Home » 2010 » October

Monthly Archives: October 2010

ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်း

နိုဝင်ဘာ 13 ရက်နေ့ ဒေါ်စု လွတ်ရက်စေ့ပြီ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစည်းရေး ကိစ္စရပ်တွေအပေါ် အဓိကထား ဆွေးနွေးကြမယ်။

“ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ ကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး”

မျိုးမျိုး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးလှမြင့်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယှဉ်ပြိုင် ဘက်ပါတီများအပေါ် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကြောင်းပြောသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြမယ့် နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက တွေအားလုံးကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပါတယ်။ ဒီအတိုင်း ဆက်ဆံသွား ပါမယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး”ဟု ဦးလှမြင့်ဦးက ဆိုသည်။

အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ရှစ်ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ရှစ်ဦး၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလနှစ်ဦး စုစုပေါင်း ၁၉ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးလှမြင့်ဦးသည် တပ်မတော်တွင် ၁၇ နှစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နှစ် ၂၀၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့တွင် ၁၂ နှစ်ဖြင့် နိုင်ငံ့တာဝန်ကို ၄၉ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်သည်။

တခြားပါတီများထက် အားသာချက်ရှိစေရန် ပြင်ဆင်ထားမှုနှင့်ပတ်သက်ပြီး ၎င်း၏မွေးရပ်ဇာတိမြေဖြစ်သည့်အတွက် ဒေသခံများနှင့် ထိတွေ့မှုရှိခဲ့ပြီး ရွေးကောက် ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံသည့်အခါတွင်ဒေသခံများနှင့် ပိုမိုထိတွေ့မှုရယူပြီး ပါတီ၏မူဝါဒ၊ ရည်မှန်းချက်၊ ယုံကြည်ချက်နှင့် လုပ်ငန်းစဉ်တို့ကို ပြောပြကာ စည်းရုံးမှုများဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို စိန်ခေါ်နေသော အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဧရိယာ
စန္ဒာလွင်၊ စိုးသန်းလင်းနှင့် ကျော်ဆုမွန်
ပူးပေါင်း ရေးသားသည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စောင့်ကြိုနေသည့် စိန်ခေါ်မှုများတွင် ‘အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ(Asean Free Trade Area – AFTA)’ စိန်ခေါ်မှုသည် အကြီးမားဆုံး အနေအထားတွင်ရှိပြီး အရေးထား ဆောင် ရွက်စေလိုကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။

“လာမယ့် လွှတ်တော်သစ်၊ အုပ်ချုပ်ရေးသစ်က နိုင်ငံရေးကိစ္စတွေ၊ အုပ်ချုပ်ရေးကိစ္စတွေကို သွားနေ၊ အဲဒါတွေကို အလေးပေးနေရင် စီးပွားရေးကိစ္စမှာ အားနည်းသွားမှာကို အရမ်းစိုးရိမ်တယ်။ အခုအက်ဖ်တာနဲ့ပတ်သက်ပြီး လုပ်ငန်းအဆင့်မဟုတ်တဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားနိုင်တဲ့ macro economic management က အခုချိန်အထိ မရှိသေးဘူး”ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။

“ကျွန်တော်တို့ mechanism (လုပ်ငန်းယန္တရား)တွေက AFTA market ကြီးကို လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ AFTA အတွက်ကို အခုကတည်းက ဈေးကွက်ကို ပြင်ဆင်ရမယ်”ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဟောင်း ဗိုလ်မှူးချုပ်အေဘဲလ်(ငြိမ်း)က ပြောကြားသည်။

ရွေးကောက်ပွဲကြီး နီးပြီမို့ နိုင်ငံရေး ပါတီတို့ စည်းရုံးရေး ဆင်းကြပြီ

ရွေးကောက်ပွဲ အကြို ကာလ စည်း ရုံး မဲဆွယ်ရေး လုပ်ငန်းများကို နိုင်ငံရေး ပါတီများ က လုပ်ဆောင် ကြရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ရပ်ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း၊ လက် ကမ်း စာစောင် ဝေခြင်း၊ ဘေလ်ဘုတ် ထောင်ခြင်း၊ စာစောင် ဖြန့်ဝေခြင်း၊ ခန်းမ ငှားရမ်းကာ ဟောပြော စည်းရုံးခြင်း များ လုပ်လာ ကြသည်ကို တွေ့မြင် နေရ သည်။

နိုင်ငံရေး ပါတီ အများစုမှာ ငွေ ကြေး မတတ်နိုင် ကြသဖြင့် ခန်းမငှား ရမ်း ဟောပြောခြင်းနှင့် ဘေလ်ဘုတ် ထောင်ခြင်း များကို မတတ်နိုင် ကြဘဲ လက်ကမ်း စာစောင်ဝေငှခြင်း နှင့် ရပ် ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း ကိုသာ အများဆုံး အသုံးပြု နေကြရ သည်။ တစ်သီး ပုဂ္ဂလ များလည်း မိမိ အစီအစဉ်ဖြင့် စည်းရုံးရေး ဆင်းနေ ကြ သည်။

အမျိုးသား ဒီမိုကရေစီ အင်အား စု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်း ငြိမ်းက “ကင်ပိန်း အတွက် သုံးဖို့ အချို့ ပါတီက သိန်း ၁၀၀ လောက် မှန်းနေ ကြတယ်။ ကျွန်တော်တို့ ကတော့ မတတ် နိုင်ဘူး။ လက်ကမ်း စာစောင်တောင် A4 တစ်ရွက် အပြည့် မသုံးနိုင်ဘူး။ တချို့ နေရာတွေမှာ A4 လေးပုံ သုံးပုံ လောက် ပဲ စာရွက် ခပ်ကြမ်းကြမ်းနဲ့ ရိုက်နိုင် တယ်။ တချို့ ကိုယ်စားလှယ် တွေဆို ဘာမှ မလုပ်နိုင်လို့ ပါတီ အဖွဲ့ချုပ် က လုပ်ပေး ရတယ်။ ဘေးလ်ဘုတ် ထောင် ဖို့က တစ်နှစ်စာ ပေးရတယ်။ တစ်နှစ် ကျော်ရင် လည်း ဒဏ်ကြေးက ကျပ် ၅၀,၀၀၀ ဒဏ်ရိုက်ဦးမယ်။ မတတ်နိုင် ဘူး။ ခန်းမ ငှားပြီး ဟောပြောဖို့ ကတော့ ဝေလာ ဝေးပဲ။ နည်းနည်း နဲ့ ကျဲကျဲဝိုင်း နေရတယ်” ဟု ဆိုသည်။

ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက် သည့် ဒီမို ကရက်တစ် (မြန်မာ) ပါတီ အနေဖြင့် လက်ကမ်း စာစောင် များ၊ ဒေါင်းအိုးဝေ စာစောင် နှင့် CD များကို ပါတီ ရန်ပုံငွေ ရရှိရေးနှင့် စည်းရုံးရေး အတွက် လိုက်လံ ဝေငှခြင်း အပြင် ရပ် ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း များ ပါ ဆောင်ရွက် နေကြသည်။

မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင် ကလည်း “ရ တဲ့အချိန်နဲ့ စည်းရုံးရေး တောင် ကောင်း ကောင်း မလုပ်နိုင် သေးဘူး။ ဒါကြောင့် မဲအောင်နိုင် ရေးတို့၊ မဲရုံ ကိုယ်စားလှယ် ထားရေး တို့ဆို တာ မစဉ်းစား နိုင်သေး ဘူး။ စည်းရုံးရေး ဆင်းတာတောင် လက် ကမ်းစာစောင် ရိုက်ဖို့ အခက်အခဲ ရှိလို့ တစ်အိမ်တက် တစ်အိမ်ဆင်း စည်းရုံး ရေး ဆင်းနေ ရတယ်” ဟု ဆိုသည်။ ပါတီ စည်းရုံး မဲဆွယ် ဟောပြောပွဲ ကို ဓမ္မာရုံ ဘေးရှိ ဘော်လီ ဘောကွင်း ကွက်လပ် တွင် လုပ်ခဲ့ ရသည်။

မဲ ဆန္ဒ နယ်တစ်နယ် တွင်မဲပေးနိုင် သူဦးရေ မည်မျှ ရှိသည်၊ အရေအတွက် မည်မျှ လာမဲ ပေးသည်၊ ကျန်မဲ အရေ အတွက် မည်မျှရှိသည်၊ ပယ်မဲ ဖြစ်မ သွားစေရန် မဲလာ ပေးသူကို ကြိုဆိုပြီး မည်သို့ မဲပေး ရမည်ကို ရှင်းပြရန် နှင့် မဲရေတွက် မှု သိရှိရန် မဲရုံ ကိုယ်စားလှယ် ထားရှိ သင့်သော်လည်း အချိန်နှင့် အခြေ အနေ အရ နိုင်ငံရေး ပါတီ အများစုမှာ မဲရုံ ကိုယ်စားလှယ် မထား နိုင်ကြဟု ဆို သည်။

