ့မှာတော့ ဥက္ကဋ္ဌ အိုက်မုန်းကို ပွေးမွေးပြီး ၂၀၀၅ ခုမှာ အကြွင်းမဲ့ လက်နက်ချစေနိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ပီအဲန်အို (ပအိုဝ်းဖြူ) ဥက္ကဋ္ဌ အောင်ခမ်းထီတို့ဟာလည်း နာမယ်ကျော် မြေအောင်းပွေးတွေဖြစ်ပြီး ၁၉၉၅ မှာ ကေအဲန်ယူ နဲ့ ဒီကေဘီအေ ကွဲအောင်၊ ၁၉၉၁ မှာ မဒတ/ဒီအေဘီ ကနေ ပီအဲန်အို သစ္စာဖောက်အောင်နဲ့ ၂၀၁၀ ခုမှာ ပအိုဝ်း ပြည်သူ့စစ် အသွင်ပြောင်းအောင် အချိန်ကိုက် စွမ်းဆောင်ပေးခဲ့ကြပါတယ်။
နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း မြေအောင်းပွေးတွေ မွေးဖို့ ကြိုးပမ်းခဲ့ပါတယ်။
အဖွဲ့ချုပ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေနဲ့ ဗိုလ်မှူးကြီးဟောင်း မောင်လွင်တို့ကို သိမ်းသွင်းခဲ့ပုံတွေ၊ နာမယ်ကြီး မျိုးရိုးနောက်ခံရှိ ပြည်ပရောက်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဒေါ်စု အစ်ကိုရင်း အောင်ဆန်းဦး၊ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ သမီး အေးအေးသန့်၊ သားမက် တင်မြင့်ဦး၊ မြေး သန့်မြင့်ဦး၊ ဖဆပလ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းရဲ့သားနှစ်ယောက် တို့ကို သိမ်းသွင်းခဲ့တာတွေကို ကိုယ်တိုင် ပါဝင်စည်းရုံးခဲ့တဲ့ နအဖ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဖော်ထုတ်ပြခဲ့ပါတယ်။
အေးလွင်ကိုလည်း စောစောပိုင်း ထောင်ကျကတည်းက သိမ်းသွင်းနိုင်ခဲ့တာကို တခြား ထောက်လှမ်းရေးဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက်ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
xxx
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သတင်း ဖြစ်ပါတယ်။
အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲ ရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီ ညီလာခံလာတက်တဲ့ ပြည်တွင်းက ကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင် ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်းခဲ့တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို့ လီဆယ်ပြီး တိုင်းရင်းသားတွေနဲ့ တခြား ကိုယ်စားလှယ်တွေကို ဆိုးဆိုးဝါးဝါး ဖိုးတွမ်တီး ရိုက်ခဲ့တဲ့ ဧရာမ နိုင်ငံရေး ရာဇဝတ်မှုကြီး ကျူးလွန်တာလည်း ကြားခဲ့ရပါ သေးတယ်။
အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာ ပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ အဓိကအကျဆုံး ဗမာ အတိုက်အခံ ခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလည်း မသိဘဲမနေပါဘူး။
ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ ထောက်လှမ်းရေးလို့ပဲ မှတ်ချက်ချစရာရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ နအဖသံရုံးနဲ့ မဲဆောက် တဖက်ကမ်း မြဝတီကို အဲန်စီယူဘီ အစည်းအဝေးသတင်းတွေ အတိအကျ အပြည့်အစုံ နေ့မကူးဘဲ ဝင်နေတာကို ထိုင်းထောက်လှမ်းရေးတွေ သိနေတာတော့ ကြာပါပြီ။ အခုတော့ ၁ နဲ့ ၁ ပေါင်းလိုက်ရင် ၂ ထွက်တာကို ကောက်ချက်ချလို့ ရသွားလောက်ပါပြီ။
မဲဆောက်က အဝေးရောက် အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေ ဖောက်ထွင်းခံရပြီး ကွန်ပျူတာ ဟာ့ဒ်ဒစ်တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏ ခိုးခံရတာတွေဟာလည်း အတွင်းလူ မြေအောင်းပွေးတွေ အကူအညီမပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။
xxx
ထိပ်သီး ပြည်ပရောက် အတိုက်အခံအဖွဲ့ကြီးအတွင်းက မြေအောင်းပွေးအမှုကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့အတွက် စုံစမ်းရေး ကော်မရှင်တခုကို အဲန်စီယူဘီက ဖွဲ့ထားတာတွေ့ရပါတယ်။
ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှုအတွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ အရ ၁၄ နှစ်အထိ ထောင်ဒဏ်တွေ တိတိကျကျ သတ်မှတ်ထားပါတယ်။
ဒီအမှုမျိုးမှာ အာမခံပေးခွင့် မရှိပါဘူး။ (နအဖထိပ်သီး ဗိုလ်ချုပ်ရွှေမန်းရဲ့ မြောက်ကိုးရီးယားခရီးစဉ် သတင်းပေါက်ကြားစေခဲ့တယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကိုတော့ နအဖက ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်ချခဲ့ပါတယ်။)
ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလည်း ရာဇသတ်ကြီးဥပဒေ မမှန်မကန်သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀(က)(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုကို အားပေးမှု ပုဒ်မ ၁၂၃၊ ထိန်ချန်မှု ပုဒ်မ ၁၂၄ တို့နဲ့လည်း ငြိပါတယ်။ အစိုးရ ဌာနတွင်း စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်တဲ့ ဂျီဆာကျူလာ လုပ်ထုံးလုပ်နည်းတွေလဲ ရှိပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ တော်လှန်ရေးသတိ၊ လုံခြုံရေးအသိတွေ အစဉ် နိုးကြားနေဖို့ လိုအပ်ကြောင်းပါ။

Mole (နာမ်)
၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။

(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)

**

တံခွန်တိုင် ပွဲတော်

ဟိန်းသူ Friday, 08 April 2011

စကားသံဝဲ၀ဲနဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ လူကြီးတယောက်က “တက်တက်၊ ကားပေါ်တက်ကြ။ ကပွဲအတွက် အ၀တ်အစားတွေနဲ့ ဗုံတွေ၊ မောင်းတွေ အစုံပါတယ်နော်” လို့ လူငယ်တွေကို အော်ပြောနေတယ်။ အင်္ဂလိပ် လက်ကျန်ခေတ် ခေါင်မိုးဖွင့် ကုန်ကားကြီးတစီးထဲကို ကုန်ပစ္စည်းတွေ ပြည့်နှက်နေအောင်တင်ပြီး အဲဒီကုန်ပစ္စည်းတွေအပေါ်မှာ လူကြီး၊ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးတွေအပြင် ကလေးတွေပါမကျန် ကိုယ်စီ နေရာယူလိုက်ကြတယ်။ ကားပေါ်မှာ လူအယောက် ၃၀ လောက် ကျပ်သိပ်နေအောင် ပူးကပ်ထိုင်နေကြတဲ့အပြင် မတ်တတ်ရပ် တွယ်စီးနေတဲ့သူတွေလည်း တွေ့ရတယ်။

ထိုင်း-မြန်မာ နယ်စပ် ကယန်းရွာမှ ကေဘိုးထိုးတိုင်များ (ဓာတ်ပုံ – ခက်ထန်)*

ဒီကားက လွိုင်ကော်မြို့ကနေ ကယားပြည်နယ်တခုလုံး လူမျိုးစုအားလုံးအတွက် အထိဋ်အထိပ်ဖြစ်တဲ့ ကေထိုးဘိုး ရိုးရာပွဲတော်လို့ ခေါ်ကြတဲ့ တံခွန်တိုင်ပွဲတော်ကျင်းပမယ့် ရှားတောမြို့ကိုသွားမယ့် လိုင်းကားတစီးပါ။ကေထိုးဘိုးပွဲတော် ကျင်းပတဲ့ရက်တွေကတော့ တနှစ်နဲ့ တနှစ် ရက်သီးသန့် သတ်မှတ်ထားတာမရှိပါဘူး။ မတ်လနဲ့ ဧပြီလအတွင်းမှာ “ကြက်ရိုးထိုး” ဗေဒင်မေးပြီး အဆင်ပြေတဲ့ရက်ကို ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သတ်မှတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပဖို့အတွက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်ခဲ့ကြပါတယ်။၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကေဘိုးထိုး အမည်ရှိ စာအုပ်မှာတော့ “ကေထိုးဘိုးနတ် ဆိုသည်မှာ တံခွန်တိုင်နတ် တနည်းအားဖြင့် မိုးကို စောင့်ရှောက်သောနတ် (မိုးရေကို ပေးသောနတ်) ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ နွေရာသီအဆုံး၊ မိုးရာသီအစ ကြားကာလအချိန်မျိုး၌ ကေထိုးဘိုးနတ်ကို ပူဇော်ပသကြရသည်” ဟု ရေးသားထားပါတယ်။နယ်ပေါင်းစုံက ပွဲတော်ကိုလာတဲ့သူတွေ စတည်းချ တည်းခိုနေထိုင်ရေးအတွက် ပွဲတော်ကျင်းပတဲ့ မြို့နယ်မှာရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး စားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားပါတယ်။

နေ့ခင်းဘက်မှာ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပကြပြီး ညဘက်မှာတော့ အကပြိုင်ပွဲတွေ၊ ရိုးရာအ၀တ်အစားနဲ့ အလှပြိုင်ပွဲတွေ၊ ပြဇာတ်တွေ ကပြဖျော်ဖြေကြပါတယ်။ ပွဲဈေးဆိုင်တန်းတွေရှိပြီး ရိုးရာအစားအစာ အရောင်းဆိုင်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ခေါင်ရည်ဆိုင်တွေ ရှိတယ်လို့လည်း ပွဲတော်တက်တဲ့ လူငယ်တွေက ပြောပါတယ်။ ဒီနှစ် ကျင်းပတဲ့ ရှားတောမြို့ဆိုတာကတော့ ကယားပြည်နယ်မှာ မြို့ ၈ မြို့ရှိတဲ့အနက် ပဉ္စမမြောက် လူဦးရေအများဆုံးမြို့လို့ ဆိုနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ခက်ခဲတယ်လို့ အကြောင်းသိ ဒေသခံတွေက ပြောပါတယ်။ပြည်နယ်တခုလုံး ကိုယ်စားပြုပွဲတော်ကြီးဖြစ်တာကြောင့် အစည်းကားဆုံး ပွဲတော်ကြီးတခုဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံခွန်တိုင်ပွဲတော်ကို အရင်နှစ်တွေကလောက် တခြားမြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ မသွားနိုင်ကြဘဲ ဖြစ်နေကြပါတယ်။

“အဲဒီဘက်မှာက လိုင်းကားတွေမရှိတော့ သွားဖို့အရမ်းခက်တယ်။ ကျေးရွာတိုင်းလိုလို သွားနိုင်မယ်မထင်ဘူး။ ကျမတို့ အခု ကျေးရွာအုပ်စုတွင်းမှာတော့ ၈ ရွာပဲသွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုတ်ဆံတွေစုပြီး ကားတစီးငှားပြီး သွားကြတယ်” ဟု ဒီမောဆိုးမြို့မှ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။ရှားတောမြို့ထဲက ကျေးရွာငယ်လေးတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ရှားတောရဲ့ အရှေ့ဘက်အခြမ်းဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်ပြီး နယ်စပ်တလျှောက်မှာလည်း KNPP တပ်ဖွဲ့တွေ စခန်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအေးချမ်းသေးတဲ့ နယ်မြေဖြစ်နေသေးတာကြောင့် ခရီးသွားလာတဲ့သူတွေ နည်းပါးပြီး ကယားပြည်နယ်ရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့် ခရီးသည်တင် လိုင်းကားက တစီး၊ နှစ်စီးလောက်သာ ရှိပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှားတောမှာ ပွဲတော်ကျင်းပဖို့ ရွေးချယ်ရတာကတော့ ဒီနှစ် ရှားတောမြို့မှာ တံခွန်တိုင်ပွဲကျင်းပဖို့ အလှည့်ကျတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒီနှစ် တံခွန်တိုင်ပွဲတော်ဟာ ကယားပြည်နယ်မှာ ၅၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ရှားတောမြို့မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေတဲ့ ကယားတိုင်းရင်းသား ဦးဗျားရယ်က ပြောပါတယ်။ သူက ဒီပွဲတော်ဟာ ကယားတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ပွဲတော် ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

http://www.irrawaddy.org/bur/index.php/articles/2-articles/6160-2011-04-08-10-44-57

**

သတင်းစာကကျေညာသော်လည်း ရခိုင် လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

စနေနေ့၊ ဧပြီလ 09 ရက် 2011 BNI – နိရဉ္စရာ သတင်းဌာန

မြန်မာ အာဏာပိုင်များက ရခိုင်သင်္ကြန်အား လိုင်သာယာ မြို့နယ်တွင်စည်ကားသိုက်မြိုက် စွာ ကျင်းပမည် ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ကျေညာသော်လည်း ရခိုင် လူငယ်များ ပါဝင် ဆင်နွဲကြတော့မည် မဟုတ်ကြောင်း သတင်း ရရှိသည်။ရန်ကုန်နေ ရခိုင်လူငယ် အများစုမှာ အစိုးရ တာဝန်ရှိသူများ၏ လူမျိုးရေးအရ အနိုင်ကျင့်မူကြောင့် သတင်းစာက ရခိုင်သင်္ကြန် စည်ကားစွာ ကျင်းပမည်ဟု ကျေညာသော်လည်း ယခုနှစ် သင်္ကြန်အတွင်း မိမိဒေသသို့ ပြန်သွားခဲ့ကြသည်ဟု ရခိုင်လူငယ် တစ်ဦးက ပြောသည်။

“ ခါတိုင်းနှစ်တွေမှာ ဆိုရင် ရခိုင်လူငယ်တွေက သင်္ကြန် ရန်ကုန်မှာဘဲ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လိုင်သာယာမှာ ဗုံးကွဲပြီးတဲ့နောက် ရိုးရိုးသာမန် လုပ်ကိုင်စားသောက်နေတဲ့ ရခိုင် လူငယ်တွေကို ရဲအဖွဲ့က ခေါ်ယူနှိပ်စက်တာတွေ ရှိတဲ့ အပြင် လူမျိုးရေးအရ စော်ကားတာတွေ ရှိခဲ့ အတွက် ရခိုင်လူငယ်တွေ အကုန်လုံးနီးပါး ရခိုင်ကို ပြန်သွားကြပါတယ်။ ဘယ်သူမှ လည်း လိုင်သာယာမှာ ရေကစားကြမှာ မဟုတ်ပါဘူး” ဟု ပြောသည်။စစ်အစိုးရ သတင်းစာ ကြေးမုံက ဧပြီလ ၆ ရက်နေ့တွင် “ ရခိုင်ရိုးရာသင်္ကြန်ပွဲပျော်ရွှင်စွာဆင်နွဲမည်” ခေါင်းစဉ်ဖြင့် ထူးထူးခြားခြား သတင်းရေးသား ဖေါ်ပြခဲ့သည်။ အဆိုပါ သတင်းတွင် “ ရန်ကုန်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲများ ဆင်နွဲလျှက် ရှိသည် အနက် လိုင်သာယာ မြို့နယ် အောင်မြေသာယာရွှေ စေတီတော် ဘုရားရှေ့ တံတားဖြူ မှတ်တိုင် အနီး ညောင်တုန်းလမ်းမပေါ်တွင် ယဉ်ကျေးမူ မဏ္ဍပ်၊ ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ကာ သတ္တမ အကြိမ်မြှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။ ရိုးရာ အစဉ်အလာမပျက် ကျင်းပသည့် ပွဲများ အနက် အဖိတ်နေ့တွင်နံ့သာသွေးပွဲ နှင့် ဘုရားရေသပ္ပါယ်ပွဲကို ဆင်နွဲကြမည်။ ထို့အပြင် စည်တော်ယိမ်း၊ ဆီမီးခွက်ယိမ်း၊ မင်းလဲ- ရခိုင်၊ ငါလဲ- ရခိုင် သီချင်း၊ တစ်ကိုယ်တော် သီချင်းဆိုပွဲတို့ ပါဝင်မည် ဖြစ်ပါသည်” စသဖြင့် ရေးသား ဖေါ်ပြထားသည်။

“ သူတို့ ကျေညာတာကလည်း တော်တော် ထူးခြားပါတယ်။ ရခိုင်လူငယ်တွေ အကြား အချင်းချင်း မခွဲခြားကြဖို့ ရေးဖွဲ့သီကုံးထားတဲ့ လူငယ်တွေ အကြိုက်များတဲ့ မင်းလဲ-ရခိုင်၊ ငါလဲ -ရခိုင် သီချင်းကိုတောင် ထည့်ပြီး ကျေညာထားပါတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေက အကုန်လုံး ပြန်ကုန်ပါပြီ။ အာဏာပိုင်တွေက ဗုံးကွဲတာနဲ့ မဟုတ်မတရား ရခိုင်တွေကို ခေါ်ယူနှိပ်စက်တာကြောင့် တချို့ လူငယ်တွေဆိုရင် ရူးသွားတာတွေ ရှိတဲ့ အတွက် ရခိုင်အမျိုးသားတွေက အထူး မကျေမနပ် ဖြစ်ပြီးတော့ ကိုယ်ဒေသကို ကိုယ်ပြန်သွားကြပါတယ်။ ကျနော်အမြင်ရတော့ လိုင်သာယာမှာ ရှိတဲ့ သူတွေ အကုန်လုံး ပြန်သွားကြပါတယ်။ အနည်းအကျဉ်းဘဲ ကျန်ခဲ့မယ် တင်ပါတယ်” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ လိုင်သာယာ မြို့နယ် စတိုးဆိုင်အနီး တစ်ခုတွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် အာဏာပိုင်များက ရခိုင်များ ဗုံးခွဲသည်ဟု ဆိုကာ ရခိုင်လူငယ် ၁၀၀ ကျော်နီးပါးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ရပ်ကွက် အတွင်းရှိ ရခိုင်အိမ်များ၊ ရခိုင်ဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက် မွေနှောက် ရှာဖွေမူများ ပြုလုပ်ခဲ့သည်။ စစ်ဆေးစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်မူများ ပြင်းပြင်းထန်ထန်ရှိခဲ့ပြီး လူမျိုးအရေး ဆဲရေး စော်ကားမူများလည်း ရှိခဲ့သည်။ ဗမာများ ဗုံးခွဲက ဗမာများကို ခေါ်ယူနှိပ်စက်ခြင်းး မရှိဘဲ ရခိုင်များဗုံးခွဲက ရခိုင်များကို ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေး မေးမြန်း နှိပ်စက်မူ ပြုလုပ်ခြင်းမှာ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် လူမျိုးရေး အရ စော်ကားသည်ဟု အမြင်ရှိသဖြင့် ရခိုင်အမျိုးသားများက အထူး မကျေမနပ် ဖြစ်ခဲ့ကြသည်။ အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် လိုင်သာယာမြို့နယ်တွင် နေထိုင်သူ ရခိုင်များက မိမိဒေသ ရခိုင်သို့ ပြန်သွားခဲ့ကြသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်တွင် အလျှားပေ ၈၀ နှင့် အနံပေ ၂၇ ပေရှိသော “ပန်းမြတ်သဇင်ရေ လောင်းမဏ္ဍပ်” တစ်ခုကို ဆောက်လုပ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အကြောင်းကို ကျင်းပရေး ကော်မီတီ ဘဏ္ဍာရေးမှူး ဦးစံထွန်းကျော်က နိရဉ္စရာကို ယခုကဲ့သို့ပြောသည်။ “ခါတိုင်းနှစ်တွေထက် စည်စည်ကားကားဖြစ်အောင်ပြုလုပ်မှာပါ။ အဲဒီရေလောင်းမဏ္ဍပ်မှာ သီဆိုဖြေ ဖျော်ဖို့အတွက် နာမည်ကြီးရခိုင်အဆိုတော်များလာရောက်ကြမှာဖြစ်တယ်။ ပီးရင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ခေါ်ထားပြီးတော့ ရေလောင်းပွဲ စနစ်တကျ ဖြစ်အောင်ကြပ်မက်ပေးဖို့ အတွက်စီစဉ်ထားပါတယ်။” ဟု ပြောသည်။

**

ရေဘေးကြောင့် ထိုင်းတောင်ပိုင်း မြန်မာများ အလုပ်ရပ်နား

 ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွင် ၅ ရက်ကြာ မိုးရွာပြီး ရေကြီးသဖြင့် စက်ရုံလုပ်သား မြန်မာဦးရေ ထောင်နှင့်ချီ၍ ရေဘေးသင့်ကာ အလုပ်အကိုင်များ ရပ်နားထားရသည်ဟု သိရသည်။


   ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း Trang ခရိုင်တွင် ဒလဟော မိုးရွာသွန်းမှုကြောင့် ရေကြီးနေစဉ်။ ဓာတ်ပုံ AFP PHOTO/MADAREE TOHLALA
 မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ရွာခဲ့သည့် မိုးကြောင့် စက်ရုံတချို့ နစ်မြုပ်သည်အထိပင် ဖြစ်ခဲ့ရသလို၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ ပန်းရန် လုပ်ငန်းများလည်း  ရပ်နားနေကြရခြင်း ဖြစ်သည်။“စက်ရုံလည်ပတ်ဖို့ နေနေသာသာ ကျနော်တို့အခန်းကိုတောင် ပြန်လို့မရသေးဘူး။ ပြန်သွားတဲ့သူတွေက အဝေးကို ရှောင်သွားကြတာ။ ရေနည်းနည်းကျသွားတဲ့အခါ သွားလို့ရတဲ့ နေရာကို ထွက်သွားကြတာ။ ခေါင်မိုးလောက်ပဲ ပေါ်တာဆိုတော့ ကိုယ့်အလုပ်သမား တန်းလျားတွေကိုတော့ သွားလို့မရသေးဘူး” ဟု ရာဘာတုံးစက်ရုံ အလုပ်သမားတဦးက မဇ္ဈိမကို ပြောသည်။စက်ရုံပိုင်ရှင်များက အလုပ်သမားများကို ရာဘာခြံ၊ ဆီအုန်းခြံ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ခိုလှုံရန် နေရာချပေးထားရာ အချို့ဘုန်းကြီးကျောင်းများတွင် ထောင်နှင့်ချီ၍ ခိုလှုံနေခဲ့ကြရသည်။
“အခု ကျနော်တို့ရောက်နေတာက ပင်လယ်အစားအစာ နိုင်ငံခြားပို့တဲ့ စက်ရုံပေါ့။ မြန်မာအလုပ်သမား ၅၀၀ ကျော် ရှိတာ။ ဒီစက်ရုံက ရာခိုင်နှုန်းပြည့်ကြီးကို မြုပ်သွားတာ၊ ခေါင်မိုးက အစ။ ခုတော့ ရေပြန်ကျလို့ တဝက်ပေါ်လာပေမယ့် လူတွေတော့ ပြန်နေလို့ မရဘူးပေါ့” ဟု သွားရောက်ကူညီနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED မှ ဒါရိုက်တာ ဦးထူးချစ်က မဇ္ဈိမကို ပြောသည်။ ထိုဒေသအတွင်း ရှိနေသည့် စက်ရုံနှင့် လုပ်ငန်းများတွင် ရေဘေးဒဏ်သင့် မြန်မာလုပ်သား တသောင်းကျော် ရှိမည်ဟု သူကဆိုသည်။
“သစ်စက်တွေရော ကျနော်တို့ သွားလို့မရတဲ့ နေရာတွေ အများကြီးပဲ။ စက်ရုံပေါင်း ဘယ်နှရုံ၊ အကြီးအသေးတွေက ကျနော်တို့ အတိအကျတော့ မသိဘူး။ ရာဘာခြံတွေ၊ ပန်းရန်ဆိုက်တွေ၊ ဆီအုန်းခြံတွေ၊ ပုဇွန်၊ ငါး၊ မိချောင်း မွေးမြူရေး လုပ်ငန်းတွေတိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ ရှိတယ်။ အဲဒါအပေါ်မှာ အခြေခံပြီးတော့ မြန်မာလုပ်သားဦးရေ ခန့်မှန်းကြည့်ရတာပါ။ ရေမလွှမ်းမိုးခင်တုန်းက ကျနော်တို့အဖွဲ့က အဲဒီမှာ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေဖွင့်ဖို့ သွားဖူးတာတွေ ရှိတယ်။ အဲဒီမှာ မြန်မာလုပ်သား ဘယ်လောက်ရှိတယ်ဆိုတာ နဂိုကတည်းက ခန့်မှန်းထားတာပါ” ဟု သူက ပြောဆိုသည်။ထို့အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများက အဆိုပါ ဆူလတ်ခရိုင်တွင် မြန်မာအလုပ်သမား တသိန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်ဟုလည်း ဆိုသည်။
FED မှ ကိုထွန်းနိုင်ကလည်း “ခေါင်မိုးပဲ မြင်ရတဲ့ နေရာတွေ အများကြီးပါပဲခင်ဗျ။ ပတ်ဝန်းကျင်က စက်ရုံတွေ အကုန်ရေမြုပ်နေတော့ လောလောဆယ် ကုန်းမြင့်ပေါ်မှာ စက်ရုံတရုံရှိတယ်။ အဲဒီမှာ အားလုံး စုပြီး လာနေကြတယ်ခင်ဗျ။ အဲဒီစက်ရုံကပဲ နေဖို့ အကူအညီ ပေးထားတယ်” ဟု ပြောသည်။ရေလွှမ်းဒေသရှိ စက်ရုံများတွင် ထိုင်းလုပ်သား အနည်းငယ် ရှိသော်လည်း သူတို့အိမ်များဆီ ပြန်ကုန်ကြပြီဖြစ်သည်။ထိုင်းအစိုးရအနေဖြင့် စတင်ရေကြီးချိန်က မြန်မာအလုပ်သမားများအတွက် ထမင်းထုပ်များအား ရဟတ်ယာဉ် များဖြင့် လိုက်လံဝေငှပေးခဲ့သလို၊ ထိုင်းစစ်တပ်ကလည်း အမြန်ရေယာဉ်များဖြင့် လိုက်လံကူညီပေးကာ အလုပ်ရှင်များကပါ ၎င်းတို့အလုပ်သမားများအတွက် ကူညီမှုများ ရှိခဲ့သည်။
FED ကလည်း ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးသေတ္တာဗူး စသည်တို့ ထောက်ပံ့နေပြီး ကျန်းမာရေး စောင့်ရှောက်မှုပါ ဆောင်ရွက်ပေး နေသည်ဟု ဆိုသည်။စက်ရုံများတွင် လုပ်အားခငွေ ပေးချေသည့်စနစ်မှာ စက်ရုံတခုနှင့်တခု မတူကြပေ။ အချို့သည် လစဉ်၊ အချို့မှာ ၁၅ ရက်တခါ ရှင်းပေးလေ့ရှိရာ အလုပ်ပျက်ခဲ့ရသည့် နေ့ရက်များအတွက် အလုပ်ရှင်များက မည်သို့ဖြေရှင်းပေးမည်မှာ မရေရာသေးပေ။
“ထုတ်မပေးရသေးတဲ့ လစာကိစ္စကိုတော့ သူဋ္ဌေးတွေက အလုပ်ပြန်ဆင်းတဲ့အခါကျမှ အဲဒီကိစ္စ ပြောမယ်တဲ့” ဟု မြန်မာအလုပ်သမား တဦးက မဇ္ဈိမကို ပြောပြသည်။  သူက ဆက်ပြီး “ကျနော်တို့ စက်ရုံဆို တလလောက်တော့ စောင့်ရဦးမယ်။ သူဋ္ဌေးနဲ့တော့ အဆက်အသွယ်ရှိပါတယ်။ လာခေါ်လို့ရတဲ့အချိန် သူတို့ လာခေါ်မှာပါ။ ရေပြန်ကျသွားရင်တောင် စက်ရုံသန့်ရှင်းရေးတို့၊ ပစ္စည်းတွေ ပြန်လုပ်ရမှာတို့က ရှိသေးတယ်။ အလုပ်ကတော့ ပြန်ရမှာပါ။ လစာလည်း ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။အအေးရိုက်စက်ရုံတွင် ၃ နှစ်ကျော် လုပ်ခဲ့သည့် အလုပ်သမားတဦးက “ကျနော်တို့စက်ရုံမှာ ပိုက်ဆံရှင်းတာ မှန်တယ်။ အခုလို ပျက်ရက်တွေအတွက်လည်း သူဋ္ဌေးက ပေးမယ်လို့တော့ ပြောသံကြားရတယ်။ ဟုတ်မဟုတ် မသိသေးဘူးပေါ့။ သူဋ္ဌေးက အဝေးမှာနေတော့ သူနဲ့ တိုက်ရိုက် အဆက်အသွယ် မရဘူးပေါ့။ ကြားထဲက ကိုယ်စားလှယ်လောက်ပဲ ပြောလို့ရပါတယ်”ဟု ဆိုသည်။ဆူလတ်ခရိုင်တွင် သစ်စက်၊ ပရိဘောဂစက်ရုံ၊ ပင်လယ်အသားဗူးစက်ရုံ၊ အအေးခန်းစက်ရုံ၊ ရာဘာတုံးစက်ရုံများ တည်ရှိသည်။ ထိုဒေသအတွင်း လွန်ခဲ့သော ၂ နှစ်ခန့်က သာမန်ရေကြီးမှုတခု ဖြစ်ခဲ့သော်လည်း ယခုလို မဆိုးဝါးခဲ့ပေ။
“လွန်ခဲ့တဲ့ ၃ လလောက်ကလည်း တော်တော်ကြီးဖူးတယ်။ လူခါးစောင်းကျော်ကျော်၊ အိမ်ပြူတင်းပေါက်လောက်ထိ ရေတက်ဖူးတယ်။ အဲဒီတုန်းက ၆-၇ ရက်လောက်ပဲ အလုပ်ပျက်ခဲ့တယ်” ဟု အအေးရိုက်စက်ရုံတခုတွင် ၃ နှစ်ကျော် လုပ်ခဲ့သည့် အလုပ်သမားတဦးက ပြောပြသည်။ ယခုတကြိမ်တွင် လုပ်ငန်းခွင် ပြန်ဝင်ရန် နောက်ထပ် ၁၀ ရက် အနည်းဆုံး ကြာမြင့်ဦးမည်ဟု ဆိုသည်။ ထိုင်းတောင်ပိုင်း ချွန်ဖွန်း၊ ထရန်၊ ဆောင်ခလ၊ ဖန်င၊ ဆူရတ်ဌာနီ၊ နခွန်ဆီထာမာရတ်၊ ကရာဘီနှင့် ဖတ်ထာလုံ ခရိုင်များတွင် မတ်လ ၂၄ ရက်နေ့ ကတည်းက ရွာသွန်းသော မိုးများကြောင့် ရေကြီးမှုများနှင့် ရွှံ့ပြိုမှုများ ဖြစ်ပေါ်ကာ ဧပြီလ ၅ ရက်နေ့အထိ လူ ၅၃ ဦး သေဆုံးပြီး လူပေါင်း ၃ သောင်းကျော်မှာ ရောဂါဘယများ ခံစားနေကြရကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ ထိုင်းနိုင်ငံရှိ UPI သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြလိုက်သည်။

