နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း

မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ…။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။ စကားချပ် (အဆိုပါ သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ ဘယ်လောက် အတိုင်းအတာထိ ပြောနိုင်မယ်.. ဆိုနိုင်မယ်.. ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။ ယခုလတ်တလော ရရှိထားတဲ့ သတင်းတွေထဲက မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းက တရုတ်ပညာရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လေယာဉ် စက်ရုံ စီမံကိန်းအကြောင်းတင်ပြလိုက်ရပါတယ်..။

မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းမှာပဲ တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများကို ဆောက်လုပ်နေပါတယ်..။ အဆိုပါလေတပ်စခန်းအတွင်းမှာ လောလောဆယ် ဆောက်လုပ်နေတဲ့ စက်ရုံပေါင်း (၇၀)ကျော်ရှိတယ်လို့ ဆိုပါတယ်..။ လောလောဆယ် တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တာတွေကို လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာ အဆိုပါလေယာဉ်များအား ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ တပ်ဆင်ပြီးလေယာဉ်များကိုတော့ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း)မှ လေတပ် လေယာဉ် Pilot များမှ စမ်းသပ်မောင်းနှင်ရပါတယ်..။ အဆိုပါ ပစ္စည်းတွေတပ်ဆင် ထုတ်လုပ်တာတော့ မိတ္ထီလာ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ) (၁)နဲ့ (၁၀)ကပါ..။ ကပစမှာ အသေးစားနဲ့ အကြီးစားဆိုတာ နှစ်မျိုးရှိပြီး လောလောဆယ် .. လေယာဉ်တပ်ဆင်စက်ရုံကအစ ယူကရိန်းနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့.. တင့်ကားစက်ရုံတွေအထိ လျှို့ဝှက်လုပ်ကိုင်နေပါတယ်..။ ခုလောလောဆယ် ပြည်ပကို ပို့ဖို့အတွက် Export Ware House ဋ္ဌာနအထိ လုပ်ကိုင်ဆောင်ရွက်နေပါပြီ..။

အဆိုပါ လေယာဉ်တပ်ဆင် စက်ရုံအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအများအား တရုတ်မှ ကွန်တိန်နာလိုက် ဝယ်ယူပြီး ပြန်လည်တပ်ဆင်ပါတယ်..။ နောက်ဆုံးအဆင့် အဆိုပါလေယာဉ်များအား တစ်ပုံစံတည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် စက်ရုံများ ဆောက်လုပ်နေပါတယ်..။ ဆက်လက်ပြီး မောင်းသူမဲ့ လေယာဉ်များအား ထုတ်လုပ်နိုင်ရန် စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အထူးစိတ်ဝင်စားလျှက်ရှိပြီး… ယခုနှစ်အတွင်း (၇)ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ပါတယ်.။ .. ပြီးခဲ့တဲ့ (၁)လခွဲခန့်က တပ်ချုပ်ကြီးမှ နောက်ဆုံးအကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများရဲ့ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ယခင်ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး.. ယခုလက်ရှိ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး.. သူ့လက်အောက်မှာ ဒုထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်းဖြစ်ပါတယ်..။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်…။

ပြည်တွင်းမှာ ဗိုလ်မှုးစိုင်းသိန်းဝင်းကဲ့သို့ အမြင်ကျယ်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ မျိုးချစ်စစ်သည်များ အများအပြားရှိပါတယ်..။

ရွှေလီမြန်မာကနေ လျှပ်စစ်ဓာတ်အား နာရီဝပ် သန်း ၃ ထရီလီယံ တရုတ် တင်သွင်းခဲ့

တရုတ်အစိုးရပိုင် တောင်ပိုင်းပြည်နယ်များ စွမ်းအင်ကုမ္ပဏီရဲ့ ယူနန်ပြည်နယ် လုပ်ငန်းခွဲဟာ ၂၀၁၀ ပြည့်နှစ် ပထမ ၁၁ လ အတွင်း မြန်မာနိုင်ငံက ရွှေလီ မြန်မာရေအား လျှပ်စစ်ဓာတ်အား စက်ရုံ အမှတ် ၁ ကနေ နာရီဝပ် သန်းပေါင်း ၃ ထရီလီယံ တင်သွင်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အခုလို မြန်မာဖက်က လျှပ်စစ်ဓာတ်အား အမြောက်အများ တင်သွင်းခဲ့တဲ့ အတွက် တရုတ်နိုင်ငံဖက်မှာ ကျောက်မီးသွေး တန်ချိန် ၂ သန်း အကုန်ကျ သက်သာခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု တန်ချိန် ၂ သန်း ၅ သိန်းကျော် လျှော့ချနိုင်ခဲ့တယ် လို့လည်း ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။
ယူနန်ပြည်နယ် စွမ်းအင်ကုမ္ပဏီခွဲဟာ တရုတ်ပြည်ရဲ့ စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းရေး အတွက် မြန်မာ အပါအ၀င် မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေက စွမ်းအင်တွေ ရရှိဖို့ မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ရွှေလီမြန်မာရေအား လျှပ်စစ်စက်ရုံဟာ မြန်မာနိုင်ငံမှာ တရုတ် အစိုးရ ကိုယ်တိုင် အကုန်ကျခံ တည်ဆောက် လည်ပတ်ပြီး ကိုယ်တိုင် တရုတ်ပြည်ကို ပြန်လည်တင်ပို့တဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုတွေထဲမှာ အကြီးဆုံး လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။
နှစ်စဉ် လျှပ်စစ် စွမ်းအင် နာရီသန်း ၄ ထောင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစပြီး စက်ရုံက ဓာတ်အားခွဲရုံ ၃ ရုံကနေ လစဉ် လျှပ်စစ် စွမ်းအင် နာရီဝပ် သန်းပေါင်း ၁၄၀ ထုတ်လုပ် နိုင်တယ်လို့ သိရပါတယ်။

ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျ

ဧရာဝတီ Wednesday, 29 December 2010 17:26

ပြည်တွင်း၌ ယခုနှစ်ကုန်ပိုင်းတွင် တန်ဖိုးကျဆင်းနေသော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရပြီးနောက် ဒေါ်လာတန်ဖိုး ထိုးကျသွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာမူ အလွန်မြင့်တက်နေသည်။

ယခုနှစ်ဆန်းတွင် အမေရိကန် တဒေါ်လာသည် ကျပ် ၁၀၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ကျောက်မျက်ရတနာပြပွဲ မတိုင်မီတွင် တဒေါ်လာလျှင် ၉၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ခဲ့သည်။ ယခုအခါတွင်မှု တဒေါ်လာလျှင် ၈၆၀ ကျပ်သာ ရှိတော့သည်။

ကျပ်ငွေတန်ဖိုး ထူးကဲစွာ တက်ခြင်းသည် အဓိကအားဖြင့် ကျောက်မျက်ပြပွဲမှ ရရှိသော နိုင်ငံခြားဝင်ငွေများကြောင့် ဖြစ်သော်လည်း၊ နယ်စပ် ကုန်စည်စီးဆင်းမှု ရပ်တန့်ခြင်း၊ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲ သတင်း ထွက်ပေါ်ခြင်းများကြောင့်လည်း ဖြစ်ကြောင်း စီးပွားရေးသမားများ၊ ကုန်သည်များက သုံးသပ်ကြသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း စီးပွားရေး မူဝါဒအပြောင်းအလဲတွင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု မူဝါဒ အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သတင်းထွက်ပေါ်နေသောကြောင့် စီးပွားရေးသမားများက လှုပ်ရှားမှု မရှိသေးဘဲ စောင့်ကြည့်နေကြကြောင်းလည်း ပြည်တွင်း သတင်းမီဒီယာတချို့က ရေးသားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင်တဦးက “အခြေခံအားဖြင့်ကြည့်ရင် ကျောက်မျက်ပြပွဲကြောင့် ဒေါ်လာတန်ဖိုးကျတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အမှန်တကယ်က ဒီက စီးပွားရေးလုပ်ငန်းတွေ တော်တော်ကို အလုပ်မဖြစ်ဘူး။ စီးပွားရေးက ရပ်နေတယ်။ ရင်းနှီးမြှုပ်နှံသူကလည်း ပိုက်ဆံမရှိလို့ အလုပ်မလုပ်နိုင်ဘူး။ တချို့ကလည်း စောင့်ကြည့်တယ်။ လူတွေကလည်း အလုပ်မရှိ။ မြန်မာငွေတန်ဖိုး တက်တယ်သာပြောတာ ကုန်ဈေးနှုန်းတွေက မကျဘူး။ ငွေဈေးတက်တာက အခြေခံလူတန်းစားတွေအတွက် ဘာ အကျိုးသက်ရောက်မှုမှ မပေးနိုင်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

မြန်မာငွေတန်ဖိုး တက်လာလျှင် သွင်းကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းရမည် ဖြစ်သော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိခြင်းမှာလည်း စီးပွားရေးမခိုင်မာမှုကို ပြသနေကြောင်း စီးပွားရေးပညာရှင် တချို့ကလည်း သုံးသပ်သည်။

အငြိမ်းစား ပါမောက္ခတဦးက “ငွေလဲနှုန်းမှာ မြန်မာငွေက တန်ဖိုးတက်တာကိုကြည့်ပြီး ပြည်တွင်းစီးပွားရေး တိုးတက်တယ်လို့ ပြောလို့မရဘူး။ ဒါက တကယ့်စီးပွားရေးတိုးတက်လို့ တန်ဖိုးတက်တာ မဟုတ်ဘူး။ မြန်မာငွေ တန်ဖိုး မာတယ်ဆိုရင် သွင်းကုန်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အကုန်လုံးလိုက်ပြီး ကျရမယ်။ လူတွေ အလုပ်အကိုင်တွေပေါပြီး သုံးနိုင်စွဲနိုင်တဲ့ လူလတ်တန်းစားတွေ များလာရမယ်။ ဒီလို အခြေအနေရောက်မှ ဒါက အမှန်တကယ်စီးပွားရေး တိုးတက်မှုလို့ ပြောနိုင်တာ။
အခုအခြေအနေက စီးပွားရေးရပ်လို့ ဖြစ်နေတဲ့ အခြေအနေပါ။ တိုးတက်လို့ မဟုတ်ဘူး” ဟု သုံးသပ်သည်။