ခေတ်သစ် ပြည်သူ့ ပါတီအနေဖြင့် တိုင်း ဒေသကြီး လွှတ်တော် တွင် အများ ဆုံး ပါဝင် ယှဉ်ပြိုင် မည်ဖြစ်သဖြင့် နယ် မြို့နယ်များကို အခြေပြု စည်းရုံးသွား မည်ဟု ဆိုသည်။ မဲအောင်နိုင် ရေး အတွက် မြို့နယ် အလိုက် အောင်နိုင်ရေး ကော်မတီများ ဖွဲ့စည်းထားပြီး သက် ဆိုင်ရာ မြို့နယ် အလိုက် စည်းရုံးရေး လုပ် သွားမည်၊ လိုအပ် လျှင် ဗဟိုက ဆင်းပြီး ဟောပြောပွဲ လုပ်ပေးမည် ဟု ခေတ်သစ် ပြည်သူ့ ပါတီ ဥက္ကဋ္ဌဦးထွန်းအောင် ကျော်က ပြောကြားသည်။

ပုဇွန်တောင် မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် များက ပိုစတာများ ရိုက်ကာ လူမြင်ကွင်း တွင် ချိတ်ဆွဲ ကပ်ထားခြင်း မျိုးဖြင့် စည်း ရုံးမဲဆွယ်ရေး လုပ်ကြသည် ကိုလည်း မြင်ရသည်။

ရွေးကောက် ပွဲပြီးကာနီး လာပြီ။ ရွေးကောက်ပွဲ အကြို ကာလ စည်းရုံး ရေးကိုလည်း စည်းကမ်း တကျ ဆင်း နေကြပြီ။ ရေဒီယိုနှင့် မြန်မာ့ရုပ်မြင် သံကြား မှလည်း ရွေးကောက်ပွဲဝင် ရောက်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီ အား ဟောပြော စည်းရုံး ခွင့်ပြုထား၍ အလှည့်ကျ စည်းရုံး ဟောပြောခွင့် ရ နေကြပြီ။ သတင်း ဂျာနယ် စာစောင် များကလည်း တတ်နိုင်သမျှ နိုင်ငံရေး ပါတီများ အကြောင်း ထည့်သွင်းဖော် ပြ ရေးသား နေကြပြီ။ ဘယ်သူတွေ၊ ဘယ်ပါတီ တွေနိုင်၍ ဘယ်သူ တွေ ငိုင်ကြမည် ကိုတော့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း မှ သိရ ပေ တော့မည်။ ယခု စည်းရုံးရေး ကာ လ မှာတော့ လက်ကမ်း စာစောင် ကင် ပိန်း ကိုသာ အများစုက အားပြု နေကြ ကြောင်းပါ။

မောင်မောင်စိုး

မြန်မာ့ရွေးကောက်ပွဲ – ပြည်သူဘာကြောင့်ပါသင့်သလဲ

by Freemedia Forburma on Sunday, 24 October 2010 at 11:46

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ခေါ် မြန်မာစစ်အစိုးရသည် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံဖြင့် သာယာစိုပြေဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မည်ဟု တလျှောက်လုံးကြွေးကြော်လာခဲ့သည်။ သို့သော် မလိုသူများက အဆိုပါလမ်းပြမြေပုံသည် စစ်အုပ်ချုပ်ရေးကိုတရားဝင် တည်တံ့ခိုင်မြဲအောင်လုပ်ခြင်းဟုသာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ဖာသာသူတို့ပေးအပ်ထားသော တာဝန်အရ နအဖသည် ရွေးကောက်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင်ကျင်းပမည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဤတွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောာင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမှ ပတ်သက်နေသူများ အကြား ရွေးကောက်ပွဲတွင် မြန်မာပြည်သူများပါဝင်သင့် မသင့် အကြီးအကျယ်ငြင်းခုံလာတော့သည်။

ဒီမိုကရေစီအရေး စည်းရုံးလှုံ့ဆော်နေသူများအကြားတွင်လည်း ရွေးကောက်ပွဲအယူအဆကို သတိကြီးစွာထားပြီးထောက်ခံသူနှင့် မထောက်ခံသူဟူ၍ကွဲပြားသွားတော့သည်။ လာမည့် ရွေးကောက်ပွဲကိုဆန့်ကျင်သူတို့က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် စစ်အစိုးရခေါင်း ခေါက်ရွေးထားသည့် ဥပဒေပညာရှင်များ ၁၄ နှစ်ကြာရေးဆွဲထားသည့် ၂ဝဝ၈ အခြေခံဥပဒေ ကို ထောက်ခံအသိအမှတ်ပြုရာရောက်လိမ့်မည်ဟုဆိုသည်။ မနှစ်မြို့သူအများစုကမူ အဆိုပါဖွဲ့စည်းပုံကို စစ်အစိုးရသက်ဆိုးရှည်ရေး ကြိုးပမ်းမှုသက်သက်သာအဖြစ် မြင်ကြသည်။ အခြားတဖက်တွင်မူ ရွေးကောက်ပွဲကို သတိကြီးစွာထားပြီး ထောက်ခံသူတို့ကလည်း မြန်မာ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးသို့ တဖြေးဖြေးသွားနေသည့် အဆင့်တဆင့်ဟု မြင်ကြသည်။ စစ်အစိုးရထုတ်ဖော်ကြေညာထားသည့် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံ အပါအဝင် နိုင်ငံရေးရည်မှန်းချက်များ မလုပ်နိုင်အောင် ဟန့်တားနှောင့်ယှက်ရာတွင် မအောင်မြင်ခဲ့ကြောင်း အဆိုပါ သတိကြီးကြီးနှင့် ထောက်ခံသူများက ထုတ်ဖော်ဝန်ခံကြသည်။ အယူအဆများမည်သို့ပင်ကွဲပြားပါစေ၊ နှစ်ဖက်စလုံးတွင် တူညီသောကံကြမ္မာနှင့် တူညီသောအကျိုးစီးပွားရှိကြသည်။ ယင်းတို့မှာ စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြခြင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများပေါ်ပေါက်လာစေရန် တောင့်တခြင်းဖြစ်သည်။

တူညီသောရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားသောမြန်မာနိုင်ငံသို့ရှေ့ရှုချီတက်ရာ တွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမိတ်ဆွေများ ကျနော်တို့အားလုံးတွက် အရေးကြီးသည်က ဖြေးဖြေးပင်ဖြစ်သော်လည်း မြန်မာနိုင်ငံကို မုချ ဒီမိုကရေစီအပြည့်အဝရှိစေသည့် နိုင်ငံအဖြစ်ဦးတည်သွားစေမည့် အလုပ်ဖြစ်နိုင်သော အတွေးအခေါ်များနှင့် လက်တွေ့ ကျသည့်ချဉ်းကပ်မှုများရှိစေရေးပင်ဖြစ်သည်။ ၁၉၈၈ လူထုအုံကြွမှုကြီးပြီးကထဲက ကျနော်တို့ နှစ်ပေါင်း ၂ဝ ကျော်ကြာ ကျင့်သုံးလာခဲ့သော အဂ္ဂမဟာဗျူဟာဖြစ်သည့် တဖက်သတ်ပိတ်ဆို့ ဒဏ်ခတ်အရေးယူခြင်းများ၊ အထီးကျန်ထားခြင်းနှင့် ကြေညာချက်များထုတ်ပြန်ခြင်းစသည်တို့သည် စစ်အစိုးရကို ဒီမိုကရေစီစနစ်ကူးပြောင်းရေး ဖိအားပေးရာတွင် မထိရောက်ကြောင်း တွေ့ခဲ့ရပြီးဖြစ်သည်။ လက်တွေ့ကျသောချဉ်းကပ်မှုဆိုသည်မှာ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများကိုကျင့်သုံးပြီး တဆင့်ပြီးတဆင့်ပြောင်းလဲရေး၊ ပြည်တွင်းဖိအား ကို ပြင်ပအင်အားစုများ၏ ထောက်ခံအားပေးမှုဖြင့် အသုံးချခြင်းတို့ဖြစ်သည်။ မြန်မာပြည်တွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ပြည်တွင်းမှသာလာရမည်ဆိုသည်ကို သိရှိပြီးဖြစ် သည့်အလျောက် ဘက်ပေါင်းစုံညှပ်၍ဖိအားပေးသည့်နည်းကို ထောက်ခံအားပေးကြရမည်။ သို့သော် ဘက်ပေါင်းစုံဆိုရာ၌လည်း အဓိကမှာ ပြည်တွင်းဖိအားသာဖြစ်ရမည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲသည် မြန်မာပြည်တွင်းမှပြည်သူများ စစ်အစိုးရကိုဖိအားပေးနိုင်မည့် နည်းလမ်းတရပ်ဟု ကျနော်တို့ယုံကြည်ပါသည်။