**

တိုကျိုမြို့မှာ ပေးဝေနေတဲ့ ပိုက်လိုင်းရေ ရေဒီယို သတ္တိကြွဒပ် ပါဝင်မှုအဆင့် ကျဆင်းသွားပြီ ..

၂၃ရက်နေ့က ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုအဆင့်၂၁၀ becquerel (Bq) ရှိရာမှ ၂၄ရက်နေ့ တိုင်းတာချက်အရ ၇၉becquerel (Bq) သို့ကျဆင်းသွားပြီဖြစ်တဲ့ အတွက် ကလေးငယ်များအတွက် အန္တရာယ် ရှိတဲ့ အဆင့်မှ ကျဆင်းသွားပြီလို့ ဆိုပါတယ်..

မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုကျိုမြို့တော်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကနေ ကလေးငယ်လေးတွေရှိတဲ့ အိမ်ထောင်စုတွေကို mineral water ရေသန့်ဘူး 2 လီတာ ၂ ဘူးစီဝေပေးတာ တွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

တိုကျိုမြို့ ရှင်းဂျုကုမြို့နယ်၊ စိုင်းတမာ့မြို့၊ ချီးဘားခရိုင် အိချိဟာရာ့မြို့များတွင် ရေဒီယိုဓာတ်သတ္တိကြွမှု ဟာ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ တနာရီကြာတိုင်းတာမှုတွေအရ ပုံမှန်ထက်မြင့်မားနေတယ်ဆိုတာကို အဲန်အိပ်ခ်ျကေတီဗွီ မွန်းတည့် ၁၂း၀၀ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။

ဂျပန်က ညူကလီယားအကျပ်အတည်းကြောင့် ဟင်းသီးဟင်းရွက်တွေမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုတွေ ရှိနေတာကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသထွက် ဟင်းသီးဟင်းရွက်တွေကို ဟောင်ကောင်က တင်သွင်းတော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ မီယားဂိခရိုင် ဆဲန်းဒိုင်မြို့ကိုသွားတဲ့ အဝေးပြေး လမ်းမကြီးလည်း ပြန်ဖွင့်ပြီဖြစ်တဲ့အတွက် သာမန်ခရီးသွား ကားများလည်း ပြေးဆွဲနေပြီလို့ သိရပါတယ်။

ဒီနေ့မနက် စိုင်းတမာ့ခရိုင် ကာဝါ့ဂုချိမြို့နဲ့ ချီးဘားခရိုင် မတ်ဆုဒိုးမြို့မှာရှိတဲ့ ရေသန့်စင်စက်ရုံတွေက ရေတွေမှာ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပါဝင်မှုအဆင့်ဟာ လျော့ကျလာနေတယ်လို့ သိရပါတယ်။ ဒီအဆင့် ဟာ သောက်သုံးရင် ကျန်းမာရေး ထိခိုက်ဖို့ရာမရှိဘူး လို့ မြို့အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။ ညူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာ ဖူကူရှီးမားခရိုင်မှာရှိတဲ့ ရေသန့်စင်စက် ရုံတွေမှာ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်း ပါဝင်မှု အဆင့်မြင့်မားနေတာကို တွေ့ရတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ သိရတဲ့သတင်းအရ တိုကျိုမြို့ ခတ်ဆုရှီကာ့မြို့နယ်ရှိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွမှု အဆင့်ကျဆင်းသွားပြီ ဖြစ်ကြောင်းနဲ့ ကလေးငယ်များကို ပိုက်လိုင်းကလာတဲ့ရေ တိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်ထက် နိမ့်သွားပြီဖြစ်ပါတယ်။ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိတဦးက ရေသောက်သုံးမှုနှင့် ပတ်သက်ပြီး သတိပေး တားမြစ်ချက်တွေကို တိုကျိုမြို့တော်နယ်နိမိတ် အတွင်း ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ရေသန့်စင်စက်ရုံမှာ စမ်းသပ်စစ်ဆေးမှုတွေကို ဆက်လုပ် ဦးမယ်လို့ ဆိုပါတယ်။

တိုကျိုမှာ ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေ ပါဝင်နေတဲ့ပိုက်လိုင်းရေကို သောက်သုံးမှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထွက်ပေါ်လာတော့ တိုကျိုရှိမြန်မာတွေကြားမှာ အတော်လေးကို စိုးရိမ်သွားခဲ့ကြပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ရေကိုကြိုချက် သောက် ရင်ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ရေကြိုချက်သောက်ရင် အန္တရာယ်မရှိဘူးဆိုတာမဟုတ်ပါဘူးလို့ ရှင်းလင်းမှုတွေပြုခဲ့ပါတယ်။

ဒီအတောအတွင်း တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီရဲ့ဝန်ထမ်း ၃ ဦး ညူကလီယားဓာတ်ရောင်ခြည်သင့်ခံရ တယ်လို့ ညူကလီယား ဘေးကင်းရေးဆိုင်ရာအေဂျင်စီက ကြာသပတေးနေ့ ၁၅း၀၀ နာရီမှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီဝန်ထမ်း ၃ ဦးဟာ နံပတ် ၃ ဓာတ်ပေါင်းဖို အနီးမှာ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်ပါတယ်။