၂၀၁၀ ပြည့်နှစ်အတွင်း အစိုးရက ကား လေလံ၊ အိမ်ခြံမြေ လေလံ၊ စက်ရုံအလုပ်ရုံ လေလံများ ပစ်ခဲ့သည့်အပြင် ငါးသိန်းတန် CDMA ဖုန်းပေါင်း သိန်းနှင့်ချီ၍ ချထားပေးခဲ့ခြင်းကြောင့် စီးပွားရေးအသိုင်းအ၀ိုင်းတွင် လည်ပတ်မည့်ငွေကြေးများ အစိုးရဘဏ္ဍာအဖြစ်ရောက်ရှိသွားခြင်းကလည်း မြန်မာငွေတန်ဖိုး တက်လာစေသည်ဟု ကုန်သည်တချို့က ပြောသည်။

“ကားလေလံ၊ လိုင်စင်မဲ့ကား ဒဏ်ရိုက်လိုင်စင်ပေးတယ် ဆိုတော့လည်း လူတွေကြိတ်ကြိတ်တိုး၊ ငါးသိန်းတန်ဖုန်းဆိုရင်လည်း
လူတွေကြိတ်ကြိတ်တိုး ၀ယ်ကြတယ်။ လူတွေလက်ထဲ ပိုက်ဆံမရှိတော့ဘူး။ အိမ်ခြံမြေ၊ စက်ရုံအလုပ်ရုံလေလံတွေမှာ လုပ်ငန်းရှင်ကြီးတွေက ၀င်ရင်းနှီးမြှုပ်နှံကြတယ်။ အစိုးရဘဏ်တိုက်ထဲကို လူတွေလက်ထဲက ပိုက်ဆံတွေ အလုံးအရင်း ၀င်သွားတယ်။ အလုပ်လုပ်နိုင်တဲ့စွမ်းအား ကျသွားတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

နိုင်ငံတကာဈေးကွက်၌ ဒေါ်လာဈေး ကျနေသောကြောင့် ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြသော်လည်း မြန်မာ့ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံသူ မရှိသလောက် နည်းပါးသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

“ဒေါ်လာဈေးကျတော့ ရွှေဈေးလိုက်ကျတယ်။ အခေါက်ရွှေ တကျပ်သားကို ၆၆၀၀၀၀ ကျော်ဈေးကနေ အခု ၆၅၃၀၀၀ အထိဈေးကျတယ်။ ရွှေဝယ်မယ့်သူ တော်တော်ပါးတယ်” ဟု ရန်ကုန်ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

နောက်ဆုံးရ ဈေးနှုန်းများအရ FEC တဒေါ်လာလျှင် ၇၉၀ ကျပ်၊ ပို့ကုန်ရငွေ (Export Earning) မှာ ၉၁၀ ကျပ်သာ အသီးသီးပေါက်ဈေး ရှိကြောင်းလည်း သိရှိရသည်။

အစိုးရက သတ်မှတ်ထားသော တရားဝင်ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်ဖြစ်သည်။

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

ရန်ပိုင် Wednesday, 29 December 2010 18:57 ( ဧရာဝတီ )

စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။

လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ

မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အရှေ့ပိုင်း ကျေးရွာ ၁၅ ရွာ အသုံးပြုနေသည့် လမ်းမကြီး ပြုပြင်မည့်ငွေ ကျပ် ၈၂ သိန်းကို မယက ဥက္ကဋ္ဌနှင့် ကျေးရွာတာဝန်ရှိသူတို့က အလွဲသုံးစားလုပ်နေကြောင်း ရွာသားများက စွပ်စွဲပြောဆိုလိုက်သည်။

ပဲခူးရိုးမတောင်ခြေနှင့် ဇီးကုန်းမြို့သို့ ဆက်သွယ်ထားသော ဇီးကုန်း-ဘော်ဘင် လမ်းပိုင်းပြုပြင်ရန် သစ်ထုတ်လုပ်ရေး ကုမ္ပဏီများက ငွေကျပ် ၈၂ သိန်းပေးခဲ့ရာ လမ်းပြုပြင်ခြင်း မရှိဘဲ ယင်းငွေများကို အာဏာပိုင်များက အလွဲသုံးစား လုပ်ထားကြောင်း ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

ယင်းငွေများကို ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌ ဦးညွှန့်စိုးနှင့် ဆိတ်ဖူးကျင်းရွာ ဥက္ကဋ္ဌ ဦးတင်ဦးက အလွဲသုံးစား လုပ်ထားကြောင်းနှင့် လက်ရှိ လမ်းအသုံးပြုရသည့် အနေအထားမှာ လွန်စွာဆိုးရွားနေကြောင်း ဆိတ်ဖူးကျင်းရွာနေ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