တဖြေးဖြေးပြောင်းလဲယူရေးတည်းဟူသော ကျွန်ုပ်တို့၏မဟာဗျူဟာကိုလက်ခံသည့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တည်း ဟူသော ဥပဒေပြုအဖွဲ့များတွင်ရွေးကောက်ခံရမည့် အမတ်များသည် စစ်အစိုးရကို ဒီမိုကရေစီစံများ ကျင့်စဉ်များလက်ခံကျင့်သုံးလာစေရန် ဖိအားပေးနိုင်ကြပါလိမ့်မည်။ လာမည့် ရက်များတွင် စစ်အစိုးရလုပ်သမျှကို ဆန့်ကျင်ကန့်ကွက်ရုံသာကန့်ကွက်နေပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခြေအနေများပြောင်းလဲရေး၌ အခြားလမ်းကြောင်းများရှိသေးကြောင်း ချမပြနိုင်လျှင် ဒီမိုကရေစီအတိုက်အခံများ၏ ကြိုးပမ်းမှုများကို သဏ္ဌာန်မျှသာ ပြယုဂ်ကျန်အောင် အဆင့်အတန်းလျှောကျသွားစေလိမ့်မည်။ ဤသို့ဆိုသဖြင့် စစ်အစိုးရသည် သူ့အကျိုးစီးပွားနှင့် စည်းစိမ်ဥစ္စာကိုကာကွယ်ရန် ဘာမဆိုလုပ်မည်ဟူသည့် အချက်ကိုငြင်းပယ်ခြင်း မဟုတ်ပါ။ စစ်အစိုးရ၏သန္နိဋ္ဌာန်ဖြစ်သော သူတို့၏စစ်တပ်အုပ်စိုးမှုကို ကာကွယ်ရန် ကတုတ်ကျင်းတူးအခိုင်အမာနေရာယူနေကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေက သက်သေခံ နေပါသည်။ ဥပဒေပြုလွှတ်တော် ၄ ရပ်စလုံးတွင် စစ်တပ်အတွက် ၂၅ ရာနှုန်း သောနေရာကို သီးသန့်ဖယ်ထားရသည်။ ထို့ပြင် အရေးပါသည့်အစိုးရဌာနကြီးများ၏ အကြီးအကဲများကို စစ်တပ်တွင်အမှုထမ်းဖူးသူများသာ ခန့်ထားရမည်ဟု အခြေခံဥပဒေကပြဋ္ဌာန်းထားသည်။ ပို၍ဆိုးသည်က အခြေခံဥပဒေကိုပြင်ဆင်မှုမှန်သမျှ လွှတ်တော်အမတ်အားလုံး၏ ၇၅% ကျော် က ထောက်ခံရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လက်တွေ့အားဖြင့် ပြောရ လျှင် အနာဂတ်တွင်ပြုလုပ်မည့် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မဆို စစ်တပ်၏ ထောက်ခံမှုလိုမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံမှတဆင့် စစ်တပ်အုပ်စိုးမှုကို ခိုင်မာအမြစ်တွယ်အောင်လုပ်ထားသည်ကိုကြည့်လျှင် မည်သည့်ဖွဲ့စည်းပုံမဆို လွှမ်းမိုးချုပ်ကိုင် ထားသောအင်အားစု၏ စိတ်ဆန္ဒကို ရောင်ပြန်ဟပ်နေခြင်းကို သက်သေပြနေသည်။

စစ်အစိုးရက သူ့ရည်မှန်းချက်ပန်းတိုင်ရှိရာကို သွားနေသည်ကို ကျနော်တို့ မဟန့်တားနိုင် ကြောင်းဝန်ခံပါသည်။ သို့သော် မြန်မာပြည် ဒီမိုကရေစီအပြည့်အဝရှိသည့် အခြေအနေသို့ ကူး ပြောင်းသွားပါက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပယ်ဖျက်ပစ်နိုင်သည်ဟူသည့် အချက်ကြောင့် ကျနော်တို့အားတက်မိပါသည်။ ယခင်ဖွဲ့စည်းပုံဟောင်းများပျက်ပြယ်သွားခဲ့ သည့် အတွေ့အကြုံများကလည်း ဤအချက်ကိုထောက်ခံနေပါသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေ၊ ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံအခြေခံဥပဒေ၊ ၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးတို့သည် အစိုးရများပြောင်းလဲသွားသည်နှင့်တပြိုင်နက် ပျောက်ကွယ်သွားကြသည်။ အလားတူပင် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း သမိုင်းအမှိုက်ပုံထဲသို့ အနှေးနှင့်အမြန် ရောက်ရှိသွားမည်သာဖြစ်သည်။ ထို့ကြောင့် ညီတော်နောင်တော်များကို တိုက် တွန်းလိုသည်မှာ ဆန့်ကျင်လိုစိတ်သက်သက်မျှနှင့်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးဟူသောတိုက်ပွဲတွင် နစ်မနေပါစေနှင့်။ ထိုသို့ဖြစ်နေမည့်အစား ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အတိုက်အခံတို့၏အခန်းကဏ္ဍ အသေးစိတ်မဟာဗျူဟာကျကျ ပြန်လည်နေရာချထားခြင်းကိုသာ အာရုံစိုက်လုပ်ကြပါဟု ပြောလိုသည်။

ဤသို့ကျနော်တို့၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အနာဂတ်မဟာဗျူဟာချမှတ်ရာတွင် ကျနော် တို့ အလေးအနက်အကြံပြုလိုသည်မှာ တစတစပြုပြင်ပြောင်းလဲရေးသည်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီအပြည့်အဝရှိသည့် နိုင်ငံတနိုင်ငံအဖြစ် အမှန်တကယ်ပြောင်းလဲပေးနိုင်မည့် အလုပ် ဖြစ်သောချဉ်းကပ်မှုဖြစ်သည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဤချဉ်းကပ်မှုကို ကျနော်တို့ အဘယ်ကြောင့်ချမှတ်ရသည်ဆိုသည့် အကြောင်းများမှာ ဤသို့ဖြစ်သည်။

ယခုအထိ စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ပြီး အထီးကျန်ဖြစ်အောင် လုပ်ရေးကြိုးပမ်းချက်များ မအောင်မြင်မထိရောက်သေးပါ။ ဒေသတွင်းအင်အားကြီးနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံ နိုင်ငံတို့၏ ထောက်ခံမှုမရသည့် ဒဏ်ခတ်ပိတ်ဆို့ မှုများသည် စစ်အစိုးရအပေါ် စတိမျှလောက်သာကျရောက်ပါလိမ့်မည်။ အသားအရောင်ခွဲခြား သော အစိုးရကို ကုလသမဂ္ဂကဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် တောင်အာဖရိကနိုင်ငံ၏ အတွေ့ အကြုံကကျနော်တို့နှင့်ကွာသည်က နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သည့်ထောက်ခံမှု ကိုရရှိခြင်းဖြစ်သည်။ သို့သော်မြန်မာအတိုက်အခံများကမူ နိုင်ငံတကာအဆင့်တွင် ဘုံသဘော ထားတရပ်ရအောင်မယူနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ ရေးကို မလုပ်နိုင်ခဲ့ကြပါ။

ကိုယ်ပိုင်အကျိုးစီးပွားများရှိနေသည့်အတွက် တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့လို ဒေသတွင်းနိုင်ငံများမှာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ ရန်တောင်းဆိုမှုတွင် မပါကြပါ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ သမ္မတအိုဘားမားအစိုးရ ၏ စည်းကမ်းချက်များထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒကို ထောက်ခံရသည်။ ဤသို့ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများချမှတ်ကြရန် တောင်းဆိုခြင်းဖြင့် နိုင်ငံတကာအစိုးရများအဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးရာတွင် ပြည်ပမှမဟုတ်ဘဲ ပြည်တွင်းမှပေးရန် အကောင်းဆုံးအခွင့်အလမ်းများရစေမည်ဟု ကျနော်တို့ယုံကြည်ပါသည်။ အဆုံးစွန်ပြောရလျှင် ဤနည်းလမ်းကိုသုံးခြင်းဖြင့် ကျနော်တို့နှစ်ရှည်လများ လိုချင်တောင့်တနေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးတည်းဟူသောရည်မှန်းချက် အောင်မြင်ရန် အခွင့်အလမ်းကောင်းများပိုရရှိစေလိမ့်သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပြည်တွင် စစ်မှန်သော အပြောင်းအလဲများသည် ပြည်တွင်းမှသာလာမည်ဟူသည့် အယူအဆကို ကျနော်တို့လက်ခံကြရမည်။ ဤသို့ဆိုရာတွင် နိုင်ငံများစွာတွင် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခဲ့သည့် လူထုအုံကြွမှုများလည်းပါသည်။ သို့သော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၈၈ နှင့် ၂ဝဝ၇ လူထုအုံကြွမှုနှစ်ရပ်စလုံးတွင် အပြစ်မဲ့အရပ်သားများသေကြေခဲ့ရပါသည်။ နှစ်ကြိမ် စလုံးတွင် အတိုက်အခံခေါင်းဆောင်မှု၏ အရည်အချင်းမပြည့်စုံမှုကြောင့် ဆန္ဒပြပွဲများရှုံးနိမ့်ခဲ့ရသည်။ စစ်အစိုးရက ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်နှိမ်နင်းသည်ကို တွေ့ခဲ့ရပြီးနောက် ပြည်တွင်းမှ ပြည်သူများ အရင်ကထက်ပိုကြောက်သွားကြသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးစစ်တပ်တတပ်ရှိနေသည့် နိုင်ငံတွင် နောက်ထပ် ကြီးမားသည့် လူထုဆန္ဒပြပွဲကြီးတရပ်ပေါ်ပေါက်လာရေး မျှော်မှန်းကြည့်ရသည်မှာ ပိုပြီးခက်လာသည်။ ထို့ပြင် မကြာမီနှစ်များအတွင်း စစ်တပ်အင်အားအကြီးအကျယ်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲနည်းဖြင့် ဖြုတ်ချရေး ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