ကျော်ကျော်စိုး

ဝး၄၅ နာရီ

မတ်လ ၂၅ ရက်။ ၂၀၁၁ ခုနှစ်

http://www.demowaiyan.co.cc/2011/03/blog-post_5939.html

**

မီဒီယာသို့ ပေါက်ကြားသည့် အမေး/အဆိုများ ပယ်ချခံရ

ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် မျိုးသန့် သတင်း – မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်တက် အမတ်များထံမှ စုံစမ်းသိရှိရသည်။

“ဦးခင်အောင်မြင့် ပြောတာက တချို့ဟာတွေက ကောင်းတယ်တဲ့၊ သင့်တော်တဲ့ အဆိုတွေ ဖြစ်တယ်တဲ့။ တချို့ဟာတွေက လွှတ်တော်မှာ တင်သွင်းဆွေးနွေးမှုတွေ မလုပ်ရသေးဘဲနဲ့ အပြင်မီဒီယာတွေကို ရောက်နေတဲ့အတွက် အဲဒါတွေကို ဖြုတ်လိုက်တယ်တဲ့။ ဘယ်ဟာ ပယ်ဖျက်တယ်တော့ မပြောဘူး” ဟု လွှတ်တော်အမတ်တဦးက မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ ဦးခင်အောင်မြင့်သည် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ အကြီးအကဲဟောင်းတဦးလည်း ဖြစ်သည်။ သူသည် ဇန်နဝါရီလ ၃၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း လွှတ်တော်အတွင်း သူနိုင်ကိုယ်နိုင် စကားနိုင်လုပြောခြင်းမျိုး မဖြစ်စေရန် အမတ်များကို မှာကြားခဲ့သေးသည်။

လွှတ်တော်တက် အမတ်များအနေဖြင့် လွှတ်တော်တွင်း ဆွေးနွေးမည့် အဆိုများနှင့် မေးခွန်းများကို ၁ဝ ရက်ကြိုတင်၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှတဆင့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့ခဲ့ရသည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ စိစစ်ပြီးဖြစ်သည့် မေးခွန်းများနှင့် အဆိုများကို မည်သည့်နေ့တွင် ဆွေးနွေးရန်ရှိကြောင်း တရက်ကြိုတင်ကာ အမတ်များထံ လွှတ်တော်ရုံးက ပေးပို့ထားလေ့ရှိပြီး နောက်နေ့တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အခန်း ၁၇ (ဃ) တွင် လွှတ်တော် ဥက္ကဋ္ဌများက ဆွေးနွေးရန် ခွင့်ပြုချက် မရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရဟု ဖော်ပြထားသည်။

အချို့အဆိုများ ပယ်ဖျက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည့်အပြင်၊ ထိုသို့မဖြစ်ရေး ထိန်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့သေးသည်ဟု အမျိုးသား လွှတ်တော်တက် အမတ်တဦးကလည်း ပြောသည်။

အမျိုးသားလွှတ်တော်တွင် အဆိုများ ပယ်ဖျက်ကြောင်း ပြောခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် ထိုသို့သော ဖြစ်ရပ်မျိုး မရှိဘဲ အဆိုများ ဆွေးနွေးခွင့်ရခဲ့သည်ဟု ပြည်သူ့လွှတ်တော်တက် အမတ်တဦးက ဆိုသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ဖွံ့အမတ်၊ လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး၏ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရန် အဆိုတင်ခဲ့ပြီး၊ ၎င်းအဆိုကို သောကြာနေ့ အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းစေရန် ရွေးကောက်ပွဲဝင် ပါတီများ လိုလားနေကြပြီး ယခု ဦးဋ္ဌေးဦး၏ အဆိုသည် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုမဟုတ်ဘဲ ကန့်ကွက်သည့် အဆိုဖြစ်နေခြင်းကြောင့် သောကြာနေ့လွှတ်တော်တွင် သူ့အနေဖြင့် ပါဝင်ဆွေးနွေးမည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ကျနော်တို့ပါတီက စီးပွားရေးပိတ်ဆို့တာကို ရုပ်သိမ်းပေးဖို့အဆို ဆိုရင်တော့ ကျနော်က ထောက်ခံတယ်။ အခုဟာက သူတို့ဟာ ဘာကြောင့်ပိတ်ဆို့တာလဲ၊ ပိတ်ဆို့တဲ့ အကြောင်းရင်းတွေရှိပါတယ်။ အဲဒီပိတ်ဆို့တဲ့ အကြောင်းရင်းတွေကို တဖက်က လိုက်လျောမှ တဖက်က လိုက်လျောလာမှာ ဖြစ်တဲ့အတွက် နှစ်ဖက်လုံး ကိစ္စဖြစ်တယ်။ အဲဒီတော့ ပိတ်ဆို့တဲ့ ဘက်ကိုကော၊ ပိတ်ဆို့ခံရတဲ့ ဘက်ကိုကော နှစ်ဖက်လုံးကို တောင်းဆိုရမှာ ဖြစ်တယ်။ အဲဒီလို ဆွေးနွေးဖို့ အခုဟာက ရုပ်သိမ်းပေးဖို့ တောင်းဆိုတာလည်း မဟုတ်ဘူး၊ ကန့်ကွက်ပါတယ်ဆိုတော့ ကျနော်တို့က ဆွေးနွေးစရာကို မရှိတော့ဘူး” ဟု သူက ပြောသည်။

ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဒေါက်တာမြတ်ဥာဏစိုးက မြန်မာနိုင်ငံတွင် စီးပွားရေးကို အထောက်အကူပြုမည့် အမျိုးသားစီးပွားရေး ကော်မရှင်တခု ဖွဲ့စည်းရန် အဆိုကို တင်သွင်းခဲ့ရာ ထောက်ခံမည်သူ မရှိဟု လွှတ်တော်အမတ်များက ပြောသည်။

ဒေါက်တာမြတ်ဥာဏစိုး၏ ဒုတိယအဆိုဖြစ်သည့် စီးပွားရေး အထူးဇုန်များ ထပ်မံတိုးချဲ့ရန် အဆိုသည်လည်း ထောက်ခံမဲ ၁၃၉ မဲ ကန့်ကွက်မဲ ၄ဝဝ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ကြံ့ဖွံ့အမတ်ဖြစ်သူ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ ကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ကြေးပေးရန် ရှိ/မရှိ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက တနှစ်လျှင် ကျောင်းသား ၁၅ဝဝ ကျော်ကို ပညာသင်စရိတ် ပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာများ ထုတ်လုပ်မှု အရည်အသွေးမြင့်မားရေး မေးခွန်းကို လယ်/ဆည်ဝန်ကြီးက ဓာတ်မြေသြဇာများ အတုထုတ်လုပ်မှုများ ရှိပါက အရေးယူသွားမည်ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သည် ယခုလ ၂၈-၂၉ ရက်နေ့များအထိ ကျင်းပဖွယ်ရှိပြီး၊ ၃ဝ ရက်နေ့တွင် ဝန်ကြီးများ နေရာချထားရန် ရှိနိုင်သည်ဟု အမတ်များက ခန့်မှန်းကြသည်။

Posted by Zaw Zaw (BDC)

