မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီလို့ အမေရိကန်သမ္မတ ပြော
2012-01-25
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပါပြီလို့ အမေရိကန် အောက်လွှတ်တော်မှာ မနေ့က ပြောကြားတဲ့ ၂ဝ၁၂ ခုနှစ် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍသစ် ပြန်ပြီး ဆန်းသစ်လာနေတာကို ကမ္ဘာတစ်လွှားမှာ မြင်တွေ့နိုင်ကြောင်းနဲ့ ဥရောပတိုက်နဲ့ အာရှတိုက်က အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေဟာ ပိုပြီး အင်အားကောင်းလာနေကြောင်း သမ္မတ Obama က ပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ အာရှ-ပစိဖိတ်ဒေသရဲ့ အင်အား ဖြစ်တယ် ဆိုတာကို မိမိတို့ ပြသခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်နေတာဟာ မျှော်လင့်ချက် ရောင်ခြည် အသစ်တစ်ခုပဲ ဖြစ်ကြောင်း သမ္မတ Obama က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲသွားပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
LH
http://www.rfa.org/burmese/news/obama-2012-union-speech-burma-01252012111351.html












