ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံး ဖွင့်
2012-01-11
ပြည်သူတွေရဲ့ အနာဂတ်ဘဝ သာယာဝပြောရေးကို လက်တွေ့ ပုံဖော်နိုင်ရေး အတွက် မိမိတို့ နိုင်ငံရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။
ဒီရုံးခန်းဟာ အန်အယ်လ်ဒီ ပါတီက ရန်ကုန်တိုင်း အတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်တဲ့ မြို့နယ် အဆင့်ရုံးပါ။ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရဲ့အနာဂတ် အတွက် ပြည်သူတွေနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ အဖွင့် မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
“အနာဂတ်ကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်လို့  ပုံသွင်းဖို့ အတွက် နိုင်ငံရေးလုပ်နေတာ၊ အဲဒီလိုလုပ်နေတဲ့ အခါမှာ ပြည်သူတွေပါဖို့ လိုပါတယ်။ ပြည်သူတွေပါမှ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ်ပုံသွန်းပြီးတော့ ပုံသွင်းတဲ့ နေရာမှာ ပါဝင်နိုင်မှာပါ။”
ဒီအခမ်းအနားမှာ အန်အယ်လ်ဒီပါတီ သဘာပတိ အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေကို ဂုဏ်ပြုရင်း ပါတီဝင်တွေ အနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
ဦးတင်ဦးက ဆက်လက်ပြီး အခုဖွင့်လှစ်တဲ့ ဗဟန်းမြို့နယ်ဟာ မကြာမီ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ နေရာလပ် မရှိပေမယ့် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်ပွဲခံနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ပြောဆိုသွားပါတယ်။ ဒီအခမ်းအနားကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က အသေးစိတ် ဆက်လက်တင်ပြပါမယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
LH
http://www.rfa.org/burmese/news/assk-nld-bahan-office-01112012100605.html












