video_player_embed_code_text
video_player_embed_code_text
ကျွန်ူပ်တို့ အဘိုးအဘွားတို့ တိုင်းပြည်ကောင်းစားရေး စိတ်ထားများ ဖြင့် သူတို့၏ အသွေးအသားတို့အား လွတ်လပ်ရေး ယဇ်ပလ္လင်ထက်တွင် မကြောက်မရွံ့ နောက်မတွန့်ဘဲ စတေးခံသွားခဲ့ကြသည့် အကြောင်းများကို ဖတ်ရှုရသူ အပေါင်း နှစ်ထောင်းအားရ စိတ်ဓါတ်များဖြင့် အာဇာနည်ဟု ကြွေးကြော် ၊ သူတို့ကို ဦးခိုက် ပူဇော်ထိုက်ပါတယ်လို့ ချီးမွမ်း စကားသံတွေမှာ သူတို့တွေ ပျော်ရွှင်နေမယ်လို့ မိတ်ဆွေ ယုံကြည်ပါသလား ။ လွတ်လပ်၍ အချုပ်အချာ အာဏာကို ပိုင်ဆိုင်ခွင့်ရကာ လူ့အခွင့်အရေး အပြည့်ဝေ ရရှိနိုင်သည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်ရန် အတွက် လွတ်လပ်ရေး ပန်းတိုင် ဖမ်းဆုပ်ကိုင်နိုင်ရန် အားသွန်ခွန်စိုက် တကြောင်းတည်းသော လမ်းစဉ်ကို လမ်းပြချီတက်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးကကော ယနေ့ ( ၆၃ ) နှစ်မြောက် လွတ်လပ်ရေး နေ့ အတွက် ပျော်ရွှင်နေမည်ဟု သင်ယုံကြည်ပါသလား ..။
ကျွန်ူပ်၏ အမြင်အရ ဆိုလျှင် သူတို့တွေ ပျော်ရွှင်နေမည့် အစား တမျိုးသားလုံး အတွက် ဦးတည်လုပ်ဆောင်ခဲ့သော အလုပ်များသည် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေးသာ ဖြစ်သွားခဲ့သည် အပြင် အခြားလူများမှာ ကျေးကျွန်များ သဖွယ် ဒုက္ခကို ပွေ့ဖက်၍ မျက်ရည်ရွှဲကာ အံကြိတ်ခေါင်းငုံ့၍ သီးခံနေကြသော ပြည်သူလူထု၏ ပုံရိပ်စစ်များသည် သူတို့ နှလုံးသားကို ပူလောင် ပြင်းပြစေရုံသာမက မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာလားလို့ ဟစ်ကြွေးပေလိမ့်မယ် ။ လွတ်လပ်၍ တရားမျှတသော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော နိုင်ငံတနိုင်ငံမှ နိုင်ငံသားများသည် လွတ်လပ်ရေး နေ့ကို မလွတ်လပ်စွာ ဆင်ယင် ကျင်းပခဲ့ရသည်မှာ နှစ်ပေါင်း ( ၆၃ ) နှစ် တိုင်ခဲ့ပေပြီဟု ကြွေးကြော်ညည်းတွားလိုက်လျှင် လွတ်လပ်ရေး ဖခင်ကြီးက တမလွန် ဘုံဘ၀မှ ထကြည့်၍ ငါတို့ အသွေးအသားတွေကို မင်းတို့တွေ ညည်းတွားဖို့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူးလို့ အားမလို အားမရ မိန့်ကြားပေလိမ့်မည်…။
အပွင့်လင်းဆုံး နဲ့ အရိုးသားဆုံး ဝေဖန်ပြရရင် မြန်မာနိုင်ငံသား တော်တော်များများက အမေစုကို ချစ်ခင်လေးစားကြတယ်လို့ ၀န်ခံထားပေမယ့် တဖက်က မသိစိတ်မှာ သံသယတွေက ကြားခံနေတော့ တကယ့်လက်တွေ့ကျတဲ့ ၀န်းရံမှု အဖြစ်ကို မရောက်နိုင်သေးတာပါ ။ ဒီလို သံသယတွေ ဘာကြောင့် ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ၂၂ နှစ်လုံးလုံး ဘာမှ မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ သွေးထိုးစကားကို ခင်ဗျာတို့ မသိစိတ်က လွဲမှားစွာ သိမ်းပိုက်ထားလို့ပါဘဲ ။ လူထုခေါင်းဆောင်က တိုင်းပြည်အရေး နဲ့ ပုဂ္ဂိုလ်ရေးရာ အားပြိုင်လာတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေ့ထားခဲ့တာတွေ ကို အားလုံးသိနေပါလျှက် နဲ့ ဒီလို စကားမျိုးတွေကို နားယောင်နေကြတာဟာ အာဏာရှင် အစိုးရကို တဖတ်တလမ်းက အားပေးနေတယ် ဆိုတာ မေ့မထားစေချင်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့လို့ လေးစားတာလား ၊ လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မဖက် တိုင်းပြည် အတွက် လုပ်ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်ကို လေးစားတာလား ဆိုတဲ့ စကားကို ကွဲကွဲပြားပြား သာ သိကြမယ် ဆိုရင် ခင်ဗျာတို့ အမေစုကို ထင်နေတဲက ယုံမှားသံသယဆိုတာ အကုန်ကွယ်ပျောက် ကုန်ပါလိမ့်မယ် ။
ခေါင်းဆောင် ရှိလျှင် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစား ၊ ခေါင်းဆောင် မရှိလျှင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံ သည်မှာ လူသားတို့၏ အကျင့်မှန်ပင် ဖြစ်လေသည် ။ လူပီသသော လူသားတစ်ယောက် သည် ခေါင်းဆောင်ကို ချစ်မြတ်နိုးသလို နောက်လိုက်များကိုလည်း လေးစားလေ့ရှိသည်မှာ သဘာဝ ဟု ဆိုပါလျှင် ကျွန်ူပ်တို့ လူပီသ ကြရဲ့လား စဉ်းစားကြည့်သင့်ပါတယ် ။ ထမင်း နပ်မှန်ဖို့တောင် မနည်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံရေး သဘောတရား တွေကို သင်ကြားဖို့ အချိန်မရှိပါဟု ပြောကြသည့်လူများ တဖြည်းဖြည်း များပြားလာပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတနိုင်ငံတွင် ၀မ်းရေး အတွက် ခက်ခဲစွာ ရှာဖွေစားသောက်ရခြင်းတို့မှ အစဉ် လွတ်မြောက်နေပါတယ် ဆိုတာကို မမေ့ကြပါနဲ့ ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ အဖြစ်ရောက် အောင် ချီတက်နိုင်ရင် ၀မ်းရေး ဆိုတာ လွယ်ကူစွာ ဖြေရှင်းနိုင်မှာ အသေအချာပါဘဲ ။ လူဖြစ်ရတဲ့ ခဏတာ အချိန်လေးမှာ ထမင်းနပ်မှန်ရေး အတွက် ကြိုးစားပြီး ထမင်း၀၀လေး စားနေရတာ လူ့ဘ၀ ရဲ့ အနှစ်သာရလို့ ယူဆနေကြတာလား ။
အမေစုရဲ့ တိုင်းပြည်အပေါ်ကို ထားရှိတဲ့ စေတနာ ၊ မွန်မြတ်တဲ့ စိတ်ထား ၊ သန့်ရှင်းတဲ့ ကိုယ်ကျင့်တရား ၊ လေးနက်တဲ့ အသိဥာဏ် ၊ ပြည်သူလူထု အပေါ်ကို ပေးဆပ်နေတဲ့ လုပ်ရပ်တွေကို အဓိကထားပြီး မဆုံးဖြတ်ဘဲ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ဆိုတာတွေ ကို နောက်ကို သံယောင်လိုက်ပြီး လိုက်နေကြရင် ခင်ဗျာတို့လည်း အာဏာရှင်ရဲ့ ဘက်တော်သား အဖြစ် ရောက်မှန်းမသိ ရောက်နေကြပြီ လို့ သတိပေး စကား ပြောကြားချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို မြင့်မြတ်လွန်းတဲ့ သူရဲကောင်းပါလို့ အခုချိန်မှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ အသိဥာဏ်မှာ မော်ကွန်းရေးထိုးခြင်း ခံနေရတဲ့ လူတစ်ယောက်ကို အဲဒီခေတ်က လူတချို့က မလိုတမာ စိတ်ယုတ်မာတွေ နဲ့ အမျိုးမျိုး ချောက်တွန်း ၊ သူသွားရာ လမ်းမှာ ခြေထိုးခံ ၊ နောက်ဆုံး မတတ်နိုင်လို့ လုပ်ကြံခံခဲ့ကြတာ ပုံပြင် မဟုတ်ဘူးဗျ ။ အခုလည်း အမေစုရဲ့ အောင်မြင်ကျော်ကြားမှု ကို မနာလို မရှုစိမ့် ၊ ကိုယ်ကျိုး အတ္တအလွန်ကြီးမားတဲ့ လူတွေက အမေစုရဲ့ အားနည်းချက်တွေပါလို့ ထောက်ပြ ပြောဆိုနေတာကို ခင်ဗျာတို့ မသိစိတ်က လက်ခံထားရင် ခင်ဗျာတို့လည်း အဲဒီလူတွေနဲ့ သိပ်မထူးခြားပါဘူး ။ ကိုယ်တိုင်ကလည်း သိပ်နားမလည်တော့ သူတပါးစကားကို ယုံမှားကြတာ ပုထုဇဉ် လူသားတွေရဲ့ သဘာဝကို ပြစ်တင်ပြောဆိုချင်လို့ မဟုတ်ပါဘူး ။ စဉ်းစားစေချင်လို့ အသိပေးနေတဲ့ စေတနာ စကားတွေကို အမုန်းခံပြီး ပြောကြားနေတာပါ ။
အာဏာရှင် စနစ်ဆိုး၏ ယုတ်မာ ပက်စက်မှု ကြောင့် တိုင်းပြည် ပြိုကျ ပျက်စီး နေပါသည့် အယူအဆကို ပြည်သူလူထု အားလုံးက လက်ခံထားကြသည် ။ ထိုသို့ အာဏာရှင် စနစ်ဆိုး ကို တိုက်ထုတ်၍ ဒီမိုကရေစီ ကြွေးကြော်သံများ ဖြင့် လုပ်ရှားနေသူများကို ပြည်သူလူထုက သဘောကျ နှစ်ခြိုက်လေ့ ရှိကြသည် ။ ထိုအခါ တဆင့်တက်၍ ကျနော်တို့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ်သင့်သည်ဟု အဆိုပြု တင်သွင်းလိုက်လျှင် အနည်းငယ်မျှ စဉ်းစား ပြီးသည်နှင့် တပြိုင်နက် ငြင်းဆန်ခြင်း မရှိဘဲ သဘောတူ လက်ခံလေ့ ရှိကြပြန်သည် ။ ထိုအခါ နောက် တဆင့်တက်၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် အဓိက လုပ်ဆောင် နိုင်သူများမှာ ပြည်သူလူထု သာ ဖြစ်သော ကြောင့် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာ တာဝန်ကို ယူ၍ လက်တွေ့ကျကျ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်သည့် အချိန်တွင်မူ တွေဝေသွား ကြသူ များလွန်း လှသော ယနေ့ ချိန်ခါ သမယတွင် တကယ် လက်တွေ့ ထိရောက်စွာ ကြိုးစားနေသော လူများမှာ အဏာရှင် တို့၏ တဖက်သိပ် ဖိနှိပ်မှုကို ခါးသီးရင်နင့် စဖွယ် ခံနေကြရကာ မြန်မာပြည်ကြီး ၏ ဆုတ်ယုတ်သထက် ပိုမို ဆုတ်လာရခြင်း၏ အဓိက အကြောင်းအရင်း တရပ် ဖြစ်သည်ဟု ထင်မြင် ယူဆမိလေသည် ။
စစ်အာဏာရှင်တို့၏ ဆိုးရွားလှသော ယုတ်မာပက်စက်မှု ကို ခေါင်းငုံ့ခံနေလိုက်၍ အာဏာရှင် စနစ်ဆိုးအောက်မှ ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ကို လူတိုင်းသိ၏ ။ ပြည်သူလူထုက ခေါင်းငုံ့သီးခံလိုက်၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက် သည့် နိုင်ငံဟူ၍ အတိတ်သမိုင်းတွင် မရှိခဲ့သလို ပစ္စပ္ပုန်နှင့် အနာဂတ်တွင်လည်း ဘယ်ခါမှ ရှိလိမ့်မဟုတ်။ ထိုသို့ ခေါင်းငုံ့ခံနေသမျှ သူတို့၏ ဖိနှိပ်မှု က ပိုမို ဆိုးရွားလာပေသည် ကို လည်း လူတိုင်း လက်တွေ့ကျကျ ခံစားခဲ့ရသလို အခု ချိန်ထိလည်း ခံစားနေရခြင်းဆဲ ပင် ဖြစ်ကြောင်း သိနေပါလျှက် အဘယ်ကြောင့် ဆန့်ကျင်မှု မပြု လိုကြပါသနည်း ဟု မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဘဲ အားမနာတမ်း လက်တွေ့ကျကျ စဉ်စားသင့်ကာ ဖြေကြည့်သင့်ပါသည် ။
