ကျွန်တော် လူကက်ဆက်
Written by ပန်းချီ ထိန်လင်း
တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။
၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ် ကာလ ခြောက်နှစ်ခွဲ အတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို စိတ်နဲ့ ရေးပြီးစ သီချင်းအသစ်တပုဒ်ကို ထ အသံစမ်း ဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျွန်တော် သီချင်းဆိုတာ ဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်သွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တာ့်သီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲပြီး လုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက် ရူးပါတယ်။
ရှူးတဲ့ အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ်ခေတ် ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်း ကနေ ၁၉၉၂ မိုးလယ်ပိုင်း အတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။
အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေး တပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်း မတ်တတ်က တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြသနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူ တွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။
ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း (၂၀) ကျော်လာတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ် ဆိုတာကိုလည်း သိနေတဲ့အခါ အတော် လက်တွန့်မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။
ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လယဉ်ကွင်းမှာလာ ကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျွန်တော့်အနွံအတာ အများကြီး သည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီဥက္ကဋ္ဌ တဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေး နောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း (၂) ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။
သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲ ရောက်တော့ မဒမ်သံခဲက ကွန်တော့်အတွက် အထူးစီမံထားတဲ့ ဟင်း တခွက်နဲ့ စောင့်နေပါတယ်။ တခြား ဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခု ရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် (ခေါ်) မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေဖြစ်တဲ့ ပါဂျောင်ရဲ့ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ မြင်ကွင်း အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ။ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)
ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF ကနေ အဲဒီ ကိစ္စမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေဟာ တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။
“သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။”
သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။
ပြီးတော့ ဆက်ပြောတာက “ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။” ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်း၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီအတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန် မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။
ရိုးရိုးသားသား ပြောရရင် ခုလို ကြိုတင် ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲ ပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုး ငယ်နာအားလုံးကို ဒီငတိက သိထားတာ။ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျွန်တော့် စပွန်ဆာ ပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရ ကျင်းရ တင်ရ မြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေ မှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။
နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူ ပြဿနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီ ဥက္ကဋ္ဌ တွေချည်းဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာ ရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျွန်တော်တို့ထက် အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။
ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ အများပြောကြသလိုအင်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။
ကျွန်တော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့ နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း ဒီပြသနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် (၅၀) လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့ကိုလည်း လုပ်နေကြတယ်ဆိုတာ ကြားရပါတယ်။
နောက်တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေက တဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော် အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။
ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီဝင် အားလုံးလိုလိုကို ထောက်လှမ်းရေးတွေ ဆိုပြီး ဖန်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်းရေးမှုးက ကိုမျိုးဝင်း ပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။
အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှင်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော့်ကိုခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှင်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ ကျွန်တော့်အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့ မျက်နှာဟာ လျပ်စစ် စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရယ်စရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။
နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြီး ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွဲ့တယ် များများလှည့်ရင် များများရွဲ့တယ် စသည်ဖြင့် ပေါ့ဗျာ။ အဲဒီချိန်က ကျွန်တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း (၁၈) နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော့်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တစ်ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀လို့ အော် ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင်မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ အထိ ပေါ့ဗျာ။
အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်းထောင် တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။
အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ “မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွ” တဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ “လုပ်ပါကွ တို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်” ဆိုတော့ ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျွန်တော့်ဆီကို ကျွန်တော်တို့ထဲက တယောက်က ချွန်တွန်းလုပ် လွှတ်လိုက်ပါတယ်။
ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျွန်တော့်ကို ဖမ်းတဲ့အခါမှ “မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချုပ် ငယ်နာမည် မှည့်ရကောင်းလား” ဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင် ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော့်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။
နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ “လူပျိုကြီး” သီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျွန်တော်ပါးစပ် ဟ လိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ (၇၀) ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့ အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။
ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်တဲ့ ကောင်တွေရဲ့ မျက်နှာသာ ရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထ ထိုင်ပြီး မျက်နှာ စည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။
ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်း နေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေး တာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ “ဒီည ကံမကောင်းပါလား” လို့ ပြောရမယ့် ညတွေပါ။ ထုံးစံအတိုင်း တရားခံတွေ ထ ဆိုတော့ ထ ထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းလျာက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာ ဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။
အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်က စပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ “လူပျိုကြီး” သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက်ပြီး ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။
ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသား ရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။
တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီ အစီအစဉ်ကို စပြောပြ နေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိတ်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျွန်တော်တို့ အားလုံးဟာ ဒီ လူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗွီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခုဖြစ်လာ ပါတော့တယ်။
ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်း ဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့ လူအများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ၊ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော် တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။
ဒီလောက် ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ် များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်း ကနေ လုပ်ရတာ ဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ပြက်၊ နည်းနည်း လစ်ရင် လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။
သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ် မသက်မသာ လှဲအိပ် နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ၊ နာေးထာင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေး တဖွါ နှစ်ဖွါ သောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်တာ၊ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ “ညီလေးရေ” ဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ “အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ်၊ ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ်နေသေးတယ်။ ငါတို့ကို ရိနေတာပေါ့ ဟုတ်လား။” ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင် မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။
မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း (၃) လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံက ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ “ရေချိုးဆိပ်နဲ့ နပန်းဆံ” သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ “ဖြန်း” ကနဲ ပြီးတာနဲ့ လုပ်ပါဦးကွ။ “အိပွဲ့၊ အိပွဲ့” ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ “အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ်…..”
ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရ ရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး၊ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့ စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ ည နဲ့ (၇) နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ ဆက်ပြီး “အိပွဲ့၊ အိပွဲ့” သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာ စ ဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာ ချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျွန်တော် NIP က ပါလို့ ထွက်ဆိုချက် ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘိုက ကျောင်းသားတပ်ဖွဲ့ရဲ့ တီးဝိုင်းမှာ ပင်တိုင် အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲ ဆိုရတာမို့ ကျောင်သားတပ်ထဲသာမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။
ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့ သူက ဘိုဘိုရဲ့ “သဘာဝရဲ့ရင်သွေးငယ်” အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျွန်တော် စိတ်ထဲမှာ ပြဿနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်နဲ့ စ ဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
…… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ…. တဲ့။
ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျွန်တော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ်ပြီး သွေးဆာတတ်တဲ့ လက်သီး ဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။
ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ တောခိုလာတဲ့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ် ကန့်ကွက်ဘို့ နေနေသာသာ နားရွက်တောင် မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ် မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။
တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျွန်တော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူတဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေတာတွေကို အစိမ်းချုပ် ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့ အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့ အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ (၇) နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ် (၂၀) ချလိုက်ပါတယ်။ မန်းထောင် ရဲ့ ညချမ်း ဂီတ ဆည်းဆာတွေ ဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။
၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်း တိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ (၈၈) က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် (၂၀) ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်း ပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..
“အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။
လူငယ်တွေ ပြောလေ့ရှိတဲ့ စကားနဲ့ ပြောရရင်တော့ “အင်း…မနိုင်ပါလား” လို့ တွေးမိပါတယ်။
————————————- ။ —————————————- ။ ကျွန်တောလူကက်ဆက်(ဇာတ်သိမ်း) “ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။
ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။
ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။
ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။
တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။
ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။
“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။
အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။
သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။
… “မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ……..
သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။
တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။
ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။
နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။
…….. “အိုး……ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်း အမြဲဆိုလေ့ ရှိသဗျ။
မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။
ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။
မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။
မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။
သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။
အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။
ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့
… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။
ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီကား” သီချင်းပါ။
နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။
မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။
ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။
ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။
သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” …ပါ။
ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့ အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။
ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။
တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။
…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။
ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။
ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။
ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။
ပန်းချီထိန်လင်း
H-LIN http://www.kaungkin.com/index.php?option=com_content&view=article&id=683%3A2012-01-02-20-40-58&catid=37%3A2009-04-17-01-30-25&