SSPP/SSA အား နအဖ ထိုးစစ်ဆင် တိုက်ခိုက်စဉ် ဒေသခံလူထု ပစ္စည်းလုယက် ရိုက်နှက်ခံရ

ကြာသပတေးနေ့၊ မတ်လ 24 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း – သျှမ်းသံတော်ဆင့်သတင်း

ဖေဖော်ဝါရီ ၂၂ ရက် မိုင်းရှူးရတနာမြေ ဒေသခံများ ခရီးသွားလာမှု ကိုနအဖအာဏာပိုင်များတင်းကြပ် လိုက်ပြီး နောက်ပိုင်း မတ်ခ်ျ ၁၃ ရက်မှစ၍ သျှမ်းပြည် တပ်မတော် SSPP/SSA အား တပ်ရင်းပေါင်း ၁၉ရင်း ဖြင့် စစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် မိုင်းရှူးအပါအဝင် ကျေးသီး၊ တန့်ယန်း၊ လားရှိုး ၊ မိုင်းရယ်၊ မိုင်းနောင်မြို့ နယ်ကျေးလက်ပြည်သူ များ စစ်ဘေးစစ်ဒဏ်ရင်ဆိုင်ခဲ့ ကြရသည်

တချိန်ထဲမှာပင် စစ်ပွဲမဖြစ်သော ဒေသခံ ကျေးရွာရွာသူ၊ သားများလည်း လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက် ခံနေရကြောင်း သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ

ကျေးသီးမြို့နယ် ဖတ်နမ်အုပ်စု နမ့်ပုတ်းရွာ၌ စခန်းချသည့် လင်းခေးအခြေစိုက်တပ်တတပ်မှ ဗိုလ်ကြီးမင်းမင်း လှိုင် ဦးဆောင်သည့် စစ်ကြောင်းတကြောင်းက ယခုလ ၉ ရက်နေ့က နမ့်ပုတ်းရွာသားပိုင် နွားမတစ်ကောင် (ကာလတန်ဖိုး ကျပ် ၅၀၀၀၀၀) ကို ထောင်ဖမ်းကာ အမဲပေါ်စားခဲ့သည်။ ၁၄ ရက်တွင်မူ ဖတ်နမ်ရွာသားတဦး၏ နွားထီး တကောင် (ကာလတန်ဖိုးကျပ် ၆၀၀၀၀၀) ကိုလည်း ၎င်းတပ်ကပင် အလားတူ ဖမ်းဆီးသတ်ဖြတ်စား သောက် သည်။

မတ်ခ်ျ ၁၅ ရက် အဆိုပါတပ်ဖွဲ့ပင် ဝမ့်ဝပ်ရွာသူကြီး လုံးစိုင်း (အသက် ၅၀ )အား ၎င်းတို့တပ်စခန်းသို့ လူလွှတ်ခေါ် ယူခဲ့၏။ လုံးစိုင်းရောက်လာသည်နှင့်စကားတခွန်းမျှမပြောဘဲ လုံးစိုင်းအား ရိုက်နှက်ကန်ကျောက်ပြီးနောက် “အချိန်မီ ရောက်မလာသဖြင့် ဒဏ်ခတ်သည်” ဟုဆို၏။ ထိုသို့ရိုက်နှက်ပြီး နောက်ပိုင်း မင်းမင်းလှိုင်၏ တပည့်များက လုံးစိုင်းအိမ်သို့ သွားကာ မိသားစုအား “ ငါတို့ ဗိုလ်ကြီးက စိတ်မြန်လက်မြန် ဒေါသကြီးတယ် ။ စိတ်မရှိကြပါနဲ့” ဟု ပြောဆိုခဲ့သည်။

တန့်ယန်းမြို့နယ် မိုင်းကောင်ဝ်တိုက်နယ် နမ့်လောင်းရွာ

သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွါးပြီး နမ့်လောင်ဝ်းအား နအဖတပ်ဝင်ရောက်ထိန်းချုပ်ခဲ့ သည့်မတ်ခ်ျလ ၁၆ ရက် နောက်ပိုင်း နအဖတပ် ခလရ ၃၃ နှင့် ၂၉၁ တို့က နမ့်လောင်ဝ်းဒေသခံ ၁၀၀ ကျော် ဖမ်းဆီးကာ တပ်စခန်း အတွင်းချုပ်နှောင်ထားသည်ဟုသိရသည်။ အဖမ်းခံရသည့် ဒေသခံအများစုမှာရှောင်ပြေးရခက်သော အမျိုးသမီး၊ ကလေး ငယ်နှင့် သက်ကြီးရွယ်အိုများသာဖြစ်သည်ဟုဆိုသည်။ အလားတူ မိုင်းကောင်ဝ်လူငယ် ၂၀-၃၀ ယောက်အားလည်း အဆိုပါတပ် ၂ တပ်က ဖမ်းဆီးကာ နမ့်လောင်းဒေသခံတဦး၏ နေအိမ်၌ချုပ်ထား၏။ နအဖ စစ်တပ်၏ ဖမ်းဆီးထိန်းချုပ်မှုကိုကြောက် သော ရွာသား ၆၀၀ ထက်မနဲ တောတောင်ထဲ အစာငတ်ပြတ်ခံ ပုန်းခိုနေကြရသည်။ အဆိုးဆုံးမှာ မိုင်းကောင် အုပ်စု စစ်ပြေးဒုက္ခသည်များ၏ အိမ်သုံးပစ္စည်းများမွှေနှောက် ရှာဖွေယူငင်ကြသည့်အပြင် ဒေသခံများ၏ ဆိုင် ကယ်အစီး ၅၀ သိမ်းယူကာ တန့်ယန်းရှိ ၎င်းတို့၏မိသားစုများ ထံပို့ပေးကြကြောင်းတန့်ယန်း တပ် မိသားစုထံမှ သိရသည်။

ကျေးသီးမြို့နယ် မက်မန်းရွာ၊ ပါတက်ရွာ

သျှမ်းပြည်တောင်ပိုင်း လင်းခေးအခြေစိုက် ခမရ ၅၇၈ မှ ဗိုလ်မှူးအေးအောင်ဦးဆောင်သော အင်အား ၆၇ ယောက်ပါအဖွဲ့ ယခုလ ၁၈ ရက်က ကျေးသီးမြို့နယ် မက်မန်းရွာသားများထံ အရက်၊ ကြက်၊ စားဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ (ကာလတန်ဖိုးကျပ် ၆ သိန်းကျော်) ဆင့်ဆိုယူငင်သွားကြသည်။

အဆိုပါအဖွဲ့ပင် ၁၉ ရက် ၌ ကျေးသီးမြို့နယ် ပါတက်ရွာသား လုံးစိုင်းပီး ၏ နွားလှည်း ကိုချောဆွဲကာ လုံးစိုင်းပီး (အသက် ၅၀ )အားသွေးအန်သည်အထိ ရိုက်နှက်ကန်ကျောက်ခဲ့ ၏။ ထိုနေ့၌ပင် ပါတက်ရွာသား စိုင်းအောင် (အသက် ၂၅ နှစ်)ကိုလည်း သျှမ်းသူပုန်သတင်း မပြောရကောင်းလားဟုဆိုကာ သေနတ်ဒင်ဖြင့်ထု၍ နောင်အခါ သျှမ်းသူပုန် အကြောင်းမေးလျင် မသိဟုမပြောရ ဟူ၍ ခြိမ်းခြောက်ခဲ့သေးသည်။

