တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း

တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း
2012-01-15

မြန်မာအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေ အပါအဝင် အကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူ အားလုံးအတွက် ဒီမိုကရေစီရေး ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေ ဖြစ်ထွန်းလာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလော မြန်မာအာဏာပိုင်တွေရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ခြေလှမ်းတွေနဲ့ ပတ်သက်လို့ မိမိတို့ အားတက်မိကြောင်း၊ ဒါတွေဟာ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်မယ့် ပဏာမ ခြေလှမ်းတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ကနေဒါနိုင်ငံက ဆက်လက် တိုက်တွန်းကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/canada-welcome-01142012212850.html

ပြုပြင်ပြောင်းလဲရင် ပူးတွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အမေရိကန်ပြော

ပြုပြင်ပြောင်းလဲရင် ပူးတွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အမေရိကန်ပြော
2012-01-15

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အမေရိကန် အစိုးရက ပူးတွဲဆောင်ရွက်နိုင်ဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား လွတ်မြောက်လာမှုအပြင် တခြား ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာအစိုးရနဲ့ သံတမန် ဆက်ဆံရေးကို အဆင့် မြှင့်လိုက်ပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရေး၊ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေး နီးကပ်နေတာကိုလည်း စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မနေ့က ထပ်မံ ပြောဆိုလိုက်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/clinton-remark-burma-01152012105828.html

နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော

နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော
2012-01-15

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ လမ်းကြောင်းမှန်ကို သွားတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ပြင်သစ် နိုင်ငံခြားရေးနဲ့ ဥရောပရေးရာဝန်ကြီး Mr. Alain Juppe က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘယ်လို ပြန်လုပ်မလဲ ဆိုတာကို သူတို့ စဉ်းစားမယ်။ နောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ပြီးမှ တဆင့် လျှော့သွားဖို့ စဉ်းစားမယ်လို့ ပြောပါတယ်”

နိုင်ငံက နောက်ဆုံး ဖြစ်ထွန်းမှုတွေဟာ ဒီမိုကရေစီ ဖြစ်စဉ်နဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အားသစ်လောင်းလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြင်သစ်ဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါတယ်။

ဒါပေမယ့် အဓိက စိုးရိမ်ကြောင့်ကြနေတဲ့ အချက်တွေထဲက တစ်ခု ကတော့ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေးပါပဲ လို့ ဆက်လက် ပြောပါတယ်။ ကတိတည်တဲ့အတွက် သမ္မတကို ယုံကြည်တယ်လို့ သူ ပြောနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြင်သစ်ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်သေး တဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက် မယ့်အကြောင်း ပြောကြားတယ်လို့ ဦးဟံသာမြင့်က ဆိုပါတယ်။

နေပြည်တော်မှာ မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးက မိမိတို့မှာရှိတဲ့ အကျဉ်းသားစာရင်းနဲ့ NLD က တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းကို တိုက်ဆိုင်စစ်ဆေးခဲ့ ကြောင်း၊ လက်ရှိ မလွတ်ဘဲ ကျန်နေသူတွေဟာ ပြစ်မှုနဲ့ ငြိစွန်းသူတွေ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Mr. Alain Juppe ရဲ့ မြန်မာနိုင်ငံခရီးဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ် ဖြစ်ပါတယ်။

Mr. Alain Juppe ဟာ ရန်ကုန်မြို့ကို မနေ့က ည ၇ နာရီကျော်မှာ ရောက်ရှိလာပြီး ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေးတို့နဲ့ ပြင်သစ်သံရုံးမှာ ည ၈ နာရီက တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့နဲ့ ပြင်သစ်သံရုံးမှာ တွေ့ဆုံပါတယ်။ မနက်ဖြန်မှာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

LH

http://www.rfa.org/burmese/news/assk-france-fm-01152012101040.html

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်

စနေ, 14 ဇန်နဝါရီ 2012
ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်

By ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်၊ လူမျိုးစု လူနည်းစုတွေအပေါ် အကြမ်းဖက်တာတွေကို အဆုံးသတ်မယ်၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံတာတွေကို ရပ်ဆိုင်းမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်လာနိုင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။