’’ဇီးကုန်းကနေ ၁၂ မိုင်လောက် ဝေးတဲ့နေရာမှာ ကန်ကြီး အထက်တန်းကျောင်းရှိတယ်။ ဆရာမဆရာမတွေ ကျောင်းသားတွေကော၊ နောက် ဈေးဝယ် ဘာဝယ်သွားတဲ့ သူတွေကော အရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ဗွက်တွေ အရမ်းထူပြီး ဆိုင်ကယ်လည်း စီးရခက်၊ စက်ဘီးဆိုရင်လည်း တထွာသာသာလောက် လမ်းလေးကို ခဲခဲယဉ်းယဉ်း စီးရတယ်။ လမ်းပြင်ဖို့ ငွေကတော့ ရတယ်။ အဲ့ငွေတွေက ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူး ဖြစ်နေတယ်’’ ဟု သူက ပြောသည်။

ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ဒေသခံများ အသုံးပြုလာခဲ့ကြသည့် ယင်းလမ်းမှာ ၂ဝဝ၇ ခုနှစ်တွင် ဘော်ဘင် သစ်တောကြိုးဝိုင်းသို့ သစ်ကုမ္ပဏီများ လာရောက် လုပ်ကိုင်ချိန်မှစ၍ စတင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွာလာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အေးရှားဝေါလ်နှင့် ကောင်းမြတ် သစ်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုက လမ်းပြင်ရန် ငွေ ၈၂ သိန်းကို လူသိရှင်ကြား ပေးခဲ့ပြီး၊ ဇီးကုန်းမြို့နယ် စည်ပင်ကလည်း ယာဉ်အသွားအလာ အားလုံးကို နေ့စဉ် လမ်းကြေး ကောက်ခံနေသော်လည်း လမ်းပြုပြင်မှု မရှိကြောင်း ဘော်ဘင်ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

သူက “ ၁၄ မိုင်ရှိတဲ့လမ်း တမိုင်တောင် မခင်းရသေးဘူး ရပ်သွားတယ်။ မြေနီခင်းတာ ငွေက သိန်း ၅ဝ ကျော်ကုန်သွားပြီလို့ ပြောတယ်။ ဒီလမ်းကို နေ့စဉ်သုံးတဲ့ ဆယ်ဘီး ဆယ့်နှစ်ဘီး သစ်ကားတွေ၊ ထော်လာဂျီ၊ မြင်းလှည်းနဲ့ ပစ္စည်းတင်လာတဲ့ စက်ဘီးတွေကအစ လမ်းကြေးပေးရတယ်။ ဒါပေမဲ့ လမ်းက ကောင်းမလာဘူး’’ ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စွပ်စွဲချက်အပေါ် ဖြေရှင်းရန် ဇီးကုန်းမြို့နယ် မယက ဥက္ကဋ္ဌထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

မယကအဖွဲ့နှင့် နီးစပ်သူတဦးက လက်ရှိအချိန်တွင် လမ်းကို အသုံးမပြုသင့်တော့သော်လည်း သစ်ကုမ္ပဏီများမှ ကားများကို ပိတ်ပင်ရန် မဖြစ်သောကြောင့် ပိုမို၍ လမ်းပျက်စီးလာကြောင်းနှင့် လမ်းပိုင်းကို အလုံးစုံပြုပြင်ရန် မြို့နယ်အဆင့်အနေဖြင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ရွေးကောက်ပွဲမတိုင်မီက နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ယင်းလမ်းကို ပြုပြင်ပေးမည်ဟု ပြောဆို၍ မဲဆွယ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

“ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဇီးကုန်းသားပေါ့။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်တုန်းက ဒီလမ်းကိုခင်းပေးမယ် ဘာညာ ပြောသေးတယ်။ လောလောဆယ် သူ့အပြောကို ထားပါဦး။ အခု စည်ပင်က ကောက်တဲ့ငွေက တနေ့ ၂ သိန်း လောက်ရတယ်။ အဲ့ဒီငွေတွေလည်း မပြဘူး၊ ကုမ္ပဏီက ပေးတဲ့ငွေလည်း မပြဘူး။ လမ်းကလည်း ဒီအတိုင်းပဲ’’ ဟု ဘော်ဘင်ရွာသားက ပြောဆိုသည်။

ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား

ခိုင်စု | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ် မဇ္ဈိမ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ဂီရိမုန်တိုင်းသင့်ဒေသများ ပြည်လည်ထူထောင်ရေးအတွက် ကူညီပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များက နိုင်ငံတကာကို ပန်ကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီတို့မှ ခေါင်းဆောင်များ ဦးရေစုစုပေါင်း ၃ဝ ခန့်က လက်မှတ်ရေးထိုးကာ နိုင်ငံတကာသို့ ယမန်နေ့တွင် ပန်ကြားလွှာတစောင် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဗမာပြည်က မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအား ကူညီရန် ပန်ကြားလွှာဆိုပြီး ထုတ်ပြန်တာပါ။ ဒီထုတ်ပြန်ချက်ကို နိုင်ငံအသီးသီးကိုလည်း မနက်ဖြန်ကစပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ ပန်ကြားလွှာကို NLD နှင့် CRPP အဖွဲ့ဝင်များက ဂီရိသင့်ဒေသများသို့ မကြာသေးခင်က သွားရောက်ကူညီခဲ့စဉ် ရရှိခဲ့သော အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် ရာခိုင်နှုန်း အနည်းငယ်သာ ကူညီနိုင်သေးကြောင်းနှင့် NLD က တတိယအကြိမ် ကျပ်သိန်း ၁ဝဝ ကျော် တန်ဖိုးရှိ အကူအညီများ ပေးအပ်စဉ် ဒေသခံများက လျှောက်လွှာပေါင်း ၂ဝဝဝ ခန့်ဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို တင်ပြခဲ့ရာ ပေါက်တောနှင့် မြေပုံမြို့နယ်အတွက် ဒေါ်လာ ၆ သန်းခန့် လိုအပ်မည်ဟု သုံးသပ်ထားကြောင်း ပန်ကြားလွှာတွင် ဖော်ပြသည်။