ကျေးလက်လူထုအားထိုသို့ရိုက်နှက်အနိုင်ကျင့်ပြီးသည်နှင့် ပါတက်ရွာတွင်းဝင်ရောက်မွေနောက်၍ အရက်(၅၀ ပုလင်း)၊ ဆီ(၂၀ ပုလင်း)၊ ဒန်အိုး (၅ လုံး) ဟင်းချိုမှုန့် (၁၀ ထုတ်) နှင့် ဘုရားဆင်းထုတော် ၃ ဆူယူသွားသည်ဟု သိရသည်။

Posted by Zaw Zaw (BDC)

ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ဟု လျှပ်စစ်ဝန်ကြီးပြော

(ပြောယုံပဲပြောတာနော်… ဒါဘဲ)

ဗုဒ္ဓဟူးနေ့၊ မတ်လ 23 ရက် 2011 – ခိုနူမ်းထုန် သတင်းဌာန

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

မတ်လ ၂၁ ရက်နေ့က ကျင်းပသည့် (၁၂)ရက်နေ့မြောက် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချင်းတိုးတက်ရေး ပါတီမှ ဖလမ်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်တော် ဦးဇုန်လှယ်ထန်မှ ချင်းပြည်နယ်တွင် မဟာဓာတ်အားလိုင်း (National Power Grid) သွန်တန်း ဖြန့်ဝေပေးရေး အဆိုနဲ့ပတ်သက်ပြီး ၀န်ကြီးဦးခင်မောင်မြင့် က ပြန်လည် ဖြေကြားရာမှာ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ဝန်ကြီးက ချင်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်းမရှိသေးသော်လည်း ပြည်နယ်၏မြို့တော် ဟားခါး၊ ခရိုင်ရုံးစိုက်ရာမြို့များဖြစ်ကြသော ဖလမ်းနှင့်မင်းတပ်အပါအ၀င် တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ကျီခါး၊ရိခေါဒါရ်၊ မတူပီ၊ကန်ပက်လက်၊ရေဇွာ၊ပလက်ဝ စသည့် (၁၂)မြို့တို့ကို ရေးအားလျှပ်စစ်စနစ် နှင့် ဒီဇယ်ဓာတ်အားပေးစနစ်များဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးလျက် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၈)ခု စုစုပေါင်းတပ်ဆင်အင်အား (၃၀၁၃) ကီလိုဝပ် နှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံ(၁၉)လုံး စုစုပေါင်း(၁၁၁၉) ကီလိုဝပ်ရှိသည်ဟုဝန်ကြီးကပြောသည်။ထို့ကြောင့် ချင်းပြည်နယ်၏မြို့ပေါင်း (၈)မြို့နှင့်ရေအားလျှပ်စစ်တပ်ဆင်သည့် ကျေးရွာ ၂၄ ရွာတွင် တစ်နှစ်လျှင် ဇူလိုင်လမှဇန်န၀ါရီလအထိ (၇)လ၌ တရက်လျှင် (၂၄)နာရီလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ကြောင်း၊ ကျန် (၅)လတွင် ရေးနည်းသွားသည့်အတွက်ကြောင့် ဒီဇယ်ဓာတ်အားပေးစနစ်ဖြင့် တနေ့လျှင် (၆)နာရီ လျှပ်စစ်မီးရရှိကြကြောင်း ၀န်ကြီးကပြောသည်။ယခုကဲ့သို့ ချင်းပြည်နယ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ တစ်နှစ်လျင် ကျပ်ငွေ ၁၂၈.၄ သန်းအရှုံးခံပြီး လျှပ်စစ်ဓာတ် အားဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု ၀န်ကြီးကပြောသည်။အမှတ်(၂)လျှပ်စစ်စွမ်းအင်ဝန်ကြီး ၀န်ကြီးဦးခင်မောင်မြင့်က ချင်းပြည်နယ်၏မြို့ကြီး (၈)မြို့တွင် ဇူလိုင် မှ ဇန်န၀ါရီ (၇)အထိ လျှပ်စစ်မီးတစ်နေ့လျှင် ၂၄ နာရီဖြန့်ဝေးပေးနေ သည့်ဟု ပြောဆိုနေသော်လည်း ဒေသခံချင်းပြည်သူများက မိမိ တို့အနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိနိုင်ခြင်းမရှိကြောင်းပြောဆိုနေကြသည်။တီးတိန်မြို့မှအမည်မဖော်လိုသူဒေသခံတဦးကတော့ တီးတိန်မြို့မှာ လျှပ်စစ်မီးကို သုံးရက်တခါခြား နှင့် တစ်နေ့လျင့် ၁ နာရီခန့်သာရရှိကြကြောင်း ခိုနူမ်းထုန်ကိုပြောသည်။“ကျနော်တို့တီးတိန်မှာက ၃ ရက် တစ်ခါ၊ ၄ ရက်တစ်ခါ၊ တစ်ပတ် တစ်ခါ ဘဲရတယ်၊ မီးလာရင်လည်း တနာရီခွဲလောက် ဘဲလာတယ်၊ တချို့ ဗီအိုင်ပီလိုင်းယူတဲ့သူတွေ ကတော့ နေ့တိုင်းပုံမှန်ရတယ်”ဟုသူကပြောသည်။

တီးတိန်မြို့ပေါ်မှ ငွေကြေးတတ်နိုင်သူတချို့တို့သည် လျှပ်စစ်ရုံးမှဝန်ထမ်းများကို တစ်လ ကျပ်ငွေ တစ်သောင်းပေးဆောင် ပြီး နေ့တိုင်းပုံမှန်မီးရရှသည့် ဗီအိုင်ပီလိုင်းကိုသွယ်ယူကြ သည်ဟုသူကဆက်ပြောသည်။ တီးတိန်မြို့လူထုအများစုသည် အစိုးရလျှပ်စစ်မီးကိုသာအဓိကအားကိုနေကြရပြီး သို့သော်လည်းလျှပ်စစ်မီးပုံမမှန်သောကြောင့် ဖယောင်းတိုင်း၊ ဖန်မီးအိမ် များကို အသုံးပြုနေကြရဆဲဖြစ်ကြောင်းသူကအခုလိုဆက်ပြောသည်။“မီးမလာတဲ့ရက်တွေမှာဆို နည်းနည်းငွေရှိတဲ့သူတွေကျတော့ ဘက်ထရီ နှင့် ဆော်လာ ပြား ကိုအသုံးပြုပြီး မီးထွန်းကြ တယ်၊ အများစုကတော့ ဖယောင်းတိုင်ဘဲသုံးကြတယ်” ဟုသူကပြောသည်။

ပြည်နယ်၏မြို့တော် ဟားခါးမှာလည်း အစိုးရမှဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ၃ ရက်ခြားတစ်ကြိမ်သာရရှိကြကြောင်း ဟားခါးမြို့ခံများကပြောသည်။အလားတူ ချင်းပြည်နယ်၏တခြားမြို့ကြီးများတွင်လည်း အစိုးရမှဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ပြည်သူလူထုအများစုက ပုံမှန်မရရှိနိုင်ကြကြောင်း၊ တစ်ရက်ခြား၊ သို့မဟုတ် နှစ်ရက်ခြားခန့်သာရရှိကြသည်။

Posted by Zaw Zaw (BDC)

Follow

Get every new post delivered to your Inbox.

Join 996 other followers