ထို့ကြောင့်ထိတွေ့ဆက်ဆံမှုလည်းမရှိ၊ ပြည်တွင်းဖိအားလည်းမရှိသည့် ပြင်ပဖိအားဆိုသည်မှာ နောင်တွင်လုံလောက်တော့မည်မဟုတ်ပါ။ ပြည်တွင်းအင်အားစုများကို အများဆုံးဖြစ်စေရန် အင်အားစုဆောင်းသည့် နိုင်ငံရေးယဉ်ကျေးမှုတရပ် ပြည်တွင်းတွင်ပြောင်းလဲကျင့်သုံးရေး ကျနော်တို့အာရုံစိုက်လုပ်ဖို့လိုပါသည်။ ရည်ရွယ်ရင်းက ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကျင့်စဉ်များ စတင်ပျိုးထောင်သည့်လုပ်ငန်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးစင်မြင့်တရပ်ရရှိရေးပင်ဖြစ်သည်။ ထိုစင်မြင့်မှတဆင့် အာဏာရှိသူများနှင့် အတိုက်အခံအဖွဲ့အစည်းတို့အကြား အကြမ်းမဖက်နည်းလမ်းနှင့် တယောက်နှင့်တယောက်ထိတွေ့ဆက်ဆံနိုင်ကြမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲယူရာတွင် လူလတ်တန်းစားများသည် အဓိကစွမ်း ဆောင်နိုင်သူများဖြစ်သည်ဟု ယုံကြည်သည့်အလျောက် အဆိုပါလူလတ်တန်းစားများ တိုးပွား လာနိုင်ရေး အထောက်အကူပြုမည့် စီးပွားရေးစနစ်ကို ဖွင့်ပေးရေး ကျနော်တို့ တောင်းဆိုပါသည်။ နောက်ပိုင်းတွင် အဆိုပါ လူလတ်တန်းစားက တာဝန်ယူမှုရှိပြီး ဥပဒေကအမြင့်ဆုံးတွင်ရှိသည့် အစိုးရကောင်းကိုသာ တောင်းဆိုကြမည်မဟုတ်တော့ဘဲ အုပ်ချုပ်ရေးကိစ္စတွင် သူတို့လည်း ပြောရေးဆိုခွင့်ရရန် တောင်းဆိုကြမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစဉ်အလာတရပ်မရှိခြင်းဆိုသည့် အချက်ကို မြန်မာ့အရေး စောင့်ကြည့်လေ့လာလိုသူများလက်ခံရန်လည်း အကြံပြုလိုပါသည်။ မြန်မာ့နိုင်ငံရေးယဉ်ကျေး မှုတွင် ထိုအလေ့အကျင့် မရှိခြင်းမှာ ၁၉၄၈ လွတ်လပ်ရေးရပြီးကထဲကဖြစ်သည်။ ခေတ်သစ်မြန်မာသမိုင်းတလျှောက် ဒီမိုကရေစီအစိုးရလက်အောက်မှာရော၊ အဆက်ဆက်သော အာဏာရှင်စစ်အစိုးရလက်ထက်များတွင်ပါ အာဏာရှင်နိုင်ငံရေးယဉ် ကျေးမှုနှင့် မင်းဆိုးမင်းညစ်အစဉ်အလာများသာ အဓိကအားဖြင့် လွှမ်းမိုးနေခဲ့သည်။

၁၉၄၈ မှ ၁၉၆၂ အတွင်း ပါလီမန်ဒီမိုကရေစီခေတ်ကို လေ့လာသုံးသပ်ချက်များအရ အာဏာရ ဖဆပလ နှင့် အတိုက်အခံပါတီများကြားဆက်ဆံရေးသည် မပူးပေါင်းရေး၊ အလျှော့မပေးရေး၊ မဆက်ဆံရေး မူဝါဒများသာ ကျင့်သုံးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချိန်က အစိုးရက တင်သွင်းခဲ့သော ဥပဒေကြမ်း မှန်သမျှကို အတိုက်အခံများက ဆန့်ကျင်ခဲ့ကြသည်။ ထိုအတိုင်းပင် အတိုက်အခံတင်ပြသမျှကိုလည်း အာဏာရအစိုးရက ဆန့်ကျင်ခဲ့သည်။ ထို့နောက် စစ်အာဏာရှင် ဦးနေဝင်းက သူ့ကိုထောက်ပင့်ပေးထားနိုင်မည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုသည်ကိုတီထွင်ကာ တပါတီအစိုးရပေါ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ၁၉၇၄ တွင် ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၈ မှစ၍ ယခု နအဖ အစိုးရက အာဏာကိုချုပ်ကိုင်ထားသည်။

မည်သို့ဖြစ်စေ ယခုဖွဲ့စည်းပုံက မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံနှင့်မတူသည်က ဥပဒေပြုအမတ်များကို အကန့်အသတ်နှင့် လှုပ်သာရှားသာရှိအောင်ခွင့်ပေးထားသည်။ ဆန့်ကျင်ကွဲပြားသည့်အမြင်များကို အတိုက်အခံအမတ်များ မည်မျှ တင်ပြနိုင်မည် ကျနော်တို့မသိကြောင်းဝန်ခံပါသည်။ စစ်တပ်၏စိတ်ထဲ လောလောဆယ် စွဲနေသည့် ဒီမိုကရေစီအမြင်ကို မည်မျှထိ ပြောင်းလဲပေးနိုင်မည်ဆိုသည်ကိုလည်း ကျနော်တို့မသိပါ။ သို့သော် ၂ဝ၁ဝ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၌ သေချာပေါက်ရှိမည့် တချက်ကိုတော့ ကျနော်တို့ပြောနိုင်ပါသည်။ ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ် စစ်တပ်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံအမတ်များ တိုင်းပြည်ကိုအတူထိုင်၍ ပူးတွဲ အုပ်ချုပ်ကြသည်ကို မြင်ကြရပေလိမ့်မည်။

ရွေးကောက်ပွဲတွင် စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်သည့် နည်းများသုံးမည်ဆိုသည်က လျှို့ဝှက်ချက်မဟုတ်ပါ။ လက်ရှိ နိုင်ငံရေးလွှမ်းမိုးချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းရန် ရွေးကောက်ပွဲရလဒ်ကို ကပြောင်းကပြန်လုပ်ပစ်ရန် နအဖနှင့် ကြံ့ဖွံ့ နည်းဗျူဟာပေါင်းစုံသုံးကြမည်ကို ကျနော်တို့ နားလည်ပါသည်။ စစ်အစိုးရက နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်များ လက်မခံသည်ကို အခြား မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများစွာကဲ့သို့ ကျနော်တို့လည်း စိုးရိမ်ပါသည်။ သို့သော် အခြားတဖက်ကကြည့်လျှင် သူတို့နာမည်ဂုဏ်သတင်းပျက်မည့် အန္တရာယ်အကြီးအကျယ်ရှိသည့်အတွက် အဆိုပါ နိုင်ငံတကာအကဲခတ်များကလည်း မြန်မာ့ရွေးကောက်ပွဲကို လာရောက် လေ့လာ အကဲခတ်လိုစိတ်မရှိမည်ကို ကြိုမြင်နေပါသည်။ ထိုသို့လာလိုက်ခြင်းဖြင့် မဲလိမ်မဲခိုးသည်ကို ထောက်ခံအသိအမှတ်ပြုရာရောက်ပါမည်။ သို့သော် တခုတော့လုပ်နိုင်ပါသေးသည်။ ဥပမာ ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ပါတီစွဲမရှိသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုကြောင်း ကော်မရှင်ထံ တရားဝင်စာတစောင် ပို့သင့်သည်။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ထိုသို့ဖွဲ့စည်းမည့် ရွေးကောက်ပွဲအကဲခတ်အဖွဲ့က ရွေးကောက်ပွဲဖြစ်စဉ်များ လွတ်လပ်မျှတရန်ဆောင်ရွက်ပေးသင့်သည်။ ထို့ပြင် ကော်မရှင်ထံ စာရေးသားတင်ပြထားသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့နှင့် သီးခြားတရားမဝင် အလွတ်သဘောဖွဲ့ထားသည့် ကိုယ်ပိုင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မျိုးလည်း ဖွဲ့စည်းထားသင့်သည်။ ထိုအဖွဲ့က ရွေးကောက်ပွဲ ဖြစ်စဉ်ကို စောင့်ကြည့်အကဲခတ်ခြင်းရော၊ မဲဆန္ဒရှင်ပြည်သူများကို ရွေးကောက်ပွဲ အကြောင်းပညာပေးလုပ်ငန်းကိုပါ လုပ်ဆောင်ရမည်။ ရွေးကောက်ပွဲ မသမာမှုများနှင့် လိမ်လည်မှုများကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းနိုင်ရေးအတွက်လည်း နိုင်ငံရေး ပါတီများ ပြင်ဆင်ထားရမည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးပြက်လုံးတခုရှိသည်။ `ခင်ဗျားမဲမပေးဘူးဆိုရင် နောက် ၄ နှစ် အတွင်းဘာမှညည်းညူမနေနဲ့´တဲ့။မြန်မာပြည်သူများသည်မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကိုခြေခြေမြစ်မြစ်သိပြီးမှ ရွေးချယ်ခြင်းဖြင့် မိမိတို့၏ ဒီမို ကရေစီအခွင့်အရေးကို ကျင့်သုံးသင့်ပါသည်။ တချိန်ထဲတွင် ကိုယ်စားလှယ်လောင်းများ ကလည်း မြန်မာနိုင်ငံတွင် ရာစုတဝက်ကျော် ကွယ်ပျောက်နေခဲ့သည့် ဒီမိုကရေစီကျင့်စဉ် များကို မြှင့်တင်ပေးနိုင်မည့် ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ထူထောင်ရန် ပြင်ဆင်ထားသင့်ကြသည်။