ပေါက်တောနှင့် မြေပုံတို့တွင် ဂီရိကြောင့် လယ်မြေဧက ၁ သိန်းခန့်အတွက် ရေငန်တားရန် တာတမံ မိုင်ပေါင်း ၉ဝ ခန့်၊ ရေလုပ်သား ၈၅ဝ အတွက် လုပ်ကိုင်စားရန် လှေများနှင့် ပိုက်များ၊ စာသင်ကျောင်း ၁၂ဝ ခန့်၊ ဘုန်းကြီးကျောင်း ၇ဝ ခန့် ပျက်စီးခဲ့ကာ၊ သောက်သုံးရေ အဝီစိတွင်းများ၊ မိုးရေလှောင်ကန်များ ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာ ၆ သန်းခန့် လိုအပ်ခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA အစီရင်ခံစာတွင် ဂီရိသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်လျက်ရှိရာ ထိုအထဲမှ ၂ဝ.၅ သန်းကို ထောက်ပံ့ပြီးပြီဟု ဖော်ပြထားသည်။ ထို့အပြင် လိုအပ်သည့် အရေးပေါ် အကူအညီ၏ ၄၅ ရာခိုင်နှုန်းသာ ပေးနိုင်သေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် အင်အားပြင်း ဂီရိဆိုင်ကလုန်းသည် ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့ရာ မြေပုံ၊ ကျောက်ဖြူ၊ မင်းပြားနှင့် ပေါက်တော ဒေသများ၌ ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၂ သိန်း ၆ သောင်းခန့် အခြေအနေမဲ့ကာ တသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။

သွားရောက်ကူညီနေသည့် ပုဂ္ဂလိကအဖွဲ့များကလည်း အဆိုပါ ဒေသများတွင် အမိုးအကာနှင့် အစားသောက်များ လိုအပ်နေသေးကြောင်း ပြောဆိုနေကြသည်။

မြန်မာနယ်စပ်သို့် တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့၏ စစ်စခန်းများ အမြန်တည်ဆောက်နေ

တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်းဆက်စပ်သည့် ၎င်း၏ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့်တပ်များသာထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန်တည်ဆောက်နေပါသည်။

ယခုချိန် ဆောက်လုပ်ခြင်းပြီးစီးတော့မည့် ထို မန်ဟိုင်း တရုတ်တိုက်ခိုက်ရေးစစ်စခန်းသည် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

စစ်စခန်းတွင် (၄) ထပ်တိုက်ဆောင်တစ်ခုနှင့် ၎င်း၏အနီးတ၀ိုက်တွင် တိုက်ငယ် အဆောင်များစွာကိုလည်း တည်ဆောက်နေကြောင်း ဒေသခံမျက်မြင်သက်သေများ ကချင်သတင်းဌာနသို့ ပြောပါသည်။

မုံဂိုးမြို့ခံတစ်ဦးက “အရင်က အဲတာတွေမရှိဘူး။ ခုတော့ မန်ဟိုင်း တိုက်ဆောက်တာ ပြီးတော့မယ်။ အဲတာပြီးတာနဲ့တော့ စစ်တပ်တွေ ဆင်းလာမယ်လို့ပြောတယ်။ သူတို့နှစ်သစ်ကူးပြီးရင်။” ဟု ပြောသည်။

၎င်းစစ်စခန်းအား ဆောက်လုပ်ပြီးပြီးချင်း PLA တိုက်ခိုက်ရေးတပ် တပ်ရင်းတစ်ရင်း အခြေစိုက်မည်ဖြစ်ကြောင်း နယ်စပ် တရုတ်စစ်တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်စစ်တပ်စခန်း အမြန်ပြီးစီးအောင်တည်ဆောက်နေခြင်းအား “အရင်က အဲ့မှာ စစ်တပ် မထားရဘူး။ နယ်ခြားစောင့်တပ်ပဲရှိတာ အခုအဲမှာ စစ်တပ်ကိုယ်၌လာထိုင်မယ်ဆိုတော့ တစ်ခုက မြန်မာစစ်တပ်ကို မယုံလို့ဖြစ်နိုင်တယ်။ တစ်ခုကတော့ ဒီ တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ပြည့် စောင့်ကြည့်ဖို့အတွက် ထားရှိတာဖြစ်မယ်။” ဟု ဒေသခံမှ သုံးသပ်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စစ်စခန်းအား အမြန်ပြီးအောင် နေ့ည မရပ်မနား တည်ဆောက်နေကြောင်းကိုလည်း ဒေသခံမျက်မြင်သက်သေများပြောပါသည်။ စစ်စခန်းဆောက်လုပ်နေခြင်းအား မည်သူမှ ဓါတ်ပုံရိုက်ယူခြင်း မပြုနိုင်အောင် တရုတ်စစ်သားများ စောင့်ကြပ်နေကြောင်း စုံစမ်းသိရှိရပါသည်။