မြန်မာလူထု၊ မြန်မာအစိုးရနဲ့အတူ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လျှောက်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန် ချထားပါတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စနေနေ့က တယ်လီဖုန်းကတဆင့် မစ္စစ်ကလင်တန်က ဆက်သွယ်ပြောဆိုခဲ့တာပါ။ သံတမန် ဆက်ဆံရေး ပြန်ပြီး ထူထောင်ဖို့လည်း သူတို့နှစ်ယောက် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို တန်ပြန် လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ကို သူ ပြောခဲ့တဲ့အကြောင်း တယ်လီဖုန်းကနေ စကားပြောအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စစ်ကလင်တန်က ပြောထားပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်ပြီးတဲ့ နောက်တစ်ရက်မှာပဲ ဟီလာရီ ကလင်တန်က အခုလို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား သံအမတ်ကြီးအဆင့် အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်းစဉ်တွေ စလုပ်တော့မယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးအပြီး သိပ်မကြာခင်မှာပဲ အမေရိကန်က ကြေညာထားပါတယ်။

LH

http://www.voanews.com/burmese/news/Burma-US-Clinton-01-14-12-137356818.html

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ

စနေ, 14 ဇန်နဝါရီ 2012
နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ

By ကိုဇော်ဝင်းလှိုင်
နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် အီးယူအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေးလိုက်တာ အပါအ၀င် လွန်ခဲ့တဲ ၂ လလောက်အတွင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ ပြောင်းလဲမှုတချို့ကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖရော်ဒါ အန်ဒါဆန် (Frode Andersen) က ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ် ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကျနော်တို့ တိုက်တွန်းခြင်း မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကိုတော့ ဆက်လက် ကျင့်သုံးသွားမှာပါ။”

အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေကတော့ အရင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာနဲ့ တခြား ဘဏ္ဍာငွေကြေး၊ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချမှု၊ သစ်တောထွက်ပစ္စည်း အမျိုးမျိုးနဲ့ လူထုကို ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ မတင်ပို့ရ စတာတွေ ပါဝင်ပါတယ်။

အခုလျော့ပေါ့ပေးလိုက်ပြီ ဆိုပေမဲ့ အီးယူက ဆက်ပြီး အရေးယူ ထားတာတွေနဲ့အညီ ဖြစ်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိစိတ်ဓါတ်နဲ့ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုတော့ အလေးထား လိုက်နာကြဖို့တော့ လိုပါလိမ့်မယ်။”

တဘက်မှာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ လူမှု ဖွံ့ဖြိုးရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို အထောက်အကူ ပြုစေဖို့နဲ့ တခြား လူမှုရေးအရ အကူအညီ ပေးနေတဲ့ လုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့မှာ ဖွင့်မယ်လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်း (Michael Mann) က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အီးယူ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရုံးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လွတ်မြောက်မှု ရရှိရေးအတွက် သတ္တိရှိရှိ ကြိုးစား လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဒီဆုကို ပေးအပ်တဲ့အကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ပြင်သစ်က အခုမှ ဒီဆုပေးတာဟာ အရမ်းကို နောက်ကျနေတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ဘန်ဂျမင်အစ်မေးလ် (Benjamin Ismail) က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေခဲ့တာ ကြာပါပြီ။ ပြင်သစ်အစိုးရက အခုမှ ဒီဆုကို ပေးတာဟာ ကျနော့် ပုဂ္ဂိုလ် တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့ အရမ်းကို နောက်ကျနေပါပြီဗျာ။”

ဒီ Legion of Honor ဆုကို မြန်မာနိုင်ငံကို စနေနေ့က ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) က တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ကိုယ်တိုင်ပေးအပ်မှာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တာမို့ ဆက်လက် စောင့်ကြည့်ဖို့ လိုဦးမယ်လို့ သူက ပြောပါတယ်။

“ပြင်သစ်အစိုးရက အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်မယ် ဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး၊ ဒါပေမဲ့ ကျနော်တို့ RSF အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ တခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ကြိုဆိုပါတယ်။ အဲဒီလို တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့အတွက်လည်း တိုက်တွန်းသွားမှာပါ။ ဒါပေမဲ့ တဘက်ကလည်း အဲဒီ ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပြန်ဆုတ်သွားမယ့် လုပ်ဆောင်ချက်မျိုးတွေကို ဝေဖန် ထောက်ပြသွားမှာ ဖြစ်ပါတယ်။”

သူတို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လို သတင်းနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့အဖွဲ့တွေကို တိုင်းပြည်အတွင်း လာရောက် လေ့လာခွင့် ပြုတာဟာလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်တယ် ဆိုတာကို ပြသရာ ရောက်တာကြောင့် မြန်မာအစိုးရကက ခွင့်ပြုရင် သူ့အနေနဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက် လေ့လာလိုကြောင်း ဘန်ဂျမင်က ပြောပါတယ်။

http://www.voanews.com/burmese/news/Norway-Burma-investment-01–137353698.html

Follow

Get every new post delivered to your Inbox.

Join 912 other followers