ထိုသို့ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး အတွက် ကြိုးစား ဆောင်ရွက်နေသူများတွင် အကြမ်း နှင့် အနု လမ်းစဉ် နှစ်ခု ကွဲပြားသွားကြပြန်သည် ။ ဘယ်လို နည်းလမ်းကိုသုံးသုံး ဦးတည်ချက် နှင့် စစ်မှန်သော တိုင်းပြည် ချစ်စိတ် အပေါ်ကိုအခြေခံ ထားကြဖို့သာ လိုအပ်ပေသည် ။ ဖက်ဆစ်ကို တိုက်ထုတ် အပြီး ၊ အင်္ဂလိပ်က ပြန်ဝင်လာသည့် အချိန် ၊ လွတ်လပ်ရေးကိစ္စ အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေး ဆိုသည့် အချိန်တွင် အောင်မြင်လျှင် ညောင်ရေမှာ ပန်းထိုးမယ် ၊ မအောင်မြင်လျှင် တောင်ခြေမှ ယမ်းအိုးတည် ကြ ဟု ၍ ဗိုလ်ချုပ်က မသွားခင် ပြည်သူလူထု အား မှာကြားသွားခဲ့ပါသည် ။ ယခုချိန်တွင် ထိုကဲ့သို့ပင် တွေ့ဆုံဆွေးနွေးရေးကို အမေစုက တောင်းဆိုထားသည်ကို အားလုံး အသိ ။ စစ်အာဏာရှင်တို့ဘက်က လက်မခံခဲ့လျှင် ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပေမည် ။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေး လမ်းစဉ်မှာ ပြည်သူလူထု၏ သွေးများ မြေသို့ကျ မကျ ဆိုသည်မှာ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏ သဘောထားပေါ်တွင်သာ မူတည်နေပါသည် ။
တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ၊ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုပါလျှင် တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလည်း ဆိုသည့် အခြေခံကြသည့် မေးခွန်းလေးများက ရိုးစင်းလွန်းလှပေသည် ။ သို့သော် ထွက်လာသည့် အဖြေများက ၀ိုးတ၀ါး နိုင်လွန်း လှပေသည် ။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ပျက်နေ ပါသည် ဆိုသည့် အချက်ကို လက်ခံလျှင် အာဏာရှင် စနစ်ကို ဖြုတ်ချမှ တိုင်းပြည် ပြည်လည် အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက် နိုင်မည် ဆိုသည့် ယုံကြည်ချက်ကို ကိုင်စွဲ၍ မိမိတို့ တတ်နိုင်သည့် တာဝန်ကို ယူနိုင်ပါမှ တိုင်းပြည်ကို တကယ်ချစ်ရာ ရောက်သည် ဟု ကျွန်ူပ် လေးနက်စွာ ယုံကြည်မိပါသည် ။ ထိုကြောင့် နောင်လာမည့် ( ၆၄ ) လွတ်လပ်ရေး နေ့အခမ်းအနားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရယူပိုင်ဆိုင်ကာ လွတ်လပ်ရေးနေ့ကို လွတ်လပ်စွာ ဆင်နွှဲနိုင်သည့် နိုင်ငံသားတို့ ဘ၀ ကို ရောက်ရှိနိုင်အောင် ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးတည်ဆောက်ကြရအောင်လို့ လေးစားစွာ တိုက်တွန်း နိုးဆော်ရင်း ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းမှ သူရဲကောင်းများ ၊ ဒီမိုကရေစီခေါ် လူ့အခွင့်အရေး တိုက်ပွဲကြီးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားစွာ ဦးညွတ် ဂါဝရ ပြုလိုက်ပါတယ် …….