နှစ်နိုင်ငံနယ်စပ်ပြဿနာနှင့်ဆက်စပ်ပြီး တရုတ်-မြန်မာစစ်ပွဲများ ပြီးခဲ့သည့် ၁၉၄၉ မှ ၁၉၈၈ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

ယခုတဖန် မြန်မာစစ်အစိုးရသည် တရုတ်၏မဟာပြိုင်ဘက် အမေရိကန်အစိုးရနှင့် ပိုမိုဆက်သွယ်လာခြင်းကြောင့် တရုတ်-မြန်မာအရေးအခင်း တဖန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း တရုတ်ဘက်က များစွာစိုးရိမ်ခြင်း မရှိကြောင်းသိရသည်။ အကြောင်းရင်းကတော့ စစ်ရေးအတွေ့အကြုံရှိပြီး အသက်အရွယ်ငယ်သေးသည့် တရုတ်စစ်သားဟောင်း ၂ သိန်းကျော်သည် မြန်ပြည်အတွင်း (အထူးသဖြင့်အောက်မြန်မာပြည်) ပြီးခဲ့သည့် ၄ နှစ်ကတည်းက စီးပွါးရေးခေါင်းစဉ်အမျိုးမျိုးသပ်ကာ ရောက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း နယ်စပ် တရုတ်အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နယ်စပ်ရှိ တရုတ်နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း “တရုတ်အစိုးရဟာ ၎င်း၏မြန်မာပြည်ရှိ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှု ရှူံးဆုံးသွားခြင်းထက်၊ မြန်မာပြည်သို့ အမေရိကန် ၀င်လာမည့်အရေးကို အစိုးရိမ်ဆုံးဖြစ်တယ်။” ဟု ပြောသည်။

ယခုလို မြန်မာနယ်စပ်ဘက်သို့ တရုတ်တိုက်ခိုက်ရေးတပ်များ ထားရှိရန်ပြင်နေခြင်းသည် မြန်မာစစ်ခေါင်းဆောင်များ နှင့် အမေရိကန်အရာရှိများကြား ပိုမိုတွေ့ဆုံလာခြင်းပေါ် တရုတ်၏တုံ့ပြန်မှုတစ်ခုဖြစ်နိုင်ကြောင်း နယ်စပ် နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြပါသည်။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး NLD ကြိုးပမ်း

By ဦးဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုလုပ်မယ့် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲက ရတဲ့ ရန်ပုံငွေတွေကို နိုင်ငံရေး အကျဉ်းသားတွေ လိုအပ်နေတဲ့ ဆေးဝါးနဲ့ အ၀တ်အထည်တွေအပြင် သူတို့မိသားစုတွေကိုလည်း ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်ထဲမှာ အအေးလှိုင်း ဖြတ်မယ်လို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားတာကြောင့်လည်း အဲဒီဒေသမှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကို ပိုပြီး စိုးရိမ်လာနေကြတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
NLD အနေနဲ့ လွတ်လပ်ရေးနေ့အကြို ဇန်န၀ါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ ရုံးချုပ်ရှေ့မှာ ဈေးရောင်းပွဲ ကျင်းပပြီး ရတဲ့ ရန်ပုံငွေတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လိုအပ်နေတဲ့ ဆေးဝါးနဲ့ စောင်တွေအပြင် သူတို့မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ အဲဒီက ရလာတဲ့ အမြတ်အစွန်းတွေ အားလုံးကို နိုင်ငံရေး အကျဉ်းသား မိသားစုတွေကိုရော၊ နိုင်ငံရေး အကျဉ်းသားတွေကိုရော လိုအပ်တဲ့ ဆေးဝါးတို့ ဘာတို့ ကူညီဖို့ ရည်ရွယ်ပြီး လုပ်မှာ ဖြစ်တယ်။ ကျနော်တို့ ရောင်းမယ့် ပစ္စည်းတွေကတော့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ လက်ဆောင်ပေးလို့ရတဲ့ Souvenir ပစ္စည်းတွေလေ။ နောက် အ၀တ်အထည်တချို့ ပါမယ်။ အဲဒီ အ၀တ်အထည်တွေကလည်း တကယ့်ကို မှတ်မှတ်သားသား သိမ်းထားလို့ ရလောက်တဲ့ အ၀တ်အထည်တွေ ဖြစ်မယ်။
“နောက်တခုကလည်း တချို့မြို့နယ်တွေက လာပြီးတော့ အစားအသောက်တွေလုပ်ပြီး ရောင်းချဖို့ အစီအစဉ်တွေ ရှိတယ်။ နည်းနည်း စည်စည်ကားကားလေး ဖြစ်အောင်ပေါ့။ အဲတော့ ၂ ရက်နဲ့ ၃ ရက်နေ့မှာ မနက် ၈ နာရီလောက်က စဖွင့်ပြီးတော့ ညနေအထိ တောက်လျှောက် ဈေးရောင်းပွဲတော် လုပ်မှာ ဖြစ်ပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ၄၄ နှစ်အတွင်း အအေးဆုံး အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနကလည်း တရားဝင် ထုတ်ပြန်ထားတာကြောင့် ဆေးဝါးနဲ့ အ၀တ်အထည် လုံလုံလောက်လောက် မရကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို မိသားစုဝင်တွေက ဒီရက်ထဲမှာ ပိုပြီး စိုးရိမ်လာနေကြတာပါ။
မြစ်ကြီးနားထောင်မှာ ရောက်နေတဲ့ ကိုသူရ ခေါ် ကိုဇာဂနာဟာလည်း အခုရက်ပိုင်းအတွင်း သူ့ရဲ့ နဂိုရောဂါတွေဖြစ်တဲ့ ကျီးပေါင်းတက်တာနဲ့ သွေးတိုးရောဂါတွေကို ပြန်ခံစားနေရတာကြောင့် သူတို့အနေနဲ့ ကိုဇာဂနာရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်မိတဲ့အကြောင်း ခယ်မတော်သူ မငြိမ်းက ပြောပြပါတယ်။
“ကျမ အဲဒီကလွတ်လာတဲ့ ဘုန်းကြီး ဦးစန္ဒိမာကို သွားတွေ့တယ်။ တွေ့တော့ နေလို့ကောင်းရဲ့လားလို့၊ ကျမလည်း ထောင်ဝင်စာ အပိတ်ခံရတာ ၇ လရှိပြီပေါ့။ အဲလိုဆိုတော့ သူက သူသိသလောက် ပြန်ပြောတာတော့ အကိုက သူနဲ့တော့ တိုက်မတူဘူး၊ ကျီးပေါင်း ပြန်ထနေတယ် ကြားတယ်တဲ့။ ကျီးပေါင်းရောဂါ၊ ပြီးတော့ သွေးတိုးနည်းနည်း ပြန်ပြီးဖြစ်နေတယ်လို့ ကြားတယ်လို့ ပြောတယ်။ အခု သူလွတ်လာတာ ၁၀ ရက်လောက်တော့ ရှိပြီနဲ့တူတယ်။
“ကျမ အဲဒီလိုတော့ ကြားတယ်၊ နေတော့ သိပ်မကောင်းဘူးဆိုပြီး ရာသီဥတု အေးတဲ့အပေါ်လည်း ကျမတော့ နည်းနည်း စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ကြီးနားက ကျမ ထောင်ဝင်စာ စတွေ့တဲ့ ၂၀၀၈ ကတည်းက တော်တော်အေးတာကို ကျမ ကြုံခဲ့ဖူးတယ်။ ကျမတို့ ရန်ကုန်ကဆိုတော့ မခံနိုင်ဘူးပေါ့နော်။ အခု ဒီနှစ် ဖုန်းလှမ်းဆက်ပြီး အသိတွေ မေးကြည့်တော့လည်း တော်တော့်ကို အေးတယ်တဲ့။ လေတိုက်တိုင်းကို စိမ့်နေတာပဲတဲ့။ မနှစ်ကနဲ့ မတူဘူးပေါ့။ အဲလိုဆိုတော့ အဲဒီအနေအထားပေါ်မှာတော့ ကျမလည်း စိုးရိမ်ပါတယ်။”
အခုလို ရာသီဥတု ဆိုးရွားတဲ့ အချိန်မှာ ကျီးပေါင်းရောဂါဟာ ပိုဆိုးလေ့ ရှိတယ်လို့ မငြိမ်းက ဆက်ပြောပြပါတယ်။
“ကျီးပေါင်းရဲ့ သဘောကတော့ ရာသီဥတုအေးတော့ အကြောအချဉ်တွေ တက်တယ်။ အဲဒီအနေအထားမှာ ဆိုရင် ပိုဆိုးတယ်ပေါ့။ နည်းနည်း ကိုယ်လက်လှုပ်ရှား Exercise လေးဘာလေး လုပ်ရင်တော့လည်း နည်းနည်း သက်သာသွားတာပေါ့။ ကိုယ်လည်း ခံစားနေရတော့ သိတာ။ အဲဒီအပေါ်မှာတော့ ကိုသူရလည်း သူ့ဟာသူတော့ နည်းနည်း အဆင်ပြေအောင်တော့ ရပ်တည်ရမယ်နဲ့ တူပါတယ်။ ကျမလည်း ဒီလိုပဲ ဆုတောင်းရုံမှတပါး ဘာမှလုပ်လို့လည်း မရကြဘူး။”