“ဆန္ဒလေးတွေမစောကြပါနဲ့”

by Oakkar Nyo Htay on Sunday, 20 June 2010 at 23:11

အခုတစ်လောဗျာ ရန်ကုန်မြို့တော်ကြီးမှာ နေပြီး email ဖွင့်လိုက်တာနဲ့ မိမိကိုမိမိ အတိတ်တော်လှန်ရေးကာလများဆီ ရောက်သွားလားထင်ရလောက်အောင် ဝင်လာလိုက်တဲ့ စာတွေဟာ တစ်တယ့်ကိုပဲ ရင်သိမ့်တုန်ဖြစ်ရပါတယ်။ အကြောင်းကတော့ incoming mail အများစုတွေဟာ အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေး၊ အကြမ်းဖက်မတရားအုပ်ချုပ်မှုဆန့်ကျင်ရေး စသည်ဖြင့်ပေါ့လေ တစ်ကယ့်ကို စာလုံးအနီရောင်ကြီးတွေနဲ့ စည်းရုံးရေးဆင်းထားတာဖြင့် ကြက်သီးမွေးညှင်း ထလောက်စရာပါပဲ။

ပြောထားတဲ့အတိုင်းများတသွေမတိမ်း လုပ်လိုက်ရင်ဖြင့် မြန်မာ့နိုင်ငံရေး နေ့ချင်းညချင်း နာလန်ထူတော့ မယ့်အတိုင်း ရေးသားထားတာတွေက အမိုက်စားတွေပါ။ ဘာနဲ့သွားတူလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေထဲကလိုပေါ့ဗျာ၊ အနီးစပ်ဆုံးဥပမာပေးရရင် electricity ကိစ္စလိုမျိုး၊ ပြောနေတာကတစ်ခြားဖြစ်နေတာကတစ်ခြားပါ၊ တစ်ကယ်ဆိုဒီလိုမဖြစ်သင့် တော့ပါဘူး။ အရေးကြီးတာက ဒီလိုမျိုးကိုယ့်ရဲ့အမြင်၊ ဒါမှမဟုတ် အများနှင့်သက်ဆိုင်သောအခြေအနေကို public ကိုချပြလိုက်ပြီဆိုတဲ့အခါ မှာ မှန်တာမှားတာကို ကျွန်တော်မပြောဘူးနော်၊ ကိုယ်ပြောဆိုထား တာတွေကို ကိုယ်တာဝန် ယူနိုင်မလားပဲ နှစ်ဖက်စလုံးကို အရင် ဆုံးမေးလိုက်ပါရစေ။

ယနေ့ကျွန်တော်တို့ ပြည်သူတွေ မြန်မာ့နိုင်ငံရေး ရာသီဥတုပေါ်မှီပြီး ဒီလိုမျိုးရာသီပေါ်သီးနှံလေးတွေ စားစား နေရတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဆိုတော့လည်း ဒါတွေဟာ သိပ်အဆန်းတစ်ကျယ်ကြီး မဟုတ် တော့ပါဘူး။ ဒါပေမယ့်ပေါ့နော် အခုလက်ရှိနိုင်ငံရေးအခြေအနေက အရင့်အရင်ကလို အခြေအနေမျိုး မဟုတ်တော့ဘူးဆိုတာကိုတော့ အားလုံးသတိထားကြဖို့လိုလာပါပြီ။ နိုင်ငံရေးဆိုတာက ဝတ္ထုရေးသလိုမျိုး စိတ်ကူးတွေယဉ်၊ ကိုယ်ဖြစ်ချင်သလို လိုရာတွေဆွဲရေး၊ စိတ်ကြိုက်ဇာတ်သိမ်း လုပ်လို့မရဘူးလေ။ မိမိပြောဆိုရေးသားနေတာတွေဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီဖူးဆိုလျှင် ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ဘာကိုလုပ်လုပ် ဘာတွေပြောပြော စေတနာသန့်သန့်ထား နိုင်ဖို့က အလွန်ကိုရေးကြီးပါတယ်။ စေတနာသန့်သန့်ဆိုတဲ့ စကားလုံးသုံးရခြင်းကတော့ ရင်ထဲက အမုန်း တရားတွေ မစ္ဆရိယစိတ်တွေ ဘက်လိုက်တာတွေ ကိုယ်ကျိုးကိုကြည့်မိတာတွေ ရှင်းထုတ်ထားနိုင်ကြဖို့ပါ။

အများရှေ့မှောက်မှာ ပြောကြဆိုကြပြီဆိုရင် လူ့သဘာဝအဂတိသဘော ကင်းနိုင်သမျှကင်းကြဖို့က အလွန်ပင်အရေးကြီးလှပါတယ်။ နိုင်ငံရေးလို မာယာတွေများ ကျယ်ပြောနက်နဲလှတဲ့နေရာကို မပြောနဲ့ဦး၊ သာမာန်ဝတ္ထုတစ်ပုဒ် စာလေးတစ်ကြောင်း ရေးကြရင်တောင် အဂတိမကင်းနိုင်ကြတာလေးတွေ တွေ့တွေ့နေရပါတယ်။ စာရေးတဲ့သူစေတနာလွဲရင် ဇာတ်ကောင်လေး လေးငါးခြောက်ယောက် ပါတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ဟာ လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းတစ်ခုကို အချိန်အတော်ကြာကြာ ဒုက္ခပေး ပဋိပက္ခဖြစ်စေတတ်ပါတယ်။ ဥပမာဆိုရရင်ဗျာ၊ တစ်ချို့နာမည်ကြီး စာရေးဆရာတွေ ဆရာမတွေဟာ ယောက်ျား မိန်းမ ပေါင်းသင်းဆက်ဆံရေး နဲ့ပတ်သက်ပြီး မြှောက်ပေးသလိုလို တည်ပေးသလိုလို ရန်တိုက်ပေးသလိုလိုနဲ့ အများစိတ်ဝင်စားအောင် ရေးသားရောင်းစား ကြတာလေးတွေတွေ့မိတော့ ကျွန်တော်အံ့သြမိရတယ်ခင်ဗျာ၊ ဒါကိုပဲ လက်ခုတ်လက်ဝါးတီးပြီး အောက်ကဝိုင်းအားပေးတဲ့သူတွေတွေ့တော့လည်း ပိုလို့တောင်အံ့သြမိရပြန်ပါသေးတယ်။ တွေးမိသွားတာက အော်… လူတွေလူတွေ ယောက်ျားနဲ့မိန်းမ တစ်ကယ်ပဲကင်းနိုင်ကြရဲ့လားပေါ့။ စာရေးသူတွေကိုလည်း မေးချင်ပါတယ်၊ ကိုယ်ကိုတိုင်ရော ကင်းနိုင်ရဲ့လား၊ ကင်းခဲ့ရဲ့လားပေါ့။ ဘာမဟုတ်တဲ့ မိမိရဲ့ပုဂ္ဂလိကခံစားချက်တွေကို ရှေ့တန်းတင်ပြီး လူသားတွေရဲ့အတွေးအခေါ်ကို မိမိကလောင်စုတ်ချက်နဲ့တော့ အဆိပ်တွေမခတ်စေ ချင်ပါဘူး။ အင်း… ပြောရင်းပြောရင်း စာရေးဆရာတွေကို ဖဲ့သလိုဖြစ်ကုန်ပြီ။ ဒါပေမယ့်လည်း ပြောထားတာ လေးတွေတော့ မှတ်ထားလိုက်ပါနော်၊ နီးစပ်သူများရှိလည်း လက်တို့ထားလိုက်ပါ၊ ဒီ facebook ပေါ်မှာ လည်း သူတို့ရဲ့ အိုဟောင်းနေတဲ့ idea အဆွေးကြီးတွေခဏခဏတွေ့နေရတော့ ဆင်ခြင်သင့်တာ ဆင်ခြင် လို့ရအောင်ပါ။

ပြောချင်တာကမြန်မာ့နိုင်ငံအရေးပါ၊ တိုက်ဆိုင်တာလေးတွေသွားတွေ့မိတော့လည်း လွှတ်ခနဲထွက်သွား တယ်။ ကဲပြန်စလိုက်ရအောင်… လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အခြေအနေတွေက အမှားမခံတဲ့အနေအထား မှာ ရှိနေတယ်ဆိုတာအားလုံးသိစေချင်ပါတယ်။ ဟိုးအရင်ကတည်းက တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်၊ တိုင်းပြည်အသက်လေးရလာတော့ရော မုန်တိုင်းကအားကောင်းနေဆဲပါ၊ အခုတိုင်းပြည်ကြီးဟောင်းနွမ်းအို မင်းယိုယွင်းလာတဲ့အထိ မုန်တိုင်းကမငြိမ်သက်နိုင်။ ဒီလိုတွေဖြစ်နေပါလျက်နဲ့ ခင်ဗျားတို့တွေမို့ ကိုယ့် ပြည်သူပြည်သားတွေကို ပဋိပက္ခသံသရာရှည်အောင်လုပ်သူကလုပ်၊ ငါ့မှာ အာဏာပါဝါတွေရှိတာပဲ ဆိုပြီး မိဘချင်းသားသမီးချင်းကိုယ်ချင်းမစာ နှိပ်စက်ဒုက္ခပေးသူကပေးနဲ့၊ သိပ်ဟုတ်နေကြတယ်ပေါ့။ အားမနာ တမ်း ပြောရရင်တော့ ခင်ဗျားတို့တွေအကုန် တစ်ယောက်နဲ့တစ်ယောက် အတူတူပါပဲ။