။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး ပြောစရာ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ရင်ဖွင့်ပြောဆို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ဂန္တာ၀င်မြောက်တဲ့ မွေးနေ့ပွဲမှ အနုပညာပန်းခင်း
ရုပ်ရှင်ရိုက်တာ တမျိုးတည်းကို အနုပညာလို့ ယူဆပြီး လုပ်ပိုင်ခွင့်တွေ ပိတ်ထားလို့ ၀င်ငွေအားဖြင့် ကျဆင်းသွားပေမယ့် ပြင်းပြတဲ့ စိတ်ထားနဲ့ စစ်မှန်တဲ့ အနုပညာ ကို မြတ်နိုးတဲ့ စိတ်ကို ပေါင်းစပ်ထားတဲ့ လူတစ်ယောက် စည်းဝါးလိုက်ရင်တောင် ဂန္တာ၀င်မြောက်တယ် တဲ့ အနေအထားမှာ ပန်းဆယ်မျိုးတွင် တခု အပါအ၀င် ဖြစ်သော ပန်းချီဆွဲခြင်း အနုပညာတွင် ဈာန်ဝင်စားလိုက်တဲ့ အခါ မှော်ဝင်နေတဲ့ ပန်းချီကားချပ်တွေက အာဏာရှင်တွေ အသသတ်တဲ့ ကြားက ပွင့်လန်းလာတဲ့ ပန်းပွင့်တွေပါဆိုရင် ဒီအနုပညာပြပွဲလေးဟာ အာဏာရှင် လူတသိုက်ကို လှောင်ပြောင်ပြနေတဲ့ ပန်းခင်းကြီးပမာလို့ တခါတခါ တွေးမိ ထင်မြင် ယူဆမိတာ အမှန်ပါလို့ ၀န်ခံပါရစေ…
အမှန်တရားကို ချစ်မြတ်နိုးသူ၊ ပြည်သူလုထု အကျိုးစီးပွားကို လိုလားပြီး မြင့်မြတ်တဲ့ စိတ်နေစိတ်ထား တူနေကြတဲ့ လူတွေရဲ့ ကြားမှာ ကွဲပြားခြင်း မရှိဘူးဆိုတာကို သက်သေပြဖို့ သားတော်မောင် တစ်ယောက်ကို အားပေးချီးမြှောက် လိုတဲ့ အမေတစ်ယောက်ရဲ့ ဆန္ဒ ၊ သားမောင်ရဲ့ အနုပညာ ပန်းခင်းကြားမှာ ဂုဏ်ယူစွာဖြင့် လှည့်လည်ကြည့်ရှုနေတဲ့ ပြည်ထောင် စုရဲ့ မိခင် ၊
တကမ္ဘာလုံးက လေးစားချစ်ခင်တဲ့ အမေက သူ့အနုပညာကို ချီးမွမ်းတဲ့ အကြည့်များမှာ ပျော်မြူးနေတဲ့ သားလိမ္မာ …ဒါတွေကို ကြည့်ရှုရင်း ပျော်ရွှင်နေတဲ့ ပရိတ်သတ် ၊ မိမိတစ်ယောက်ထဲ ပျော်ရွှင်မှု မဟုတ်ဘဲ တနိုင်ငံလုံး ပျော်ရွှင်မှု ရအောင် ဖန်တီး လုပ်ဆေင် နိုင်တာကို ဂုဏ်ယူ ၀မ်းမြောက်စွာ ကြည်နူးနေတဲ့ မွေးနေရှင် …..
ဒီလိုမြင်ကွင်းတွေကို ပေါင်းစပ်လိုက်ရင် ရှုမငြီးတဲ့ ချစ်ဇနီးရဲ့ မွေးနေ့ပွဲလေး ကို ကျင်းပ တဲ့ ဒီနေ့လေးဟာ ကိုကျော်သူရဲ့ အနုပညာမှတ်တမ်းမှာ ဟန်ဆောင် မှု မပါ စစ်မှန်တဲ့ ခံစားချက်တွေနဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့နေ့ တနေ့ ဖြစ်သလို စစ်မှန်တဲ့ အနုပညာ ဆိုတာ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူးဆိုတာကို အခြားသော အနုပညာရှင် မောင်နှမများကိုအသိပေးလိုက်တဲ့နေ့တနေ့အဖြစ် ဂန္တာ၀င်မြောက်စွာ အားလုံးရဲ့ နုလုံးသားမှာ ထာဝဇဉ် မှတ်တမ်းတင်နေမှာပါ…….
