ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
2012-01-17

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ့ဂုဏ်ရည်လမ်းမှာ ပြုလုပ်ရာ လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မြန်မာ့ဂုဏ်ရည်လမ်းအပြည့် တက်ရောက်လာတဲ့ လူထုကို အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ပြောသွားပါတယ်။

“ကိုယ်ကလည်း မဲမထည့်ဘူး၊ ဂရုမစိုက်ဘူး၊ ငါနဲ့မဆိုင်ဘူး ဒီရွေးကောက်ပွဲဆိုပြီးတော့ နောက်တော့မှ ဒီကိုယ်စားလှယ် ဘာပြုလို့ ဘာမှမလုပ်လဲလို့ ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့စိတ်ဓါတ်လို့ ကျွန်မ မြင်ပါတယ်။ ”

အခမ်းအနားကို အန်အယ်လ်ဒီ နာယက အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်တင်တို့ တက်ရောက်ပြီး ဦးတင်ဦးက အမှာစကား ပြောတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် အန်အယ်လ်ဒီ စည်း ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောပါတယ်။

အခမ်းအနားကို ဇန်န၀ါရီ ၁၃ ရက်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုစိုးထွန်းတို့လည်း တက်ရောက်ကြပါတယ်။ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့် မြို့နယ်က ပါဝင် ယှဉ်ပြိုင်မယ့် ပါတီ ၇ ပါတီ ရှိတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ် မဖြူဖြူသင်းက ပြောပါတယ်။

“ခုနစ်ပါတီလောက် ရှိမယ် ပြောတယ်။ အဘ ဦးသုဝေ ပါမယ်။ နောက်ပြီးတော့ ကော့ကရိတ် ဦးသိန်းညွန့်တို့ ပါတီက ရှိမယ်။ တစ်သီး ပုဂ္ဂလ နှစ်ယောက် ရှိမယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ ရှိမယ်။ တစည ရှိမယ်။ အန်အယ်လ်ဒီပါဆိုတော့ ခုနစ်ဖွဲ့ပေါ့”

ဒီအတောအတွင်း အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ၂၂ ဦးရဲ့ အမည်စာရင်းကို ဒီကနေ့ ဆက်လက် ထုတ်ပြန်ပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ကြပါမယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/story.2012-01-17.2845265776/assk-election-01172012120222.html

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်
2012-01-17

ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ တိုင်းရင်းသား နယ်မြေတွေက စစ်ပွဲတွေရပ်စဲရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားရမယ်လို့ မိန့်ကြားလိုက်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေးဟာ မြန်မာပြည်ရဲ့လိုအပ်ချက်အရ ဖြစ်ပေါ်ခဲ့ရတာဖြစ်ပြီး အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က လုပ်ဖေါ်ကိုင်ဖက် သံဃာတော်တွေနဲ့လည်း ပြန်လည် တွေ့ဆုံခဲ့ပြီး သံဃာတော်တွေ ဆက်လက် ရပ်တည် လှုပ်ရှားသွားမယ့် အခြေအနေတွေကို ဆွေးနွေးနေကြောင်း သိရပါတယ်။ ပထမဆုံး အနေနဲ့ အကျဉ်းထောင်တွေ အတွင်း ကျန်ရှိနေတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြောင်းမြ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး မဂ္ဂင်ကျောင်းကို ကိုယ်တိုင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သတင်းသုံး နေထိုင်လျက်ရှိတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရကို ဆက်လက် လုပ်ဆောင်မယ့် အစီအစဉ်နဲ့ ဖြစ်ပျက် တွေ့ကြုံခဲ့ရတာတွေ အကြောင်း အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဇော်မိုးကျော်က ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/released-monk-leader-gambira-01172012091353.html

ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော

ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော
2012-01-17

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့ တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

မြန်မာဟာ စစ်အုပ်ချုပ်ရေးနိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဆီကို အသွင်ပြောင်းလဲနေကြောင်း၊ လွယ်တဲ့အလုပ် မဟုတ်ပေမယ့် ဒီမိုကရေစီစနစ်ကလွဲပြီး တခြားလမ်းမရှိဘူးဆိုတာ အခိုင်အမာ မမှိတ်မသုန် ယုံကြည်ထားကြောင်း၊ မြန်မာပြည် ဒီမိုကရေစီစနစ်ဖြစ်လာဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ အတိအကျ ပြောဖို့ခက်ပေမယ့် မိမိတို့မျှော်မှန်းချက်ပန်းတိုင်တွေဆီကို မြန်နိုင်သလောက် မြန်မြန်ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အပြောင်းအလဲ ဆောင်ရွက်မှုတွေအပေါ် အနောက်နိုင်ငံတွေက အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော ဖြစ်ရပ်သစ်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီအပြောင်းအလဲတွေရဲ့နောက်မှာ စစ်တပ်က အခိုင်အမာရပ်တည်နေသလားဆိုတာတော့ အသေအချာ မပြောနိုင်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အပေါ် ဘ၀င်မကျနိုင်သူတွေက စစ်အာဏာသိမ်းလိမ့်ဦးမယ်ဆိုတဲ့ အယူအဆတွေကလည်း ရှိနေကြောင်း၊ အဲဒီလို ဖြစ်မလာပါစေနဲ့လို့ မိမိတို့မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတော့ စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်ပါတယ်။

အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မိမိအနေနဲ့မယူဆကြောင်း၊ တိုင်းပြည်နဲ့လူမျိုးရဲ့ အနေအထားကို မိမိတို့ကောင်းကောင်းသိပါကြောင်း၊ စစ်တပ်ကလည်း တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ ခိုင်မာတဲ့ဆန္ဒရှိပါကြောင်း ဦးရွှေမန်းက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/shwe-mann-democracy-01172012090249.html

Follow

Get every new post delivered to your Inbox.

Join 996 other followers