နောက်ပြီး တော်လှန်ရေးသမားယောင်ယောင် နိုင်ငံရေးသမားယောင်ယောင်များကို ပြောလိုတာလေးရှိတယ် ခင်ဗျ၊ တော်လှန်ရေးဆိုတာက နိုင်ငံရေးပြဿနာအားလုံးကိုဖြေရှင်းလို့ရတဲ့ formula မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ဆီမှာရော တော်လှန်ရေး ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတာတစ်ခုကပဲ ပြောင်းအလဲဖြစ်စေမှာလား။ ခင်ဗျားတို့ပြောတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၆၀) နီးပါးရှိတယ်၊ စစ်အစိုးရက အဲဒီ သန်း (၆၀) လုံးကို ထောင်ချလို့မရဘူး၊ ပစ်သတ်လို့မရဘူး၊ ဘာကိုကြောက်နေမှာလဲဆိုတဲ့ စကားလုံးတွေဟာ တာဝန်မဲ့ရာ မရောက်လွန်းဘူးလားဗျာ။ ဒီမှာ ဒီလိုပုံစံမျိုး အလုပ်မဖြစ်ဖူးဆိုတာ အားလုံးအမြင်ပါပဲ။ နှစ်ပေါင်း (၂၀) ရှိပြီနော် လုံးဝကိုအလုပ်မဖြစ်ခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတာကိုလည်းနောက်နောင် ရှင်းပြပါ့မယ်။ ပြီးတော့ဖြစ်ခဲ့သမျှ လူထုလှုပ်ရှားမှုတွေကိုလေ့လာပါ၊ ပါဝင်သူတွေအားလုံးကိုဖမ်းစီးပစ်သတ်ပြီး ငြိမ်ကျ သွားအောင် လုပ်လိုက်တာမဟုတ်ပါဘူး၊ အရေးကြီးပြီး ခေါင်းဆောင်နိုင်သူများကိုပဲ ရွေးထုတ်ပြီးပွဲသိမ်းပေး လိုက်တာပါ။ ဒီမှာ ဘာသင်္ခန်းစာယူရမလဲဆိုလျှင် လူဦးရေသန်း (၆၀) ကိုဦးဆောင်မယ့် အရေအတွက်နဲပါး လှတဲ့ ခေါင်းဆောင်တွေအတွက် ထောင်ရော၊ ကျည်ဆံရော၊ ဝါးရင်းဒုတ်ပါ အလုံအလောက် ရှိနေတယ် ဆိုတာပါပဲ။ ဒီတော့ ဦးဆောင်မယ့်သူတွေမရှိတော့ရင် ဒီ သန်း (၆၀) ဆိုတဲ့သူတွေ ဘာဆက်လုပ်ကြမလဲ။ ဒုံရင်းကဒုံရင်းပါပဲနော်၊ ခေါင်းဆောင်မယ့်သူတွေ တိမ်းပါးသွားတာပဲရှိမယ်၊ နောက်ဆုံးရလဒ်ဟာ အောင်မြင် မှု ဆိုတာထက် ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့ပဲ အဆုံးသပ်ရမှာပါ။

အခုဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်ရေးကို ကျွန်တော်အားမပေးတာ ခင်ဗျားတို့ရိပ်မိလောက်ပြီ၊ အပေါ်မှာ ပြောထားတာတွေကို ခင်ဗျားတို့နားမလည်ခဲ့ရင်တော့ ကျွန်တော့်ကို တော်တော်သတ္တိနည်းတာပဲလို့ ဝေဖန်ကြမှာပဲ။ ကိစ္စမရှိဘူး၊ ကျွန်တော်ဆက်ပြောဦးမယ်။ ခင်ဗျားတို့ တိုက်ပွဲ တိုက်ပွဲနဲ့ ခဏခဏပြောနေ တော့လည်း တိုက်ပွဲပေါ့ဗျာ၊ ဒီတိုက်ပွဲတွေကို ခင်ဗျားတို့ ဘယ်လိုတွေတိုက်ခဲ့ကြလည်း၊ ဘယ်အပိုင်းက အောင်မြင်ပြီး ဘယ်အပိုင်းတွေ ကျရှုံးခဲ့ကြလည်း၊ ကိုယ့်ဘက်က ဘာတွေပေးဆပ်လို့ ကိုယ်ဘာတွေပြန်ရ လိုက်လည်း၊ ပြန်ဆန်းစစ်ခဲ့ဖူးပါသလား၊ ဒါမှလည်း နောက်နောင်တိုက်မယ့် တိုက်ပွဲတွေမှာ အရင်က သင်္ခန်းစာတွေ အတွေ့အကြုံတွေကို ပြန်လည် အသုံးချနိုင်မှာပေါ့၊ ဟုတ်တယ်နော်။ အခုရော တိုက်ပွဲခေါ်သံ တွေကသာ ဆူညံနေတယ်၊ ခင်ဗျားတို့မှာ strategy ရောသေသေချာချာရှိကြရဲ့လား၊ အရင်ကလိုပဲ killing field ထဲမှာ ကျားထိုးတက်တက်ကြဦးမှာလား။ ခင်ဗျားတို့ကို ကျွန်တော်သတိပေးနေတာ ဒီကိစ္စတွေက နှဖူးတောက်ကြေး ထုပ်စီးတိုးတမ်းကစားနေတာ မဟုတ်လို့နော်၊ ဒီနေရာမှာ လောင်းကြေးကဘယ်လောက် မြင့်လည်းဆိုတာ ခင်ဗျားတို့အသိ။

ထိပ်တိုက်တွေ့မှ တိုက်လို့ရတာမဟုတ်ပါဘူး၊ တစ်ခြား strategy တွေအများကြီးရှိပါသေးတယ်။ စစ်မြေပြင် မှာဆိုလျှင်လည်း အားအားနေ ဘယ်သူမှကျားထိုးတက် တက်မနေကြပါဘူး။ ခြုံခိုတိုက်သင့်တိုက်တယ်၊ ပြောက်ကျားစနစ်သုံးသင့်သုံးတယ်၊ အင်အားသုံးခြေမှုန်းရေးလုပ်သင့်ရင်လုပ်တယ်၊ ဝါဒဖြန့်သင့်တန်ဖြန့် လုပ်ကြတယ်၊ စသည်ဖြင့်ပေါ့လေ နည်းဗျူဟာတွေပြောရင်ဖြင့် များပြားလှပါတယ်။ အခုကျွန်တော့်ကို ဘယ်နည်းတွေနဲ့များတိုက်လို့ရသေးလည်း မေးချင်ကြမှာပါပဲ။ (၂၀၁၀) ခုနှစ်မှာ တိုက်ပွဲပုံစံကပြောင်းလည်း သွားပါပြီ။ အကွက် (၁၀၀) မှာ တစ်ကွက်ဖယ်ပေးရင် အဲဒီတစ်ကွက်ကို အမိအရယူရမှာက ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်လာပြီလေ။ အခုဆိုရင်ဗျာ (၁၀၀) မှာ (၂၅) ကွက်ကိုငါတို့ထိန်းမယ်၊ ကျန်တဲ့ (၇၅) ကွက်ကို မင်းတို့ယှဉ်ပြိုင်ပြီးယူကြ၊ ငါတို့လည်း အဲဒီ (၇၅) ကွက်ထဲမှာရသလောက်မင်းတို့နဲ့ယှဉ်ဦးမယ်၊ ဒီတော့ ကျွန်တော်တို့တစ်တွေ စောစောကခင်ဗျားတို့ပြောတဲ့ ပြည်သူလူထု သန်း (၆၀) ရဲ့အင်အားနဲ့ အဲဒီ (၇၅) ကွက်ကိုအရယူရမယ့်ခြေအနေရောက်လာပြီလေ။ နောက်ထပ်ကျန်တဲ့ (၂၅) ကွက်ရောလိုချင်သေးလား၊ ဖြစ်နိုင်တာပေါ့ဗျာ၊ လောကကြီးမှာ မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာဘာမှမရှိဘူး၊ အားလုံးအတွက် ပြင်းထန်ခိုင်မာတဲ့ယုံကြည်မှု၊ ဇွဲလုံ့ဝရိယနဲ့ အချိန်အတိုင်းအတာတစ်ခုပဲလိုမယ်၊ ဒီ (၂၅) ကွက်ကိုဘာများ မှုစရာလိုသလဲ။ အဓိကက ကိုယ်လိုချင်တဲ့ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အသွင်ကိုယူပါ၊ ယုံကြည်မှုတည်ဆောက်ပါ၊ ကိုယ့်ဖက်ပါလာအောင် စည်းရုံးပါ၊ အင်အားကို တစ်စိပ်ရတစ်စိပ် တစ်အိတ်ရ တစ်အိတ် အရယူပါ၊ အချိန်အတိုင်းအတာကြာနိုင်တဲ့အတွက် စိတ်ရှည်သည်းခံပါ၊ ဒါဟာ အန္တရာယ်ကင်းပြီး ထိရောက်မှုပြင်းတဲ့ အနီးကပ်ခြေမှုန်းရေး ဗျူဟာတစ်ရပ်ပါပဲ၊ အရပ်သားအခေါ်ကတော့ ပူးသတ် သတ်တယ် ပေါ့ဗျာ၊ မကြာပါဘူး (၂၅) ကွက်လည်း ကိုယ့်ဖက်ပြန်ပါလာမှာပါပဲ။ ပြည်သူ့အားဆိုတာတွေကို အပေါ်မှာပြောထားသလို သုံးကြပါဗျာ၊ ခင်ဗျားတို့ အော်အော်နေသလို killing field ထဲကိုအတင်းမောင်း မသွင်းကြပါနဲ့။