ဒုက္ခဆိုးတွေ ကြား သောကတွေကို ပွေ့ဖက် ၊ မလှန်နိုင်လို့ မျက်ရည်ရွှဲလဲ ဖြင့် အံကြိတ်ပြီး ခေါင်းငုံသီးခံနေရတဲ့ ပြည်သူလူထုရဲ့ နှလုံးသားမှ စိတ်ကြည်နူးမှုတွေကြောင့် ရွှန်းလဲ့တောက်ပနေတဲ့ သူတို့ မျက်ဝန်းတွေမှာ မုဒိတာတွေ ဖုံးလွှမ်းပြီး အပြုံးပန်းတွေ ဝေဆာစွာ ပွင့်လန်းခဲ့တာတွေကို တွေးထောက်ကြည့်ရင် ဒီလူသားနှစ်ယောက်ရဲ့ မေတ္တာဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားနိုင်တာ အသေအချာပါဘဲဗျာ ပြောဆိုရင် အမှန်တရားကို ချစ်မြတ်နိုးသူ တိုင်းအား လေးစားစွာ ဂါဝရ ပြုလျှက် ………..။
ဗမာ့သွေး
http://www.facebook.com/notes/friday-kaung-kaung/-/154231537960404?ref=notif¬if_t=note_tag#!/photo.php?fbid=190402630970076&set=t.100000010222133
အထက်ပါ ဆောင်းပါးနှင့် ပက်သက်၍ ပြောစရာ များ ရှိခဲ့တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက် ပြောဆို ဆွေးနွေး အကြံပြုတင်ပြ နိုင်ပါတယ်ခင်ဗျာ.
နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်
ရန်ပိုင် Wednesday, 05 January 2011 18:40
E-mail Print
နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။
Naypyidaw_Air_Port2
နေပြည်တော် နိုင်ငံတကာ လေဆိပ် နမူနာ ပုံစံ။ (ဓာတ်ပုံ – Great Myanmar)
ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။
နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။
စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။
လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။
အခွန်စနစ်သစ်တရပ် စတင်
ဧရာဝတီ Wednesday, 05 January 2011 14:50
E-mail Print
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
ရန်ကုန်မြို့အခြေစိုက် စီးပွားရေးသမားကြီးတဦးက အခွန်ဆောင်ခြင်း၏ နောက်ကွယ်တွင် လုံခြုံမှုနှင့် တန်းတူအခွင့်အရေး ရရှမှု၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘ၀လုံ ခြုံရေးအာမခံချက်များ ပါဝင်ကြောင်း ရှင်းပြသည်။
အဆိုပါစီးပွားရေးသမားကြီးက “နိုင်ငံတော်ကို အခွန်ဆောင်မယ်ဆိုရင် နိုင်ငံတော်ကလည်း အခွန်ဆောင်တဲ့သူ၊ နိုင်ငံသား တွေအပေါ်မှာ တန်းတူ အခွင့်အလမ်းတွေ ပေးရမယ်။ ဘ၀အာမခံချက်ပေးရမယ်။ အခွန်ဆောင်တော့ ကိုယ်၊ အခွင့်အရေးရတော့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ အဲဒီလို ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက ရတယ်။ Monopoly စီးပွားရေးပုံစံနဲ့တော့ ဘယ်သူမှ အခွန်မဆောင်ဘူး” ဟု ပြောသည်။
ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းမြင့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် စီးပွားရေးသမားကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များကို လက်ဆောင်ပဏ္ဍာ ဆက်သခြင်း၊ ဆေးရုံဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်း တံတား တည်ဆောက်ပေးခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်များ ရရှိကြောင်း သိရှိရသည်။
ကြံ့ဖွံ့လူငယ် ဝက်ဘ်ဆိုဒ်ကို ဟက်ကာများ ထိန်းချုပ်
ဧရာဝတီ Wednesday, 05 January 2011 12:13 သတင်းတိုများ
E-mail Print
ကြံ့ဖွံ့လက်အောက်ခံ လူငယ်များ ဦးစီးလုပ်ကိုင်သည်ဟု လူသိများသော ဝါဒဖြန့်ချိရေး ခေတ်လူငယ် ဝက်ဘ်ဆိုဒ် (www.khitlunge.net.mm) ကို မြန်မာ လူငယ်များ ဖြစ်သည့် ဘလင့်ခ် ဟက်ကာ အဖွဲ့က ဟက်ထားကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ DDoS ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ယခုရက်များတွင် ယင်းဝက်ဘ်ဆိုဒ်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင့် ဘလင့်ခ် အဖွဲ့က ကြေညာထားသည်။
http://www.bur.irrawaddy.org/
2011-01-05
ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ
2011-01-05
ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-01-05
ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူးပြောကြား
ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး-အမျိုးသားစိတ်ဓာတ်ကို မွေးခဲ့ရပေမဲ့ လွတ်လပ်ရေးရဖို့ ပြည်ထောင်စုရေး-ပြည်ထောင်စုစိတ်ဓာတ်ကို ပျိုးထောင်ခဲ့ရတယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
2011-01-05
ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်
မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၁၅ ကနေ လယ်ယာမြေတွေ သိမ်းယူထားတာကို အိုင်အယ်အိုကို တိုင်တန်းခဲ့တာကြောင့် လက်တုံ့ပြန် အရေး ယူတဲ့ အနေနဲ လယ်မြေတွေပေါ်က သီးနှံတွေကို စစ်တပ်က ရိတ်သိမ်းခွင့် မပြုဘူးလို့သတင်း ရရှိပါတယ်။
2011-01-05
စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ
တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်
By မအေးအေးမာ ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011
ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင်နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ၀တ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအ၀င် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။
ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်
By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ 2011
လွန်ခဲ့တဲ့ ၆၃ နှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အခုချိန်ထိ နှစ်တွေ ကြာလာခဲ့ပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံကို မတည်ထောင်နိုင်ခဲ့ဘူးလို့ ပြည်တွင်းက နိုင်ငံရေးသမား တချို့က သုံးသပ်ကြပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက အဆင့်ဆင့် ပြောင်းလဲလာတဲ့ အစိုးရလက်ထက် တလျှောက်လုံးမှာ ပင်လုံစိတ်ဓာတ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်တာ မရှိသေးသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း အပြောသာရှိခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်လာဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာဖြစ်ပြီး ဒါကိုလည်း တိုင်းရင်းသား အဖွဲ့တွေက ကြိုဆို ထောက်ခံထားပါတယ်။
ဖြိုးဝေအောင်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ALRC ကုလကို တိုက်တွန်း
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011
ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်အတွင်း ဗုံးကွဲမှုနဲ့ ဆက်စပ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အာဏာပိုင်တွေဘက်က နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက် အတင်းပေးခိုင်းခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရသူတွေအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ ကိစ္စ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ အာရှဒေသ ဥပဒေရေးရာ အဖွဲ့တဖွဲ့ကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဒီအကျဉ်းထောင်တွေ အတွင်းမှာ ရဲအရာရှိတွေက သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့က သော်လည်းကောင်း၊ အကျဉ်းဌာန ဦးစီးအရာရှိတွေက သော်လည်းကောင်း၊ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေက အတော်အသင့် ရပ်ဆိုင်းသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နေပြီးတော့ ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးတဲ့ ကိစ္စရပ်တွေ၊ မေးမြန်းတဲ့ ကိစ္စရပ်တွေ ပေါ်လာလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေကလည်း တစုံတရာ ပြောင်းလဲလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တဲ့အတွက် ကျနော်တို့ အခုလို ပေးပို့ရခြင်း ဖြစ်ပါတယ်။”
သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး
By ဦးမိုးဇော် ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011
၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ အသစ်ပြဋ္ဌာန်းလိုက်တဲ့ သုံးရောင်ခြယ် အလံတော်သစ်ကို ပြည်သူအများစုက စိတ်မ၀င်စားတာကြောင့် မနေ့က ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နေအိမ်တွေမှာ လွှင့်ထူတာ အတော်ကို နည်းပါးနေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ အစိုးရရုံး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရုံးနဲ့ ဘတ်စ်ကားတွေမှာသာ အနည်းအကျဉ်း လွှင့်ထူထားတာ တွေ့ရပေမဲ့ အိမ်ခြေ ၁၀၀ မှာ ၈၀ လောက်က မလွှင့်ကြဘူးလို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။
နိုင်ငံရေးပါတီ တချို့ကတော့ စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် အသစ်ပြောင်းလဲလိုက်တဲ့ အလံကိုလည်း အသိအမှတ် မပြုကြဘူးလို့ သိရပါတယ်။
http://www.voanews.com/burmese/news/
http://burmese.dvb.no/
ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။
“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။
၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။
ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။
ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။
အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။
ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေးဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။
ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲအဖြစ် စာရေးဆရာများ စီစဉ်ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများအပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
http://mizzimaburmese.com/
“၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏” (ကာတွန်း ဘီရုမာ – ဧရာဝတီဝက်ဘ်ဆိုက်)