ဇနီး၊ သားသမီးသာ တွေ့ခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ထုတ်ပြန်ထားတဲ့ ထောင်စည်းကမ်းချက်ကြောင့် ခယ်မတော်သူ သူ့အနေနဲ့ ကိုဇာဂနာကို ထောင်ဝင်စာ မတွေ့ရတာ ၇ လရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်တာကြောင့် ဒီကိစ္စကို ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေထံ စာရေးတိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း မငြိမ်းက ဆက်ပြောပါတယ်။
“ကျမအနေနဲ့ မြင်တာလည်း သူတို့အနေနဲ့ ချထားတဲ့ ထောင်စည်းကမ်းကို ကျမတို့လည်း အကုန်လုံး၊ ကျမလည်း မိသားစုဝင်၊ သန်းကောင်စာရင်းထဲမှာလည်း မိသားစုဝင် ဖြစ်လျက်နဲ့ ဇနီး၊ သားသမီးနဲ့ တွေ့ခွင့်ပြုသည်ဆိုတဲ့ အမိန့်ကြီးကတော့ သိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်လွန်းတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမျိုးသမီး၊ သူ့သားသမီးက၊ ကလေးတွေ ကျောင်းတက်လို့ မလတ် လိုက်သွားမှန်းလည်း သိသိကြီးနဲ့ ဒီ ဇနီး၊ သားသမီးနဲ့ တွေ့ခွင့်ပြုသည် ဆိုတဲ့ အမိန့်ကြီးကတော့ သိပ်ရုပ်ဆိုးလွန်းတယ်ပေါ့။ အဲဒီအပေါ်မှာတော့ ကျမတို့ စာထပ်တင်သွားမယ်။”
ကိုဇာဂနာရဲ့ ခယ်မတော်သူ မငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဆောင်းရာသီမှာ အအေးပိုတဲ့အတွက် ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေး အခြေအနေဟာလည်း ပိုဆိုးနေတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြပါတယ်။
“အအေးလှိုင်းဖြတ်တော့ ရာသီဥတုက ပိုအေးနေတယ်။ ပိုအေးနေတော့ အထဲမှာ ရှိတဲ့သူတွေ၊ ဥပမာ ကိုမင်းကိုနိုင်ဆိုရင် အေးလွန်းအားကြီးလို့ ခြေလက်တွေတောင် တုံ့ဆိုင်းသလို ဖြစ်တယ်လို့ ကြားနေရတာ ရှိပါတယ်။”
ကိုဘိုကြည် ပြောပြခဲ့တာ ဖြစ်ပါတယ်။
တခြား နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဟာလည်း လူ့အခွင့်အရေး အမျိုးမျိုးကို ချိုးဖောက်ခံနေကြရတာကြောင့် အဲဒီ ချိုးဖောက်ခံနေရတဲ့ အခွင့်အရေးတွေ သိရှိလာအောင် အကျဉ်းထောင် လက်စွဲစာအုပ် ထုတ်ဝေနိုင်ဖို့ NLD ဘက်က စီစဉ်နေပါတယ်။
ဒါ့အပြင် အပြင်မှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီပေးကြဖို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပက လာရောက်တဲ့ သံတမန်တွေ၊ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းမီဒီယာ အဖွဲ့တွေ နေ့စဉ်လို လာရောက် တွေ့ဆုံနေကြပါတယ်။ ဒီကနေ့မှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီ အရေးကို အခက်အခဲ အမျိုးမျိုး ကြားကနေ ဆယ်စုနှစ် ၂ ခုကျော်ကြာ စိတ်ဓာတ်အင်အား ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီအင်အားတွေရအောင် ဘယ်လိုလုပ်ယူတယ် ဆိုတာကို လေ့လာ သင်ယူဖို့လည်း မျှော်လင့်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းထောက်တွေကို သူမက ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး တလခွဲကျော် ကာလအတွင်း နိုင်ငံခေါင်းဆောင်တွေက စာနဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး နှုတ်ဆက်ခဲ့ကြပါတယ်။ အခု မစ္စစ် လာဂါးဒါး လာရောက်မှုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရ အဆင့်မြင့် အရာရှိတဦး ပထမဆုံး လူကိုယ်တိုင် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပက လာရောက်တဲ့ သံတမန်တွေ၊ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းမီဒီယာ အဖွဲ့တွေ နေ့စဉ်လို လာရောက် တွေ့ဆုံနေကြပါတယ်။ ဒီကနေ့မှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေးကို အခက်အခဲ အမျိုးမျိုး ကြားကနေ ဆယ်စုနှစ် ၂ ခုကျော်ကြာ စိတ်ဓာတ်အင်အား ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီအင်အားတွေရအောင် ဘယ်လိုလုပ်ယူတယ် ဆိုတာကို လေ့လာ သင်ယူဖို့လည်း မျှော်လင့်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းထောက်တွေကို သူမက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး တလခွဲကျော် ကာလအတွင်း နိုင်ငံခေါင်းဆောင်တွေက စာနဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး နှုတ်ဆက်ခဲ့ကြပါတယ်။ အခု မစ္စစ် လာဂါးဒါး လာရောက်မှုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရ အဆင့်မြင့် အရာရှိတဦး ပထမဆုံး လူကိုယ်တိုင် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

Follow

Get every new post delivered to your Inbox.

Join 996 other followers