လမ်းမပေါ်မထွက်သင့်ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး၊ သူ့အချိန်အခါနဲ့သူလေဗျာ၊ တစ်ဖက်ကသူတွေ သိပ်ရက်စက်တတ်သလို ခင်ဗျားတို့လည်း အဲဒီရက်စက်တဲ့လမ်းစဉ် သွားမနင်းမိပါစေနဲ့။ ကောင်းကောင်း မကောင်းကောင်း ကြိုက်ကြိုက်မကြိုက်ကြိုက် စစ်တပ်ဆိုတာက တိုင်းပြည်တိုင်းမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာရင် အာဏာရယူထိန်းသိမ်းပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသောနောက်ဆုံးပိတ်အဖွဲ့အစည်းဆိုတာကို အားလုံးနားလည်သဘောပေါက်စေချင်တယ်။ (၁၉၈၈) အရေးအခင်းနဲ့ အခုလက်ရှိအခြေအနေနဲ့လည်း သွားမရောပါနဲ့၊ (၈၈) အရေးအခင်းမတိုင်မှီက ခင်ဗျားတို့တွေဘယ်လိုပဲ စစ်အာဏာရှင်ပြောပြော အမှန် တစ်ကယ်အစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ နိုင်ငံရေးအစိုးရပါ။ အခြေအနေတွေ ရှုပ်ထွေးလွန်းတဲ့အချိန်မှာ ပြည်သူတွေကို ပါတီစုံစနစ်နဲ့မိတ်ဆက်ပေးလိုက်တာလဲ အဲဒီအစိုးရပါပဲ၊ ခင်ဗျားတို့ “ဒီမိုကရေစီ” မအော်တတ်ခင်မှာ “ပါတီစုံ” ဆိုတဲ့စကားကို သူတို့အရင်ပြောခဲ့တာပါ၊ အားလုံး မသိချင်ယောင်ဆောင်မနေပါနဲ့၊ တစ်ကယ်မသိကြရင်လည်း မှတ်ထားလိုက်ပါ၊ မယုံရင်လည်း မှတ်တမ်း တွေရှိပါတယ်၊ ပြန်လေ့လာလိုက်ပါဦး။ ဒီလိုမျိုး အစိုးရကလိုက်လျောပြီး ခင်ဗျားတို့အားလုံးအတွက် နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်ပေးဖို့စီစဉ်နေချိန်မှာ ခင်ဗျားတို့လောဘတွေကြီး အမိုက်မှောင်တွေဖုံးပြီး စိတ်ရှည်သည်းခံမှုမရှိခဲ့ကြလို့ အခုလိုသံသရာတွေရှည်နေတာပါလို့ ကျွန်တော်ပြောရင် မလွန်ပါဘူးနော်။

ရှင်းပြပါ့မယ်၊ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် သန့်သန့်လေးဖြစ်ခဲ့သင့်တာပါ၊ “ဒီမိုကရေစီဆိုတာ တောင်းယူလို့မရရင် တိုက်ယူမှရမယ်” ဆိုတဲ့စကားမျိုးတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုတာထက် တော်လှန်ရေးအသွင်ဆောင်သွားခဲ့ရပါတယ်။ ပေါ်ပေါက်လာခဲ့သင့်တာက မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ နိုင်ငံရေးသမားတွေပါ၊ စေတနာလွဲခဲ့လို့ ကျွန်တော်တို့ရလိုက်တာဟာ တော်လှန်ရေးသမားတွေပဲ ဖြစ်ခဲ့ပါတယ်။ ဒီလူတွေ ဒီအချိန်အထိ ထောင်တွေထဲမှာ အချိန်ကုန်ရတာ အင်မတန်မှ နှမျောစရာ ကောင်းလှပါတယ်။ အစိုးရနဲ့ပြည်သူ နှစ်ဦးညှိနှိုင်းပြီး နိုင်ငံရေးအရဖြေရှင်းလျှင် ရခဲ့ပါလျက်နဲ့ ခင်ဗျားတို့ တော်လှန်ရေးတွေအလုပ်ကောင်းကြ အတိုက်အခိုက်တွေကောင်းကြ နောက်ပြီး အုပ်စုဖွဲ့အနိုင်ကျင့် လူသတ်ခေါင်းဖြတ် အစိုးရပိုင်စက်ရုံအလုပ်ရုံတွေကစလို့ နောက်ဆုံးမူလတန်းကျောင်းပါမကျန် ဖေါက်ထွင်းယူကြ၊ စည်းကမ်းတွေပျက်လွန်းကြတော့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေမှာ စစ်တပ် ဝင်လာတာ မဆန်းကျယ်ပါဘူး၊ ဒီစစ်တပ်ကိုဘယ်သူမှ တင်ပေးလိုက်တာမဟုတ်ပါဘူး၊ ခင်ဗျားတို့ revolutionist တွေ ကိုယ်တိုင်ပါပဲ။ (၁၉၈၈) တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမရှိလျှင် တိုင်းပြည်ကိုတာဝန်ယူမယ့် backup government အနေနဲ့ စစ်တပ်ရှိပါတယ်၊ ဒါကြောင့်လည်း ညှိနှိုင်းမရတဲ့ခင်ဗျားတို့ကိုထားခဲ့ပြီး သူတို့အေးအေးဆေးဆေးအနားယူသွားတာပေါ့ဗျာ၊ (၈၈) အရေးအခင်းကို တစ်ကယ့်အောင်ပွဲကြီး တစ်ရပ်လိုပြောနေကြမယ်ဆိုရင် ခင်ဗျားတို့တစ်တွေ ဒီအချိန်မှာဒီလိုတွေတောင် တစ်စာစာအော်မနေရတော့ပါဘူး၊ ဟုတ်တယ်နော်။ ဒီတော့ဘယ်သူတွေ အောင်မြင်လို့ ဘယ်သူတွေကျရှုံးသွားလည်း အဖြေပြန်ထုတ်ကြည့်လို့ရနေပါပြီ။

အခုလည်း စစ်တပ်ကဦးဆောင်ပြီး အသွင်ကူးပြောင်းရေးအခြေအနေ တစ်ရပ်ကို ဖေါ်ဆောင်နေတယ်၊ ဒီအချိန်မှာ ခင်ဗျားတို့တစ်တွေ ဟိုတုန်းကလို မရိုးမရွစိတ်မရှည် ဖြစ်လာကြပြန်ပြီ၊ ခင်ဗျားတို့ တစ်ခုခု ထလုပ်လို့ကတော့ သူတို့မှာ backup government မရှိတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ခင်ဗျားတို့ ဘာလုပ်လုပ် မှုမှာမဟုတ်ပါဘူး။ နိုင်ငံတစ်ကာအသိုင်းအဝိုင်းက ချည်းကပ်လာလိုက် ပြန်ဆုတ်သွားလိုက် ဖြစ်နေတာဟာ ဒီလိုအကြောင်းပြချက်တွေပါပဲ။ သေချာတာကတော့ တိုင်းပြည်မငြိမ်သက်လေ စစ်တပ် သက်ဆိုးရှည်လေပါပဲ၊ လက်ခံတယ်နော်။ နောက်ပြီးတော့ဗျာ၊ ပတ်ဝန်းကျင်ကိုလည်း မေ့မထားပါနဲ့၊ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲကြည့်ပါ၊ ဆန္ဒပြတဲ့သူတွေကို ဘယ်လိုနှိမ်နင်းလဲဆိုတာ ခင်ဗျားတို့မြင်မှာပါ၊ ဒါတောင် အာဏာရှင် အစိုးရမဟုတ်ဖူးနော်။ ဒါကြောင့် စီးပွါးရေးဆန်ဆန်ပြောရရင် ဘာကိုပဲလုပ်လုပ် အရင်းအနှီးအနည်းဆုံးနဲ့ အမြတ်အများဆုံးရမယ့်နည်းလမ်းကိုပဲရွေးကြပါ လို့ပြောပါရစေ။

ပြည်သူ့အင်အားဆိုတာကိုဆက်ပြောပါမယ်၊ ပြည်သူ့အားဆိုတာကို လွယ်လွယ်နဲ့တော့ သွားမယူသင့်ပါဘူး၊ လွယ်လွယ်ရထားရင် လွယ်လွယ်လေးပဲပြန်ပါသွားတတ်တယ် ဆိုတာလေးတော့ သတိပြုထားရပါမယ်။ အရင်တစ်ပတ်က “(၂၀၁၀) ရွေးကောက်ပွဲ နှင့် ပြည်သူလူထုတာဝန်” ထဲမှာကျွန်တော်ပြောထားသလိုပေါ့၊ ကိုယ့်ကို ယုံကြည်ကိုးစားလာအောင်လုပ်နိုင်ရမယ်။ ဒီအတွက် စည်းရုံးရေးစွမ်းရည်နဲ့ စိတ်စေတနာ မှန်ကန်ပြည့်ဝဖို့ အရည်အချင်းတွေတော့ ခင်ဗျားတို့တွေလိုကြလိမ့်မယ်။ အဲဒီအရည်အချင်းတွေမရှိပဲနဲ့တော့ ပြည်သူလူထုကို သွားမချဉ်းကပ်နဲ့၊ မြန်မာနိုင်ငံသားတွေဟာ လိမ်ချင်တိုင်းလိမ်လို့ရအောင် မညံ့ဖျင်း ကြပါဘူး။ ကျွန်တော်ယုံကြည်ပါတယ်၊ သူတို့ဟာ မေ့မေ့ပျောက်ပျောက် ဘယ်အရာကိုမျှမထားခဲ့ကြပါဘူး၊ အဖြစ်အပျက်တိုင်းဟာသူတို့ရဲ့စိတ်အစဉ်မှာ အမြဲကိန်းအောင်နေဆဲပါ။ မြန်မာပြည်သူလူထုကို အထင် သွားမသေးပါနဲ့၊ လာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာ သူတို့ဘာလုပ်ရမယ်ဆိုတာသူတို့ ကောင်းကောင်း သိကြတယ်၊ guideline လေးနဲနဲချပြလိုက်တာနဲ့ သူတို့ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုခင်ဗျားတို့ မြင်တွေ့ ကြရလိမ့်မယ်။ ကျွန်တော်တို့ပြည်သူတွေ နှစ်တော်တော်ကြာကြာ မေတ္တာငတ်မွတ်ခဲ့ကြရတယ်၊ သူတို့ မှာနားလည်သည်းခံပေးခဲ့ရတာတွေလည်း ရင်နဲ့အပြည့်ပါပဲ၊ နေ့စဉ်အပေါ်ယံပကာသန သရုပ်ဆောင်မှုတွေ ရဲ့နောက်ကွယ်က ပြည်သူတွေရဲ့ ညည်းညူငိုရှိုက်ရသံတွေကို ခင်ဗျားတို့ကြားအောင်နားထောင်ကြည့်ကြပါ၊ သူတို့တစ်တွေအရမ်းကို ပင်ပန်းနေကြပါပြီ၊ သူတို့ကိုတစ်ချက်ကလေးနားလည်းပေးလိုက်ကြပါဗျာ။

ပြည်သူလူထုကြီးဖက်ကရော ဘာတွေပြင်ဆင်ထားရမလဲ၊ အရင်တစ်ခေါက်ကစကားတွေပဲပြန်ပြောရမှာပဲဗျာ၊ ဒါပေမယ့် ဖြည့်စွက်ချင်တာလေးတွေပေါ်လာပါတယ်၊ ပြည်ပအသံလွှင့်ဌာနတွေမှာရော ပြည်တွင်း media မှာရော နိုင်ငံရေးပါတီတွေရဲ့ စကားများအရပေါ့လေ သင်္ခန်းစာအသစ်တစ်ခုရလိုက်တာကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်ကိုအထင်သေးတဲ့သူဖြစ်မနေဖို့ အလွန်ကိုအရေးကြီးပါတယ်၊ တစ်ချို့ကပြည်သူတွေကို အထင်သေးသလို တစ်ချို့ကလည်းပြည်သူလူထုကို လေးစားတဲ့လူတွေလည်း တွေ့လိုက်ရပါတယ်။ ကိုယ်သဘောကျတဲ့သူ ကိုယ်သဘောကျတဲ့အဖွဲ့အစည်းဟာ ကိုယ့်ကိုအထင်မကြီး သူတွေလည်း ဖြစ်နေနိုင်ပါတယ်၊ ဘယ်သူဘယ်ဝါတွေရယ်လို့တော့ မပြောလိုပါဘူး၊ ဒီတော့ပြည်သူလူထု ကြီးဟာ အများကြီးလေ့လာဖို့လိုနေပါတယ်၊ ကိုယ့်ရဲ့သဘောထားတွေကို ဒီအတိုင်းဆက်ထားမလား ပြုပြင်ပြောင်းလဲမလား စဉ်းစားစရာတွေဖြစ်လာပါပြီ။ ကိုယ့်အသည်းကြားကမဲတစ်ပြားဟာ ကိုယ့်အတွက် ရော အများအတွက်ပါ တန်ဖိုးရှိတဲ့ရလဒ်တွေ ယူဆောင်ပေးနိုင်ဖို့ နိုင်ငံရေးကိုပိုမိုပြီး လေ့လာသင့်ကြတယ်လို့ ယူဆပါတယ်၊ နိုင်ငံရေးဟာ ကြောက်စရာစကားလုံးမဟုတ်တော့ပါဘူး၊ နိုင်ငံရေးကို ပစ်မထားကြပါနဲ့တော့၊ နိုင်ငံရေးပါတီများရဲ့ ပြောစကားလေးတွေ နားစွင့်ထားကြပါ။ အမိမြေဟာ ကျွန်တော်တို့အားလုံးရဲ့ အကူအညီကို လိုအပ်လို့နေပါပြီ။

လက်ရှိနိုင်ငံရေးအခြေအနေကို သရုပ်ခွဲကြည့်ရရင် နှစ်ဖက်စလုံးဟာ အမြင်မတူပဲ အတူတစ်ကွ ကျွန်း တစ်ကျွန်းပေါ်မှာ ပိတ်မိနေကြသလိုပါ။ လက်ရှိအစိုးရအတွက်ကတော့ ထိုကျွန်းပေါ်မှာ တစ်ဖက်ကမ်းကို ကူးဖို့အတွက် တံတားတွေရှိနေပါတယ်၊ ဒါပေမယ့် အတိုက်အခံတွေက တံတားတိုင်းမှာရော ရေထဲမှာပါ စောင့်ကြပ်နေတယ်လို့ သူတို့ကထင်နေပါတယ်၊ ဒီအတွက် သူတို့ဟာဘယ်တံတားကိုမှ အသုံးမပြုရဲ ကြပါဘူး၊ ဒီတော့သူတို့ safe ဖြစ်မယ့်တံတားတစ်ခုဖန်တီးယူကြပါတယ်၊ အဲဒီတံတားကပဲ တစ်ဖက်ကို သူတို့သွားဖို့ပြင်ဆင်ကြပါလိမ့်မယ်။ ပြည်သူလူထုဘက်ကကျတော့ တစ်ဖက်ကမ်းကိုကူးသွားဖို့ အစိုးရက ပိတ်ဆို့ထားတဲ့ တံတားများရယ် အစိုးရကိုယ်တိုင်ကခင်းပေးထားတဲ့ တံတားတစ်စင်းရယ်လို့ရှိနေပါတယ်။ ပြည်သူတွေအကုန်လုံး တစ်ဖက်ကမ်းကိုမြန်မြန်ရောက်ချင်ဇောနဲ့ ပိတ်ထားတဲ့တံတားများပေါ်က သွားရင် တော့ အန္တရာယ်များပါမယ်၊ ဒုက္ခအပေးခံရပါမယ်၊ ရေထဲကဆင်းကူးပြန်တော့လည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကြားမှာ အကျိုးနည်းကြဖို့ပဲရှိပါတယ်၊ ရွေးချယ်စရာတွေဒီလို များပြားလှပေမယ့် ပန်းတိုင် မရောက်ခင် ကိုယ့်ဆီအရင်ရောက်လာမှာကတော့ ကြေကွဲဖွယ်ရာတွေပါ။ ခင်းပေးထားတဲ့တံတားက သွားကြရင်တော့ ကျဉ်းတာကြပ်တာတော့အမှန်ပါပဲ၊ စိတ်ရှည်ရှည်ထားပြီး တစ်ဦးချင်းကျော်ဖြတ်သွား ရင်တော့ တစ်နေ့မှာ အားလုံးလွတ်မြောက်မှာမလွဲပါဘူး။

ခင်ဗျားတို့ကိုကြည့်ပြီး ကျွန်တော်ဘာသွားသတိရလည်းဆိုတော့ တစ်ချိန်ကနိုင်ငံတော်သမ္မတဟောင်း ဦးမောင်မောင် ပြည်သူလူထုတစ်ရပ်လုံးကို မေတ္တာရှေ့ထားပြီး ပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ခင်ဗျားတို့ကို ဒီအချိန်မှာပြောမယ့်သူ မရှိလို့ ကျွန်တော်ကပဲ လက်ဆင့်ကမ်းလိုက်ပါရစေ၊ “ဆန္ဒတွေမစောကြပါနဲ့” လို့။
တိုင်းရေးပြည်ရေးဆိုတာက သွေးပူလို့မရဘူးလေနော်၊ ကဲဗျာ သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ တစ်ဖက်ကမ်းကို ရောက်ဖို့က အဓိကမဟုတ်လား၊ တံတားတစ်စင်းတည်းရှိလည်း ဦးစားပေးသင့်သူတွေကိုပေးပြီး ကျွန်တော်တို့တွေ ညီညီညွတ်ညွတ်နဲ့ ဖြတ်ကူးလိုက်ကြရအောင်လား။

စာပေဟောပြောပွဲ (မလေးရှား)

Follow

Get every new post delivered to your Inbox.

Join 6,326 other followers

%d bloggers like this: